Sunday, July 31, 2016

စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံအမှုအမှတ် (၂)နှင့် (၃)အား အပြီးသတ်အမိန့်ချမှတ်


Myanmaalinn's photo.
 နေပြည်တော် ဇူလိုင် ၃ဝ

ကချင်ပြည်နယ် မချမ်းဘောမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးရားဝမ်ဂျုံအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစော နွဲ့ခွန်ဆိုင်ခမ်း၏ ရွေးကောက်ပွဲကန့်ကွက် လွှာအမှုကို ၂ဝ၁၆ ခုနှစ် မေ ၃ဝ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂) ကချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အပေါ် ဦးစောနွဲ့ခွန် ဆိုင်ခမ်းက ကျေနပ်မှုမရှိသဖြင့် အယူခံ မှုတင်သွင်းလာရာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၂/၂ဝ၁၆) ဖြင့် လက်ခံခဲ့သည်။
အယူခံတင်သွင်းခြင်း ကိစ္စနှင့် စပ်လျဉ်း၍ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၉ ရက် တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ကချင်ပြည်နယ် မချမ်းဘော မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးရားဝမ်ဂျုံအား ရွေးကောက်တင် မြှောက်ခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်ဖြစ်သည်ဟု မူလရွေးကောက်ပွဲ ခုံအဖွဲ့(၂)၏ ဆုံးဖြတ်ချက်ကို အတည်ပြု ကြောင်း စရိတ်နှင့်တကွ ပယ်သည့် အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ကချင်ပြည်နယ် ဆော့လော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါ်လွမ်းလမ်းအပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးစံဝေခေါင်လွမ်း၏ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုကို ၂ဝ၁၆ ခုနှစ် မေ ၃၁ ရက်တွင် ရွေးကောက် ပွဲခုံအဖွဲ့(၂)က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်)အပေါ် ဦးစံဝေခေါင်လွမ်းက ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်း လာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၃/၂ဝ၁၆)ဖြင့် လက်ခံခဲ့သည်။
အယူခံတင်သွင်းခြင်း ကိစ္စနှင့် စပ်လျဉ်း၍ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၉ ရက် တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ကချင်ပြည်နယ် ဆော့လော် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေါ်လွမ်းလမ်း ရွေးကောက်တင်မြှောက် ခံရခြင်းသည် အတည်ဖြစ်သည်ဟု မူလရွေးကောက်ပွဲခုံအဖွဲ့(၂)၏ ဆုံးဖြတ် ချက်ကို အတည်ပြုကြောင်း စရိတ်နှင့် တကွပယ်သည့် အပြီးသတ်အမိန့်ချမှတ် ခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment