Saturday, July 30, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
တို့ပြည်ထောင်စု၊ တို့နိုင်ငံ

တိုင်းရင်းသားတို့က ခွဲထွက်ခွင့်ကို  မတောင်းဆို၊ ချန်ထားမည်ဆိုသော သဘောထားသည် ကြိုဆိုရမည့်သဘောထားဖြစ်ပါသည်။ ခွဲထွက်ခြင်းကို ချန်မည်ဟုဆိုလိုက်ခြင်းသည် မြန်မာအပါအဝင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ညီညီညွတ်ညွတ်ဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို အပြန် အလှန်ညှိနှိုင်းတိုင်ပင်၍ ထူထောင်မည်ဟူသော သန္နိဋ္ဌာန်ကို ဖော်ပြလိုက် ခြင်းဖြစ်ပါသည်။ သမိုင်းဖြစ်စဉ်တို့၏ ယေဘုယျသဘောသည်လည်း တစ် ဆင့်ထက်တစ်ဆင့်ပိုမိုမြင့်မားသောပေါင်းစည်းမှုကိုသာ ဦးတည်ပြောင်း လဲနေခြင်းဖြစ်ပါသည်။ လူသားတို့သည် တစ်ဦးချင်းရုန်းကန်ရာမှ အစု အဖွဲ့ဖြင့်နေထိုင်လာပါသည်။ ထိုမှတစ်ဆင့် ရွာတို့ ဖြစ်တည်လာပါသည်။ ရွာများမှသည် မြို့ပြနိုင်ငံတို့ဖြစ်ပေါ်လာပါသည်။ တစ်ဖန် မြို့ပြနိုင်ငံများ ပေါင်းစည်းထားသော နိုင်ငံတို့ဖြစ်ပေါ်လာပါသည်။ ပစ္စုပ္ပန်ကာလ၏ သမိုင်းရေစီးကြောင်းသည် ဥရောပသမဂ္ဂနှင့် အာဆီယံတို့ကဲ့သို့သော နိုင်ငံများစုပေါင်းထားသည့်  တစ်ခုတည်းသော ဈေးကွက်အခြေခံစီးပွား ရေးအုပ်စုများ ညှိနှိုင်းထူထောင်လာကြခြင်းဖြစ်ပါသည်။
ပစ္စုပ္ပန်ကာလ၌  တိုင်းရင်းသားလူမျိုးစုတို့က  ခွဲထွက်ရေးကိစ္စကို ထည့်သွင်းစဉ်းစားခြင်းသည်ပင် ခေတ်ကာလပကတိတောင်းဆို ချက်ကို လျစ်လျူရှုရာရောက်ပါသည်။  အမေရိကန်နိုင်ငံကဲ့သို့သော  မဟာ အင်အားကြီးနိုင်ငံသည်ပင်  North American Free Trade Agreement  ၌ ပါဝင်သကဲ့သို့  Trans Pacific Partnership Agreement   ၌လည်း ပါဝင်ပါသည်။ အမေရိကန်နိုင်ငံက   Transat-lantic Trade and Investment Partnership  ကိုလည်း အဆိုပြုထားပါသည်။ အိမ်နီးချင်းအင်အားကြီး တရုတ်နိုင်ငံကလည်း ပိုးလမ်းမစီမံကိန်းကို  အကောင်အထည်ဖော်ရန်  ကြိုးပမ်းနေပါသည်။ ဤသို့သော က္ဘာ့သမိုင်းရေစီးကြောင်းမျိုး၌ ခွဲထွက်ရေးကို စဉ်းစား ခြင်းသည်ပင် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုတို့၏ အကျိုးစီးပွားကို လျစ်လျူရှုသကဲ့သို့ ဖြစ်နေမည်  ဖြစ်ပါသည်။ ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးစုများသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မည်သို့မည်ပုံတည်ဆောက်မည်ကိုသာ   အပြန်အလှန်ညှိနှိုင်းတိုင်ပင် ဆွေးနွေး၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အနာဂတ်၌ တည်ဆောက်မည့် ဖက်ဒရယ်ပြည်ထောင်စုသည် ဒီမို ကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရရှိရေး ဟူသော အခြေခံမူသုံးရပ်အပေါ်  အခြေခံတည်ဆောက်ရမည်ဖြစ်ပါသည်။ ဤအခြေခံမူသုံးရပ်အပေါ်    အခြေခံသော   ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံ  မူကွဲမျိုးစုံထွက်ပေါ်လာနိုင်ပါသည်။  ဤနေရာ၌ အရေးကြီးသည်မှာ (၂၁) ရာစုပင်လုံညီလာခံတွင် မည်သည့်အင်အားစုကမှ ပုံသ္ဌာန်တစ်ရပ်ကို  အသေဆုပ်ကိုင်၍  ဤဖက်ဒရယ်ပြည်ထောင်စု ပုံသ္ဌာန်ရမှသာ  လက်ခံနိုင်မည်ဟု    မရပ်တည်ကြရန်ဖြစ်ပါသည်။  အပြန်အလှန်ညှိနှိုင်းမည်ဆိုခြင်းသည် အပြန်အလှန်အပေးအယူလုပ် လိုက် လျောမည်ဟု  ဆိုလိုခြင်းဖြစ်ပါသည်။  သို့ဖြစ်ပါ၍  ဦးတည်ရမည်မှာ အထက်၌ရည်ညွှန်းထားသည့် အခြေခံမူသုံးရပ်ကို အခြေခံလျက် ဗမာ အပါအဝင် တိုင်းရင်းသားလူမျိုးစုအားလုံးက ''တို့ပြည်ထောင်စု၊ တို့နိုင်ငံ'' ဟူသော  ခံစားချက်မျိုးမွေးဖွားပေးနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စု ပုံသ္ဌာန် (ဖွဲ့စည်းပုံ) တစ်ရပ်ကို ညှိနှိုင်းရှာဖွေရန် ဖြစ်ပါသည်။
''တို့ပြည်ထောင်စု၊ တို့နိုင်ငံ'' ဟူသော ခံစားချက်မျိုးမွေးဖွားပေးနိုင် မည့်  ဖက်ဒရယ်ပြည်ထောင်စုဖန်တီးမည်ဟု  နိုင်ငံရေးသန္နိဋ္ဌာန်ချမှတ် ထားပါက အပြန်အလှန်လိုက်လျောညှိနှိုင်းမှု မပြုနိုင်စရာမရှိဟု ယုံကြည် ပါသည်။ အနာဂတ်၌ထူထောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု သည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ရှိရေးတို့အပေါ်အခြေခံလျက် မြန်မာနိုင်ငံ၏ပကတိအခြေအနေအရပ်ရပ် တို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ ပကတိအခြေအနေအရပ်ရပ် တို့ကို ထင်ဟပ်မှသာ ''တို့ပြည်ထောင်စု၊ တို့နိုင်ငံ'' ဟူသော ခံစားချက်က ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးတို့၏ နှလုံးသား၌ မွေးဖွားလာမည် ဖြစ်ပါသည်။ ''တိြု့ပည်ထောင်စု၊ တို့နိုင်ငံ'' ဟူသော  ခံစားချက်က ပြည်ထောင်စုသားအားလုံး နှလုံးသား၌ကိန်းဝပ်မှသာ ထူထောင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသည် က္ဘာတည်သရွေ့ တည်တံ့မည် ဖြစ်ပါသည်။       ။

No comments:

Post a Comment