Sunday, July 3, 2016

3.7.2016...ကြေးမုံ စာတည်းရှုထောင့်


လူကုန်ကူးမှုတိုက်ဖျက်ရေး အလေးထားဆောင်ရွက်နေ



မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရသစ်အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၊ လူကုန်ကူးခံရသူများနှင့် အဓမ္မစေခိုင်းသူများကို ကာကွယ်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည့် အချိန်အခါ မျိုးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂ဝ၁၆ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ၌ မြန်မာနိုင်ငံအား အဆင့်(၂) စောင့်ကြည့်ရေးစာရင်းမှ အဆင့်(၃)သို့ လျှော့ချခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်မိပါသည်ဟု မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။
ဒီမိုကရေစီအစိုးရသစ်အနေဖြင့် နိုင်ငံ့တာဝန်စတင်ယူသည့် တိုတောင်းသည့်အချိန်ကာလအတွင်းမှာပင် ရွှေ့ပြောင်းလုပ်သားများအရေး၊ လူကုန်ကူးခံရသူများအရေးနှင့် အဓမ္မစေခိုင်းသူများအရေးတို့ကို အလေးထားဆောင်ရွက်ပေးနေသည်။ မကြာသေးမီရက်ပိုင်းအတွင်းကပင် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ သွားရောက်ကာ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များအရေးကို ဆောင်ရွက်ပေးခဲ့သေးသည်။
အဆိုပါခရီးစဉ်အတွင်း ဒုက္ခသည်စခန်းတွင် ရောက်ရှိနေသည့် ဒုက္ခသည်များ နေရပ်သို့ပြန်လည်ပို့ဆောင်ရေး၊ နေရပ်တွင် အလုပ်အကိုင် အခွင့်အလမ်းများ၊ လူမှုရေး၊ ကျန်းမာရေးအခြေအနေများ ဖော်ထုတ်ပေးပြီးချိန်တွင်မှ ဒုက္ခသည်များအား ပြန်လည်ပို့ဆောင်ရေး၊ ရွှေ့ပြောင်းမြန်မာ လုပ်သားများ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင်လည်း တန်းတူရည်တူ စောင့်ရှောက်မှုရရှိရေး၊ လူမှုဘဝလုံခြုံရေး၊ ကျန်းမာရေးနှင့် ဘဝအာမခံချက် အကျိုးခံစားခွင့်များရရှိရေး စသည့်အခွင့်အရေးများရရှိရေးအတွက် နှစ်နိုင်ငံအစိုးရတို့ အောင်မြင်စွာညှိနှိုင်းဆွေးနွေးပြီး သဘောတူစာချုပ်များပင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
ထို့အပြင် ပြည်တွင်း၌လည်း အလုပ်အကိုင်အခွင့်အလမ်းမရှိ၍ ကျေးလက်နှင့် ရပ်ရွာဒေသတို့မှ ပြောင်းရွှေ့ထွက်ခွာသွားသူများ လူကုန်ကူး မခံရရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိရေးတို့ကို ဖန်တီးဖော်ဆောင်ပေးနေသည်ကိုတွေ့ရပြီး အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး၊ အသိပညာပေးရေး၊ မိဘရပ်ထံသို့အရောက် ပြန်လည်ပို့ဆောင်ရေးတို့ကိုလည်း အလေးထားဆောင်ရွက်ပေးနိုင်သည်ကို တွေ့ရသည်။
ယင်းကဲ့သို့ အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုများစတင်ရရှိနေချိန်တွင် ယခင်နှစ်ကာလများက အခြေအနေပေါ်မူတည်၍ကန့်သတ် ချက်များမှာ စိတ်မကောင်းဖွယ်ဖြစ်သည်။ အနာဂတ်၌ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် လူကုန်ကူးမှုကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းများအနက် လက်ရှိကာလ မြန်မာနိုင်ငံက အလေးထား ဆောင်ရွက်နေသော ဆင်းရဲမှုလျှော့ချရေး ဆောင်ရွက်ချက်များကိုလည်း မထိခိုက်စေရန် အရေးကြီးပေသည်။
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးအသွင်ဖြင့် တိုက်ဖျက်လျက်ရှိပြီး ကဏ္ဍများစွာ၌ သိသာထင်ရှားသည့် လုပ်ဆောင်ချက်များကိုလည်း မြင်တွေ့နေရပါသည်။ အဓမ္မစေခိုင်းမှု ပပျောက်ရေးအတွက် အိုင်အယ်လ်အိုကဲ့သို့ အဖွဲ့အစည်းများနှင့် ထိထိရောက်ရောက်ဆောင်ရွက်လျက်ရှိပြီး အဓမ္မစေခိုင်းမှုပြုလုပ်ပါကလည်း ဥပဒေကြောင်းအရ မည်သူ့ကိုမဆို လက်တွေ့တွင် ထိထိရောက်ရောက် အပြစ်ပေးအရေးယူသည်မှာလည်း လက်တွေ့ပင်ဖြစ်သည်။ အိန္ဒိယ သမုဒ္ဒရာအတွင်း မျောပါခဲ့သော ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွားလာ သူများအား မြန်မာနိုင်ငံမှ ကယ်ဆယ်စောင့်ရှောက်ခြင်း၊ ပင်ရင်းနိုင်ငံနှင့် ပူးပေါင်းပြီး ၎င်းတို့၏ ဆန္ဒအတိုင်း ပြန်လည်ပို့ဆောင်ပေးခြင်း၊ လူကုန်ကူးမှုများကို အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းပြီး တိုက်ဖျက်နှိမ်နင်းလျက်ရှိရာ အောင်မြင်မှုများရရှိနေခြင်း စသည်တို့သည် တိုင်းသိပြည်သိအမှန်သိ အကြောင်းအချက်များဖြစ်၍ အဆိုပါ အစီရင်ခံစာပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြန်လည်ဆန်းစစ်ကြည့်ရန်လိုမည်ဖြစ်သည်။
မည်သို့ပင်ပြောဆိုစေကာမူ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၆ လူကုန်ကူးမှုအစီရင်ခံစာတွင်ပါရှိသည့် အကြံပြုချက်များကိုလည်း အလေးအနက်ထား စဉ်းစားပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို မိတ်ဖက် နိုင်ငံများနှင့်ဆက်လက်ပူးပေါင်းကာ တိုးမြှင့်ဆောင်ရွက်သွားလိမ့်မည်ဟု ယုံကြည်ထားပါကြောင်း။ ။

No comments:

Post a Comment