Saturday, July 2, 2016

ဂန္ထဝင် သက်ကြီးဂီတပညာရှင်ကြီးများအား ဆဋ္ဌမအကြိမ်မြောက် ပူဇော်ကန်တော့




The Mirror Daily's photo.
ရန်ကုန် ဇူလိုင် ၁

ခေတ်အဆက်ဆက် ဂန္ထဝင် သက်ကြီး ဂီတပညာရှင်များ အသက် (၈ဝ) အထက် ဆရာကြီး ဆရာမကြီးများ အား ဆဋ္ဌမအကြိမ်မြောက် ပူဇော် ကန်တော့ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ပြည်လမ်းရှိုဃြ ခန်းမ၌ ကျင်းပရာ ကန်တော့ခံ ဆရာကြီး ဆရာမကြီး ၆၄ ဦး တက် ရောက်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)မှ ဥက္ကဋ္ဌ ဦးတင်ဦးလေးက ''ဒီနေ့ပွဲမှာ တက်ရောက်လာကြတဲ့ ဂန္ထဝင် ဂီတပညာရှင်ကြီးတွေဟာ အသက် (၈ဝ) အထက်ရှိကြပါပြီ။ ပြီးခဲ့တဲ့ ပဉ္စမအကြိမ်မြောက် ပူဇော်ကန်တော့ပွဲမှာတုန်းကတော့ သက်ကြီးဂီတပညာရှင် ၆၅ ဦး ရှိခဲ့ ပါတယ်။ အဲဒီနောက်ပိုင်း ၁ဝ ဦး ကွယ်လွန်ခဲ့ပြီး အခုဒီနေ့ပွဲမှာ ကိုးဦး ထပ်တိုးလာတော့ စုစုပေါင်း ၆၄ ဦး ကို ကန်တော့နိုင်တာပါ၊ မြန်မာ့ဂီတ လောကမှာ ကြွေလွင့်သွားတဲ့ ဂီတ ပညာရှင်ကြီးတွေရှိသလို အသက် ကြီးရင့်လာပြီး ထပ်တိုးလာတဲ့ ဂီတ ပညာရှင်ကြီးတွေလည်း ရှိပါတယ်။ ဒီပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ နောင်လာနောက်သား ဂီတလောက သားတွေက ဂါရဝတရားရှေ့ထားပြီး ထောက်ပံ့ပူဇော်သွားမှာပါ'' ဟု ပြောကြားသည်။

အဆိုပါ ဂန္ထဝင် သက်ကြီးဂီတ ပညာရှင်များ ပူဇော်ကန်တော့ပွဲ၌ မြန်မာ့ဂီတလောကနှင့် စတူဒီယို ဌာနများ၊ နာမည်ကြီးအဆိုတော်များ၊ ပြည်တွင်းရုပ်သံနှင့် အသံလွှင့်ဌာန များမှ သက်ကြီး ဂီတပညာရှင်များ အဖွဲ့အား အလှူငွေများ အသီးသီး ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် သက်ကြီး ကန်တော့ခံ ဆရာကြီး ဆရာမကြီးများအား တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြသည်။

ဆက်လက်၍ အပူဇော်ခံသက်ကြီး ဂီတပညာရှင်ကြီးများဖြစ်သော အဘ ဗိုလ်ကလေးတင့်အောင် (ဦးတင့်အောင်)၊ တေးသံရှင် ဒေါ်မာမာဝေ၊ ဒေါ်မာမာအေး၊ ဂီတနက်သန် ဦးအုန်းလွင်၊ တေးသံရှင် ဒေါ်လီလီ ကြာညွန့်၊ တေးသံရှင် ဦးမောင်မောင် ကြီး၊ ဦးမြင့်စိုး(မြင့်စိုး-ရုပ်ရှင်)နှင့် အခြား နိုင်ငံတော်အဆင့်အသိ အမှတ်ပြုခံရသော ဂန္ထဝင် ဂီတပညာ ရှင်ကြီးများ၏ အမည်စာရင်းနှင့် အတ္ထုပ္ပတ္တိများအား ဖက်ကြားဂုဏ်ပြုခဲ့ကာ တက်ရောက်လာကြသော ဂီတလောကမှ ပညာရှင်များက ကန်တော့ခံဆရာကြီး ဆရာမကြီးများအား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြပြီး ကန်တော့ခံ သက်ကြီး ပညာရှင်တစ်ဦးက သြဝါဒ စကားချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ(စိုးဝင်း-MLA)

No comments:

Post a Comment