Friday, July 1, 2016

ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲနှင့် အနုပညာအော်စကာ ပြည်သူ့ရင်မှာပျော်စရာ၊ ဆန်းသစ်ဝေစည် ရွှေပန်းချီ နှစ်ပါးသွားဖျော်ဖြေပွဲကျင်းပ



The Mirror Daily's photo.


ရန်ကုန် ဇွန် ၃ဝ

၂ဝ၁၆ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ ချုပ်က ကြီးမှူးကျင်းပသည့် ''၂၁ရာစု ဆင်ယင်မှုအထူးပြုပြင် အလှသဘင် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲနှင့် အနုပညာအော်စကာ ပြည်သူ့ရင်မှာ ပျော်စရာ၊ ဆန်းသစ်ဝေစည် ရွှေပန်းချီ နှစ်ပါးသွား ''စသည့် အစီအစဉ်ပေါင်း စုံလင်စွာဖြင့် ကျင်းပသည့် ဖျော်ဖြေပွဲ ကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန် မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

''မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့အနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေပါတယ်။ မြန်မာအမျိုးသမီးများနေ့ဆိုတဲ့အတိုင်း အမျိုးသမီးတွေအနေနဲ့ ထိန်းသိမ်းနိုင် တဲ့၊ ထိန်းသိမ်းရမယ့်ကိစ္စကို ပေါ်လွင်အောင် ပြနိုင်တာတွေအနက် တစ်ခုကတော့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပဲ ဖြစ်ပါတယ်။ ဒါလေးကို ဒီလိုပွဲတွေမှာ ပြည်သူချစ်တဲ့ သရုပ်ဆောင်တွေက ဝတ်ဆင်ပြတဲ့အခါကျတော့ အဲဒီလို ဝတ်စုံလေးကို အမျိုးသမီးတွေ လိုက်ဝတ်ကြမယ်ဆိုရင် အမျိုးသမီး ရေးရာအဖွဲ့ချုပ်က ပေးချင်တဲ့ရည်ရွယ်ချက် အောင်မြင်ပါတယ်။ အလုံးစုံ မအောင်မြင်ရင်တောင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ အချည်းနှီးမဖြစ် ဘူးလို့တော့ ယုံကြည်ပါတယ်'' ဟု ပွဲစီစဉ်ရာတွင် ပါဝင်သူ စာရေးဆရာမ ခင်ဦး(ခင်မေခ)က ပြောသည်။

မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုကို နှစ်စဉ်ကျင်းပခဲ့သည့် အကျိုးဆက်ကြောင့် ရိုးရာဝတ်စုံ များကို ခေတ်စနစ်နှင့်အညီ ဖန်တီးထားသည့် ဝတ်စုံများ ခေတ်စားလာခဲ့ရာ ယနေ့ကျင်းပသည့်ဖျော်ဖြေပွဲတွင် ဒါရိုက်တာ ဒေါ်မြတ်မြတ်ဦး စီစဉ်တင်ဆက်ပြီး ဂျွန်လွင် ( Star & Models Int'l) မှ မော်ဒယ်လေးများက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသူ တို့၏ ရိုးရာဓလေ့များကို အခြေခံပြီး တီထွင်ဖန်တီးထားသည့် ဝတ်စုံများကို ပြောင်းလဲတီထွင် ရိုးရာအဆင် အစီအစဉ်တွင် လှပစွာ ဝတ်ဆင်ပြသခဲ့သည်။

ဖျော်ဖြေပွဲတွင် နိုင်ငံကျော် အနုပညာရှင်များဖြစ်သည့် ရန်အောင်၊ ရဲအောင်၊ ထက်ထက်မိုးဦး၊ မေခလာ၊ ရန်ကျော်၊ အောင်ရဲလင်း၊ ဖွေးဖွေး စသည့် နာမည်ကျော်အနုပညာရှင် များက မြန်မာဓလေ့ထုံးတမ်းတစ်ခု ဖြစ်သည့် မင်္ဂလာဧည့်ခံပွဲအကြောင်း ကို သရုပ်ဖော်တင်ဆက်ခဲ့သည်။

ဆက်လက်ပြီး ''အနုပညာ အော်စကာ ပြည်သူ့ရင်မှာပျော်စရာ၊ ဆန်းသစ်ဝေစည် ရွှေပန်းချီနှစ်ပါးသွား'' အစီအစဉ်တွင် ကိုဒိန်းဒေါင်က စီစဉ် ညွှန်ကြားပြီး အကယ်ဒမီ စိုးမြတ်သူဇာ က မင်းသားအဖြစ် သရုပ်ဆောင်ကာ မြတ်ကေသီအောင်၊ ခင်ဇာခြည်ကျော်၊ ချောရတနာ၊ စိုးမိုးကြည်၊ အေးမြတ်သူ၊ ဂျင်းနီ စသည့် အနုပညာရှင်များက လူရွှင်တော်အဖြစ် သရုပ်ဆောင်ပြီး ဟာသသရုပ်ဆောင်များက မင်းသမီးများအဖြစ် သရုပ်ဆောင်ကာ ပရိသတ်အကြိုက် ဖျော်ဖြေတင်ဆက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဒေါ်ခင်သက်ဌေးနှင့် နာယက အဖွဲ့ဝင်များက မြန်မာအမျိုး သမီးများနေ့ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု ပြပွဲ ဖြစ်မြောက်ရေးအတွက်စီစဉ် တင်ဆက် ပံ့ပိုးကူညီသူများအား ဂုဏ်ပြု ပန်းစည်းလက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်က စီစဉ်တင်ဆက်သည့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲနှင့် ဖျော်ဖြေပွဲကို ဇူလိုင် ၁ ရက်တွင် အများပြည်သူကြည့်ရှုနိုင်ရန် ရန်ကုန် မြို့ အမျိုးသားဇာတ်ရုံ၌ ညနေ ၆ နာရီမှ စတင်ကာ ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-သီသီမင်း၊ 
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment