Sunday, July 3, 2016

ကရင်ပြည်နယ် လေးကစ်ကော်မြို့သစ်တွင် တန်ဖိုးနည်းအိမ်ရာ ၂၁၃ လုံး တည်ဆောက်ပြီးစီးခဲ့ပြီး နေအိမ် အလုံး ၁ဝဝ ထပ်မံတည်ဆောက်လျက်ရှိ


The Mirror Daily's photo.
နေပြည်တော် ဇူလိုင် ၂
အိမ်ရာများတည်ဆောက်ပေးခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သကဲ့သို့ ဒေသခံပြည်သူများကလည်း ရေရှည်တည်တံ့ခိုင်မြဲအောင် ပြုပြင်ထိန်းသိမ်း၍ စည်ကားသိုက်မြိုက်အောင် နေထိုင်သွားကြရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ဇွန် ၃ဝ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ် သထုံမြို့နယ်ရှိ သုဓမ္မဝတီမြို့သစ်၌ နယ်စပ်ရေးရာဝန်ကြီးဌာနက ဒေသခံပြည်သူများအတွက် တည်ဆောက်ပေးထားသော တန်ဖိုးနည်းအိမ်ရာ အလုံး ၅ဝ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ပြောကြားသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကစ်ကော် မြို့သစ် စီမံကိန်းရှင်းလင်းဆောင်သို့ရောက်ရှိရာ တာဝန်ရှိသူများနှင့် ကရင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်တို့က မြို့သစ်စီမံကိန်း တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ တည်ဆောက်ဆဲ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် စီမံကိန်းဆိုင်ရာကိစ္စရပ်များကို မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များမှာကြားခဲ့ပြီး လေးကစ်ကော်မြို့သစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
လေးကစ်ကော်မြို့သစ်သည် ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာ အုပ်စု ရသေ့ဂူရွာ၏ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး ဖလူးဒေသတွင် ယခင်ဖြစ်ပွားခဲ့သောစစ်ပွဲများကြောင့် နေရပ်စွန့်ခွာသွားခဲ့ကြ သည့် ဒေသခံတိုင်းရင်းသားများကို ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် မှုဖြင့် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ အဆိုပါမြို့သစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစီအစဉ်ဖြင့် တန်ဖိုးနည်းအိမ်ရာ ၂၁၃ လုံး တည်ဆောက်ပြီးစီးခဲ့ပြီး ကရင်ပြည်နယ်အစိုးရနှင့် နီပွန်ဖောင်ဒေးရှင်းတို့ပူးပေါင်းဆောင်ရွက်မှုဖြင့် နေအိမ်အလုံး ၁ဝဝ တည်ဆောက် ရေးဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ပြည်နယ်အစိုးရအဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာအသီးသီးအစီအစဉ်ဖြင့် မြဝတီ-မယ်ထော်သလေး-လေးကစ်ကော်-ရသေ့ဂူ ကတ္တရာလမ်းကိုလည်းကောင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းနှင့် ဂါလန် ၄၅ဝဝဝ ဆံ့ ရေလှောင်ကန်ကို လည်းကောင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများကို လည်းကောင်း၊ 22 KV ဓာတ်အားလိုင်းကို လည်းကောင်း၊ စာသင်ကျောင်းဆောက်လုပ်ရေးလုပ်ငန်းများကို လည်းကောင်း တည်ဆောက် ပြီးစီးခဲ့ပြီး တိုက်နယ်ဆေးရုံရရှိရေးအတွက် လျာထားတင်ပြထားကြောင်းနှင့် အဆိုပါမြို့သစ်တွင် အိမ်ထောင်စု ၄၆၂ စု၊ (လူဦးရေ ၁၇ဝဝ ခန့်) အခြေချ နေထိုင်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ညနေပိုင်းတွင် မြဝတီမြို့နယ်ရှိ အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၅၇)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၄၃)တွင် တက်ရောက်နေကြသော သင်တန်းသူ ၄၉ ဦး သင်တန်းတက်ရောက်သင်ကြား နေမှုများကို ကြည့်ရှုခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းဝင်းအတွင်းရှိ သင်တန်းသူအိပ်ဆောင်များ၊ စားရိပ်သာများ၊ စားဖိုဆောင်များကို ကြည့်ရှု စစ်ဆေးသည်။
ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့်တွေ့ဆုံ၍ ကရင်ပြည်နယ်တွင် ဆောင်ရွက် လျက်ရှိသည့် နယ်စပ်ဒေသ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်နှင့် ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေ အနေများအပေါ် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဘားအံမြို့တွင် ဖွင့်လှစ်ထားသော အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များ စက်မှုလက်မှုသင်တန်းကျောင်းများသို့ သွားရောက်၍ သင်တန်းသားများ သင်ကြားလေ့ကျင့်ပေးနေမှု၊ နေထိုင်စားသောက်မှုနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း ဆောင်ရွက်ထားမှုများကို လိုက်လံစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment