Sunday, July 31, 2016

လေးနိုင်ငံခရီးစဉ်ဒေသတစ်ခု ကွန်ဖရင့်ကျင်းပ



The Mirror Daily's photo.
ရန်ကုန် ဇူလိုင် ၃ဝ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့၏ဦးဆောင်မှု၊ ဗီယက်နမ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (BIDV)၊ Hoang AnhGiaLia (HAGL) Corporationနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့ရှိ ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများအသင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် ''လေးနိုင်ငံခရီးစဉ်ဒေသတစ်ခု (Four Countries- One Destination)''ကွန်ဖရင့်ကို ''လေးနိုင်ငံခရီးသွားလုပ်ငန်းချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ဘဏ်လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာပေါင်းစည်းဆောင်ရွက်ခြင်း (Connecting Tourism and Expanding Cooperation in Banking Sector)''ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ဗီယက်နမ်ဘဏ်တို့ အကြား နှစ်နိုင်ငံဘဏ်များဆွေးနွေးပွဲ ကိုကျင်းပရာ နားလည်မှုစာချွန်လွှာအရ ငွေကြေးမူဝါဒ၊ ငွေရေးကြေးရေး ဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရေး၊ဘဏ် လုပ်ငန်းစည်းမျဉ်းစည်းကမ်းများနှင့်ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေး လုပ်ငန်းများကို နှစ်နိုင်ငံဗဟိုဘဏ်များအကြား၂ဝ၁၆ ခုနှစ်မှစ၍ နည်းပညာ ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် CLMV နိုင်ငံများမှ ဘဏ်လုပ်ငန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပရာ လေးနိုင်ငံ ဗဟိုဘဏ်များအကြား စွမ်းရည်မြှင့်တင်တည်ဆောက်မှုအသိပညာနှင့် အတွေ့ အကြုံများအား ပိုမိုပူးပေါင်းမြှင့်တင် အကောင်အထည်ဖော်ဆောင်ရေးတို့ ကိုဆွေးနွေးခဲ့ကြပြီး ရလဒ်များအား ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် ဗဟိုဘဏ်ဥက္ကဋ္ဌများထံသို့ တင်ပြခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် CLMV လေးနိုင်ငံ ခရီးသွားလုပ်ငန်းအဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေးကိုကျင်းပရာ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးတင့်သွင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာ စကားပြောကြားခြင်း၊ CLMV နိုင်ငံများအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ လေးနိုင်ငံအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုများနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခြင်းနှင့်CLMV ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်း အဝေးသို့တင်သွင်းရန် အချက်အလက်မူကြမ်းပြုစုခြင်း၊ လေးနိုင်ငံ ခရီးစဉ်ဒေသတစ်ခု ကွန်ဖရင့်၏ပူးတွဲ ကြေညာချက်အတွက် ပြင်ဆင်ခြင်း စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
အဆိုပါ အစည်းအဝေးတွင် CLMV နိုင်ငံများ၏ ခရီးသွား ထုတ်ကုန်များ ပူးပေါင်းမြှင့်တင်ရန်၊ CLMV နိုင်ငံများအကြား လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ခရီး ပိုမိုဆက်သွယ်သွားလာနိုင်ရေးကို မြှင့်တင်ရန်၊ CLMV နိုင်ငံများတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သောအစီအစဉ်များ ပူးပေါင်းဆောင်ရွက်ရန်၊ CLMV နိုင်ငံများကို ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖွံ့ဖြိုးအောင် ပူးပေါင်းမြှင့်တင် ဆောင်ရွက်ရန်၊ CLMV ခရီးစဉ်ဒေသများအား ဖော်ကျူးသော ခရီးစဉ်ရိုက်ကူးရေး အစီအစဉ်များ ပူးပေါင်းဆောင်ရွက်ရန်၊ ခရီးသွားထုတ်ကုန်များကို ချိတ်ဆက်မြှင့်တင်ဆောင်ရွက်ရန်၊ အားကစားဆိုင်ရာ ခရီးသွားလုပ်ငန်းကို အားပေးရန်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများနှင့်လည်း ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
၎င်းနောက် CLMV နိုင်ငံများအကြား ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကား ပြောကြားခြင်း၊ CLMV နိုင်ငံများ ခရီးသွားလုပ်ငန်းအဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးမှ ဆွေးနွေးချက်ရလဒ်များကို မြန်မာနိုင်ငံမှတင်ပြခြင်း၊ CLMV နိုင်ငံအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက် မှုများနှင့် ခရီးသွားလုပ်ငန်းမြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများ၏ ခရီးသွား လုပ်ငန်းဝန်ကြီးများက ဆွေးနွေးခြင်း နှင့် လေးနိုင်ငံခရီးစဉ်ဒေသတစ်ခု ကွန်ဖရင့်၏ ပူးတွဲကြေညာချက်အတွက် ညှိနှိုင်းခြင်းစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးနှင့်တစ်ပြိုင်တည်း CLMV နိုင်ငံများ၏ ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးကို ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံများမှ ဗဟိုဘဏ်ဥက္ကဋ္ဌများ တက်ရောက်ဆွေးနွေးကြသည်။
ဆက်လက်၍ ကွန်ဖရင့်အစီအစဉ်အရ Melia ဟိုတယ်၌ CLMV လေးနိုင်ငံရှိ ခရီးစဉ်ဒေသများ ဓာတ်ပုံပြပွဲနှင့် လေးနိုင်ငံရှိ ရိုးရာအစား အသောက်ပွဲတော်ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ CLMV လေးနိုင်ငံမှ ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ Hoang AnhGiaLia (HAGL) Corporation ဥက္ကဋ္ဌ၊ ဗီယက်နမ်နိုင်ငံ ရင်းနှီး မြှုပ်နှံမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (BIDV) ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ CLMV လေးနိုင်ငံခရီးစဉ်ဒေသများ ဓာတ်ပုံ ပြပွဲကို ယနေ့မှစ၍ သုံးရက်ကြာ ဖွင့်လှစ်ပြသမည်ဖြစ်သည်။
ညနေပိုင်းတွင် ကွန်ဖရင့်သို့ တက်ရောက်လာသော CLMV နိုင်ငံများမှ အကြီးအကဲများနှင့် သံရုံး တာဝန်ခံများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးနှင့် ဗီယက် နမ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးတိုး တက်ရေးဘဏ် (BIDV)မှ ညစာဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါကွန်ဖရင့်ကို CLMV အဖွဲ့ ဝင်နိုင်ငံများအကြား ခရီးသွားလုပ်ငန်း နှင့် ဘဏ်လုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အား ဖိတ်ခေါ်ရန်၊ CLMV ခရီးစဉ် ဒေသအား စိတ်ဝင်စားဖွယ်ကောင်း သော ခရီးစဉ်တစ်ခုအဖြစ် မြှင့်တင်ရန်၊ အဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာအစား အစာများ၊ ယဉ်ကျေးမှုအနုပညာများ အားဖလှယ်ရန်၊ ဈေးကွက်မြှင့်တင် ရှာဖွေခြင်း ဆောင်ရွက်ရန်၊ ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန်နှင့် CLMV နိုင်ငံများအကြား သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် လူမှုအဖွဲ့အစည်း အခြေခံခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ယနေ့မှ သြဂုတ် ၁ ရက်အထိ ကျင်းပခြင်းဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment