Sunday, July 31, 2016

နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲအပေါ် စာတမ်းရှင်များ၏ သဘောထားအမြင်များ



The Mirror Daily's photo.


တွေ့ဆုံမေးမြန်း- ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ- ဇော်မင်းလတ်

ရန်ကုန် ဇူလိုင် ၃ဝ

ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ပထမအကြိမ် နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲကို ယနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ စာတမ်းရှင်များဖြစ်ကြသည့် ဦးသန်းဌေး(သင့်နော်)၊ ဦးကျော်ဇံလှ(ညီစေမင်း)နှင့် ဦးအောင်မြင့်ဦး (အောင်မြင့်ဦး-လူထု)တို့၏ နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲအပေါ် သဘောထားအမြင်များကို မြန်မာ့သတင်းစဉ်က ကောက်နုတ်စုစည်းတင်ပြလိုက်ရပါသည်။

ဦးသန်းဌေး(သင့်နော်)

လက်လှမ်းမီသမျှ မြန်မာ့နိုင်ငံရေး စာပေအင်အားစုသို့ ချဉ်းကပ်ခြင်း စာတမ်းကိုဖတ်ပါမယ်။ ဒါကတော့ သမိုင်းကိုမမေ့အောင်လို့ပါ။ ရတနာပုံခေတ် မင်းတုန်းမင်းကနေ ဒီကနေ့အထိ အဲဒီကာလအတွင်း အပိုင်းအခြားမှာဖြစ်ခဲ့တဲ့ နိုင်ငံရေးစာပေ အင်အားစုတွေအကြောင်းကို တင်ပြခြင်းအားဖြင့် သမိုင်းကိုလေ့လာတဲ့ အခါမှာ အလွယ်တကူရှိနိုင်မယ်။ ဒီစာတမ်းကနေ သဲလွန်စရနိုင်ပါတယ်။ နိုင်ငံရေးစာပေဆိုတာလိုတယ်။တိုင်းပြည်ကို လွတ်လပ်အောင်လုပ်ခဲ့သလို တိုင်းပြည်ကို ပြန်လည်ထူထောင် တဲ့နေရာမှာလည်း လူငယ်အင်အား အများကြီးလိုတော့ လူငယ်တွေ နိုင်ငံရေးနဲ့ပတ်သက်နိုင်ရင်၊ ကိုယ်ကျိုး စွန့်နိုင်ရင်၊ ပရဟိတလုပ်နိုင်ရင် အများကြီးတိုးတက်လာနိုင်ပါတယ်။ အချိန်တိုအတွင်းမှာ တိုးတက်လာနိုင်ပါတယ်။ စာတမ်းဖတ်ပွဲတွေကို ဒီထက် ပိုပြီး ကျယ်ပြန့်အောင် လုပ်ပေးနိုင်ရင် ပိုကောင်းပါမယ်။ လူတွေသိလေ ပိုကောင်းလေပေါ့။

ဦးကျော်ဇံလှ (ညီစေမင်း)

နိုင်ငံရေးစာပေများက ပြောတဲ့ တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုများအကြောင်းစာတမ်းကို ဖတ်ပါမယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က (၂၁)ရာစု ပင်လုံညီလာခံခေါ်မယ်ဆိုတော့ မြန်မာနိုင်ငံထဲမှာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေက အများကြီးပေါ်ပေါက်နေတယ်။ အဲဒီထဲမှာ တချို့တိုင်းရင်းသားတွေဆို အဖွဲ့နှစ်ဖွဲ့၊ သုံးဖွဲ့တောင်ရှိတယ်။ အဲဒီ သမိုင်းကြောင်းတွေကို ဒီထဲမှာရှာဖွေ ရေးသားတာပါ။ အရင်စာပေပွဲတော်တွေမှာ စာတမ်းတွေဖတ်ခဲ့ပါတယ်။ နိုင်ငံရေး စာတမ်းဖတ်ပွဲဆိုတာ ဒီခေတ်မှာပေါ်လာတော့ အထူးကြိုဆိုပါတယ်။ ပြန်ကြားရေးဝန်ကြီး ဌာနကဦးစီးပြီး ကျင်းပပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ စာတမ်းဖတ်ပွဲမှာ လူငယ်ကျောင်းသား တွေအနေနဲ့ နိုင်ငံရေးစာပေ အတွေ့အကြုံတွေ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကဦးစီးပြီး စာတမ်းဖတ်ပွဲတွေ နှစ်စဉ်ကျင်းပပေးရင် ပိုကောင်းမယ်လို့ ပြောချင်ပါတယ်။

ဦးအောင်မြင့်ဦး(အောင်မြင့်ဦး-လူထု)

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မိန့်ခွန်းများထဲမှ နိုင်ငံရေးအဘိဓမ္မာ စာတမ်းကို ဖတ်ပါမယ်။ မိန့်ခွန်းတွေ က များတယ်။ ၁ဝဝ လောက်ရှိတယ်။ ပြည်တွင်းငြိမ်းချမ်းရေး မိန့်ခွန်းက ပြည်တွင်းစစ် ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်မှာ ပြည်တွင်းစစ် စဖြစ်တယ်။ ဆရာကြီးက ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးကိုဖွဲ့ပြီး နာယက အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှား ခဲ့တယ်။ အဲဒီမိန့်ခွန်းတွေကိုပြန်ပြီး ကောက်နုတ်ဖတ်ထားပါ။ (၂၁)ရာစု ပင်လုံညီလာခံကိစ္စတွေ မလုပ်ခင် ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဆရာကြီး က အရင် ဘယ်လိုလုပ်ခဲ့သလဲဆိုတာကို ရှာဖွေခဲ့တယ်။

မိန့်ခွန်းတွေပြန်စုပြီး စာတမ်းတစ် စောင်အနေနဲ့လုပ်လိုက်တာပါ။ နောင်တစ်ချိန်ကျရင် မိန့်ခွန်းပေါင်းချုပ် သဘောမျိုးလည်းလုပ်ပါမယ်။ ကျင်းပ ရတဲ့ရည်ရွယ်ချက်က ကောင်းပါတယ်။ လူငယ်မျိုးဆက်သစ် တွေလည်း လွတ်လွတ်လပ်လပ် စာဖတ်နိုင်၊ ပြောနိုင်၊ ဆိုနိုင်ကြတာကိုး၊ အရင်အစိုးရ လက်ထက်မှာ ဖတ်ဖို့စာအုပ်တွေက ရှားပါတယ်။ မိတ္တူကူးတာတို့ အင်တာနက်ကရှာရတာ။ အခုက ပွင့်လင်းလာပြီ။ ထုတ်ချင်တာထုတ်လို့ရလာပြီ။ ဒါပေမယ့် စာဆိုတာကလည်း အကျိုး ပြုတာနဲ့ အကျိုးမပြုတာ ရှိသေးတာ၊ လူငယ်တွေကို စာပေလေ့လာဖို့ စာကြည့်တိုက်တွေက တတ်နိုင်သလောက် လှုံ့ဆော်ပြီးပြောရမှာပဲ။ နိုင်ငံရေးစာပေ စာအုပ်တွေအများကြီး ထွက်နေပါပြီ။ ဒီစာအုပ်ရေးသား သူက စာရေးဆရာလား၊ သတင်းစာ ဆရာလား။ ဘယ်သူဖြစ်ဖြစ် နောက်ခံကိုသိရမှ သူ့လှုပ်ရှားမှုကိုသိမှာ၊ အမှန်အတိုင်း ယုံကြည်လို့ရမှာ။ တချို့က ဘက်လိုက်တာရှိတယ်၊ အစိုးရဘက်က ရပ်တာနဲ့ အတိုက်ခံဘက်ကရပ်တာနဲ့ အဓိကကတော့ ပြည်သူဘက်ကရပ်တဲ့ စာပေသမားကိုပဲလိုချင်တာ။

No comments:

Post a Comment