Saturday, July 2, 2016

ကျူးဘားကိုယ်စားလှယ်အဖွဲ့အား ကင်ဂျုံအန် လက်ခံတွေ့ဆုံ




The Mirror Daily's photo.
ပြုံယမ်း ဇူလိုင် ၁

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် ကျူးဘားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန် ထပ်မံကတိပြုခဲ့သည်။

ကင်ဂျုံအန်သည် ကျူးဘား ဒုတိယသမ္မတ ဆလ်ဗာဒေါ်ဗားလက်စ် မီဆာ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ကို ပြုံယမ်းမြို့၌ ဇွန် ၃ဝ ရက် တွင် လက်ခံတွေ့ဆုံခဲ့သည်ဟု မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ၏ ရိုဒန်ဆင်မွန် သတင်းစာက ဇူလိုင် ၁ ရက်တွင် ရေးသားဖော်ပြသည်။ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အနာဂတ်တွင် ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း ကင်ဂျုံအန်၏ ပြောကြားချက်ကို သတင်းစာက ကိုးကားဖော်ပြသည်။

နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေး ဆက်လက်တိုးတက်စေရေးအတွက် ကျူးဘားနိုင်ငံက မူဝါဒတစ်ရပ် ချမှတ်ထားကြောင်း ဗားလက်စ် မီဆာက ပြန်လည်ပြောကြားသည်။ကင်ဂျုံအန်အနေဖြင့် ယခုကဲ့သို့ ပြည်ပမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးကို လက်ခံတွေ့ဆုံခြင်းမှာ လွန်ခဲ့သည့် အောက်တိုဘာလမှစ၍ ပထမဆုံး အကြိမ်ဖြစ်သည်။ ကင်ဂျုံအန်သည် ကျူးဘားကိုယ်စားလှယ်အဖွဲ့ကို လွန်ခဲ့သည့် ၂ဝ၁၅ ခုနှစ်ကလည်း လက်ခံတွေ့ဆုံခဲ့ဖူးသည်။

ကျူးဘားနိုင်ငံသည် လွန်ခဲ့သည့် နှစ်မှစ၍ ၅၄ နှစ်ကြာ အဆက်အသွယ် ပြတ်နေသည့် အမေရိကန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို ပြန်လည်ဆက်သွယ်ခဲ့သည့် နိုင်ငံဖြစ်သည်။ထို့ပြင် ကျူးဘားတော်လှန်ရေးပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အနေဖြင့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး သည်လည်း ဇွန်လတွင် ကျူးဘားနိုင်ငံ ဟာဗားနားမြို့တော်သို့ သွားရောက်ခဲ့သည်။

နိုင်ငံရေး လေ့လာသုံးသပ်သူများက ကင်ဂျုံအန်သည် ယခုကဲ့သို့ ကျူးဘား ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံခြင်းမှာ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံနှင့် ဆက်ဆံရေးမှာ အရေးပါခြင်းကြောင့် ဖြစ်သည်ဟု ဆိုကြသကဲ့သို့ တောင်ကိုရီးယားနိုင်ငံက ကျူးဘားနိုင်ငံကို ချဉ်းကပ်နေခြင်းမှ တားမြစ်လိုခြင်း ကြောင့်လည်းဖြစ်သည်ဟု သုံးသပ်ကြသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment