Sunday, July 31, 2016

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှု ပထမဆုံးအကြိမ်တွေ့ရှိ




The Mirror Daily's photo.
ဖလော်ရီဒါ ဇူလိုင် ၃ဝ

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်ရှိ ကျန်းမာရေးအာဏာပိုင်များက ဒေသအတွင်း ဇီကာဗိုင်းရပ်စ် ပိုးကူးစက်မှုဖြစ်စဉ်များ တွေ့ရှိခဲ့ ကြောင်းဆိုသည်။ ယင်းကူးစက်မှုသည် ပြည်နယ်အတွင်း ပထမဆုံးအကြိမ်ကူးစက်မှုဖြစ်ကြောင်း သိရသည်။

ပြည်နယ်အတွင်း အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဇီကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းခံနေရ ကြောင်း၊ ရောဂါကူးစက်ခံရသူများသည် ဗိုင်းရပ်စ်ပိုးပျံ့နှံ့နေသည့် နေရာဒေသများသို့ ခရီးသွားလာခဲ့ခြင်း မရှိကြောင်းနှင့် ရောဂါရှိသူများနှင့်လည်း လိင်ဆက်ဆံမှုမရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့ အလယ်ပိုင်းနေရာတွင် ဗိုင်းရပ်စ် ကူးစက်မှု တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းဒေသတွင် ပေါက်ဖွားသောခြင်များကိုစစ်ဆေးခဲ့ရာ ရောဂါ ကူးစက်မှုလက္ခဏာ မတွေ့ရှိသေးပေ။

မည်သို့ပင်ဆိုစေကာမူ ကျန်းမာရေးအာဏာပိုင်များက ဗိုင်းရပ်စ် ကူးစက်မှု ထပ်မံပြန့်ပွားခြင်းမရှိစေရန် ကြိုတင်ကာကွယ်မှုများလုပ်ဆောင်ရန် စီစဉ်လျက်ရှိသည်။

ဇီကာဗိုင်းရပ်စ် ကူးစက်ခြင်းခံရသော ကိုယ်ဝန်ဆောင်မိခင်သည် ကလေးမွေးဖွားသည့်အခါ ဦးခေါင်းသေးငယ်သည့် ကလေးငယ်များ မွေးဖွားသည်။ ယင်းဗိုင်းရပ်စ်ကို အာဖရိကအလယ်ပိုင်းနှင့် တောင်ပိုင်း နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၆၇ နိုင်ငံတွင် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အမေရိကန်သမ္မတ အိုဘားမားက အဆိုပါဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့များကို တာဝန်ပေးထားပြီးဖြစ်ကြောင်း အိမ်ဖြူတော် ဒုတိယ ပြန်ကြားရေးဝန်ကြီးက မီဒီယာသို့ ပြောကြားသည်။

ဖလော်ရီဒါပြည်နယ်အတွင်း ဇီကာ ဗိုင်းရပ်စ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအတွက် အစီရင်ခံစာသည် ရောဂါပိုးထိန်းချုပ်ရန် သုံးစွဲငွေကို ခွင့်ပြုပေးရန် ကွန်ဂရက်ကို တိုက်တွန်းရာရောက်သည်ဟု အိမ်ဖြူတော် ဒုတိယပြန်ကြားရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment