Friday, July 1, 2016

ပျားမွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍ ပျဉ်းမနားမြို့နယ်၌ တွေ့ဆုံဆွေးနွေး



The Mirror Daily's photo.


နေပြည်တော် ဇွန် ၃ဝ

ပြည်တွင်းပြည်ပဈေးကွက်ခိုင်မာ၍ ဝင်ငွေကောင်းစီးပွားဖြစ် သည့် ပျားမွေးမြူရေးလုပ်ငန်းတွင် ပုဂ္ဂလိကပျားမွေးမြူ ရေးလုပ်ငန်းရှင်များ ပိုမိုတိုးတက်လာစေရန်၊ ပျားရည်နှင့် ပျားထွက်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်မှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကပျားမွေးမြူရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ကို ပျဉ်းမနားမြို့နယ် ပျားလုပ်ငန်းဌာန သင်တန်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ပျားလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်းရှင် ၅ဝ တို့ တက်ရောက်သော အဆိုပါဆွေးနွေးပွဲတွင် ဈေးကွက်နှင့် ခေတ်မီပျားမွေးမြူရေးနည်းစနစ်များ ပိုမိုတိုးတက်လာစေရန်၊ ပျားစားကျက်သစ်များဖော်ထုတ်ရန် ဆွေးနွေးခဲ့ကြပြီး ခေတ်မီနည်းစနစ်ဖြင့်တည်ဆောက်ထားသော ပျားအိမ်နှင့် မွေးမြူထားသောပျားများကို လေ့လာခဲ့ကြသည်။

ခေတ်မီပျားမွေးမြူရေးနည်းပညာရပ်များကို ဒေသခံများအား ပို့ချသင်ကြားပေးရန်၊ သိပ္ပံနည်းကျတည်ဆောက် ထားသော ပျားအိမ်နှင့် ပျားမွေးမြူရေးပစ္စည်းများကို တောင်သူများထံဖြန့်ဖြူးနိုင်ရန်၊ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးတွင် အထောက်အကူပြုလုပ်ငန်းတစ်ရပ်အနေဖြင့်ပါဝင်နိုင်ရန်၊ ပျားရည်နှင့် ပျားထွက်ကုန်ပစ္စည်းများကို ပြည်ပို့သို့ တင်ပို့ခြင်းအားဖြင့် နိုင်ငံ့ဘဏ္ဍာငွေတိုးတက်စေရန် ရည်ရွယ် ဖွဲ့စည်းခဲ့သော ပျားလုပ်ငန်းဦးစီးဌာန၏ နေပြည်တော် ပျဉ်းမနားမြို့နယ် ပျားလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခု တွေ့ဆုံပွဲအပါအဝင် မိတ်အောင်ပျားဘုရင်မအကောင် ၂ဝဝ ဖြန့်ဖြူးရန်၊ စိုက်ပျိုးသီးနှံအထွက်တိုးရေး စိုက်ပျိုး ၁၈၇၅၆ ဧကကို ဝတ်မှုံကူးဝန်ဆောင်မှု(အခမဲ့)ပြုလုပ် ပေးရန်၊ ဒေသခံကျေးလက်နေတောင်သူများအတွက် ပျား မွေးမြူရေးပညာပေးသင်တန်းများ၊ ပုဂ္ဂလိကပျားမွေးမြူရေး လုပ်ငန်းရှင်များကို ပျားရောဂါကာကွယ်ရေး၊ ကုသရေး သင်တန်းများ၊ ပျားနို့ထုတ်လုပ်နည်းသင်တန်း၊ ပျားထွက် ပစ္စည်းအမြောက်အမြားထုတ်လုပ်မှု သင်တန်း၊ မိတ်အောင် ပျားဘုရင်မမွေးမြူနည်းသင်တန်း အစရှိသည့်သင်တန်းများ ပို့ချခြင်းနှင့် ပုဂ္ဂလိကပျားစခန်းကို စစ်ဆေးခြင်း၊ ပျားရည် ထုတ်လုပ်မှုစာရင်းကောက်ယူခြင်း၊ လုပ်ငန်းလိုင်စင် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော် ပျဉ်းမနားမြို့နယ် ပျားလုပ်ငန်းဌာနဦးစီးမှူး ဦးမြင့်နိုင်က ပြောကြားခဲ့သည်။

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိကပျားမွေးမြူသူ ရှစ်ဦးနှင့် ပျားအုံ ၉ဝဝ မျှသာရှိခဲ့ရာမှ ယခု ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်တွင် ပုဂ္ဂလိကပျားမွေးမြူသူ ၅ဝ၊ ပျားအုံ ၃၁ဝဝ ထိ တိုးတက်လာပြီး ပျားရည်ပေါင် ၇၂ဝဝဝ ထိ တိုးတက်ထုတ် လုပ်လာနိုင်ခဲ့ကြောင်း၊ ပြည်တွင်းဈေးကွက်နှင့် ဝယ်လိုအား အခိုင်အမာရှိပြီး ပြည်ပပို့ကုန်အနေဖြင့် ဂျပန်၊ ထိုင်း၊ တရုတ်နိုင်ငံတို့သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း နေပြည်တော် ပျားမွေးမြူရေးအသင်းဥက္ကဋ္ဌ ဦးသိန်းရွှေက ပြောကြားသည်။

ပျားအုံတစ်အုံလျှင် တစ်နှစ်ပျားရည် ပိဿာ ၂ဝ ခန့် ထွက်နိုင်ပြီး လက်ကားဈေးတစ်ပိဿာလျှင် ကျပ် ၃၅ဝဝ ရရှိသဖြင့် ဝင်ငွေကောင်းလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင် နိုင်သည့်အပြင် စိုက်ပျိုးရေးကဏ္ဍကိုလည်း အကျိုးပြုပြီး နိုင်ငံခြားငွေရှာဖွေနိုင်သောလုပ်ငန်းဖြစ်၍ ပျားလုပ်ငန်း ပိုမိုတိုးတက်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်း-နေသန်၊ ဓာတ်ပုံ-ရာမည)

No comments:

Post a Comment