Wednesday, June 29, 2016

သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့နှင့် ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေး ပြောင်းလဲချိန်တန်ပြီလား



The Mirror Daily's photo.

ပြည်သူ့သဘောထားစင်မြင့်

တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့နှင့်စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်းပြင်းထန်သော အယူအဆ၊ အရေးအသားများကိုမူ သတင်းစာ၏မူဝါဒအရ ဖော်ပြပေးနိုင်မည်မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင်ပါရှိသမျှတို့သည် သက်ဆိုင်ရာဆောင်းပါးရှင်အသီးသီး၏ အာဘော်များသာဖြစ်ပါကြောင်း အစီရင်ခံအပ်ပါသည်။ (စာတည်းအဖွဲ့)

ဆုနှင်းလဲ့

ရုံးဖွင့်ရက်ဖြစ်သောကြောင့်လည်း ကားမှတ်တိုင်တွင် ဘတ်စ်ကားစောင့်ဆိုင်းနေသူ ခရီးသည်များနှင့် ပြည့်နှက်နေသည်။ ခရီးသည်များ၏ ဦးတည်ရာလမ်းကြောင်း အသီးသီး တူချင်မှတူမည်ဖြစ်သော်လည်း ဘတ်စ်ကား လာရာလမ်းဆီသို့ မျှော်လင့်ငေးမောကြည့်ရှုနေကြသည်မှာ တူကြသည်။ လိုရာခရီးကိုပို့ဆောင်မည့် ဘတ်စ်ကားများကို စိတ်ရှည်သည်းခံစွာဖြင့် စောင့်ဆိုင်းနေကြ၏။ ထိုစဉ်မှာပင် မီးပွိုင့်လွှတ်လိုက်သဖြင့် ဘတ်စ်ကားကြီးများ အပြိုင်အဆိုင်ဖြင့် မှတ်တိုင်သို့မောင်းဝင်လာကြသလို အလုအယက်ဖြင့် သူ့ထက်ငါဦးအောင် ခရီးသည်များကို ကားပေါ်မှဆွဲချကာ လိုက်ပါမည့်ခရီးသည်များကို ဆွဲတင်ရင်း မောင်းဆရာရေဟုဆိုကာ ဘတ်စ်ကားပေါ် ခြေနှစ်ချောင်းစုံအောင် မရပ်မိသေးမီမှာပင် ကားကမောင်း ထွက်သွားတော့သည်။ ထိုသို့အလုအယက် ခရီးသည် အတင်၊အချလုပ် ပြိုင်ဆိုင်နေကြသော်လည်း နောက်မှတ်တိုင်များတွင် အချိန်အကြာကြီး ကျောက်ချသကဲ့သို့ ရပ်ချင်ရင်လည်း ရပ်နေကြပြန်သေးသည်။ အစိုးမရသော သူများတွင် ဘတ်စ်ကားဆရာများလည်း ပါဝင်ပေသည်။ ကားချောင်လား၊ မချောင်လား၊ အန္တရာယ်ကင်းကင်း ဖြည်းဖြည်းမှန်မှန်မောင်းလား ရွေးချယ်ခွင့်မရှိ၊ ဝန်ဆောင်မှု နှင့် စိတ်ကျေနပ်စရာမရှိသေးသော ဘတ်စ်ကားများကို စီးနင်းကာ နိစ္စဓူဝသွားလာနေကြရသည့် ရန်ကုန်မြို့ပြ ပို့ဆောင်ရေးတစ်ခုပင် မဟုတ်ပါလား။

ထိုဘတ်စ်ကားများကို အားထားစီးနင်းခြင်းမရှိပါကလည်း အခြားသောပို့ဆောင်ရေးကဏ္ဍက မြို့ပြအနှံ့ လွှမ်း ခြုံနိုင်မှုမရှိသည့်အတွက် ယင်းတို့နှင့်သာ နေ့စဉ်ကြုံတွေ့ကာ သွားလာနေရသည့် အခက်အခဲများပင်ဖြစ်သည်။

''တန်းတွေ၊ ကွင်းတွေ ကိုင်ထား။ မီးပွိုင့်ဖြတ်မယ်။ ရှေ့ကားကျော်မယ်။ အပေါက်ဝ မပိတ်နဲ့။ မကျေနပ်ရင် လိုင်းကားမစီးနဲ့ တက္ကစီငှားစီး။ တစ်ယောက်တည်းနဲ့ ဆက်ဆံနေရတာမဟုတ်ဘူး။ လူအများနဲ့ ဆက်ဆံနေ ရတာ''ဟု ဆိုသော ယာဉ်နောက်လိုက်၏ စကားသံများက ဘတ်စ်ကားစီးတိုင်းကြားနေရသလို ဆဲဆိုပြောဆိုသံများ ကလည်းပါသေးသည်။ မကျေနပ်၍ စကားများသည့် အခါတွင်လည်း ကားပေါ်တွင် အသင့်ဆောင်ထားသော ပစ္စည်းဖြင့်လည်း ရန်ရှာချင်သေးသည်။ ထို့ကြောင့် ပြဿနာမဖြစ်လိုသော၊ အန္တရာယ်မဖြစ်လိုသော ခရီးသည်များအနေဖြင့် သည်းခံစီးနင်းရုံသာရှိသည်။

ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးတွင် အဘယ်ကြောင့် ထိုအခက်အခဲများ ဖြစ်ပေါ်နေရပါသနည်း။ အများပြည်သူဝန်ဆောင်မှုမဖြစ်ဘဲ စီးပွားဖြစ်ဝင်ငွေရှာ ဖွေရုံ၊ စားဝတ်နေရေးအခက်အခဲအား ဖြေရှင်းရုံ လုပ်ကိုင်ခဲ့ ကြသောကြောင့်ပင်ဖြစ်သည်ဟု မြို့ပြရေးရာ ကျွမ်းကျင်သူများက သုံးသပ်သည်။ မ.ထ.သ အပါအဝင် ယာဉ်လိုင်းအဖွဲ့အစည်းအသီးသီးက တစ်ဦးတစ်ယောက် ချင်းပိုင်ယာဉ်များ၊ အဖွဲ့အစည်းပိုင်ယာဉ်များကိုစုစည်းပြီး ကြပ်မတ်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် စည်းကမ်းသတ်မှတ်ချက်များရှိသော်လည်း ဥပဒေနှင့် ကြပ်မတ်ခြင်း၊ အာဏာပိုင်အဖွဲ့မရှိခြင်းတို့ကြောင့် အရေးယူသော်လည်း ထိရောက်မှုမရှိသည်များ ရှိနေသည်။ စည်းကမ်းနှင့်မညီသည့် ယာဉ်လုပ်သားကို ယာဉ်မောင်းနှင်ခွင့်ပိတ်ပင်ခြင်း၊ ယာဉ်နောက်လိုက်ခွင့်ပိတ်ခြင်းဖြင့် အရေးယူသလို၊ ရာသက်ပန် လုပ်ခွင့်မရှိရန် ပိတ်ခြင်းများရှိသော်လည်း ယာဉ်လုပ်သား လိုအပ်ချက်ရှိနေသော အခြားယာဉ်လိုင်း တစ်လိုင်းတွင် သွားရောက်လုပ်ကိုင်နေမှုများရှိနေသည့်အတွက် ကြပ်မတ်နိုင်မှုတွင် အားနည်းချက်များရှိနေသည်။ ယင်းအပြင် တရားဝင်လိုင်စင်မရှိထားသော ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကိုလည်း လိုအပ်ချက်ကြောင့် လုပ်ခွင့်ပေးထားခြင်းများလည်း ရှိနေပြန်သည်။

ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(Transport Authority) ကဲ့သို့ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းမရှိဘဲ တိုးပွားလာသည့် လူဦးရေ၊ တိုးချဲ့လာသည့် မြို့ပြဧရိယာနှင့်အညီ စံသတ် မှတ်ထားချက်မရှိသည့် ယာဉ်အမျိုးအစားပေါင်းစုံတို့ ဖြင့် လိုအပ်သလို တိုးချဲ့ပြေးဆွဲခဲ့သည့်အတွက် အချို့မှာ ယာဉ်လိုင်းနံပါတ်၊ ယာဉ်နံပါတ်အသီးသီး ကွဲပြားနေသော်လည်း လမ်းကြောင်းတူ၊ ဦးတည်ရာတူသည့် ယာဉ်လိုင်းများ ထပ်နေကာ ခရီးစဉ်လမ်းကြောင်း ရှုပ်ထွေးမှုကို ပိုမိုဖြစ် ပေါ်စေလျက်ရှိသည်။ ထို့ကြောင့်လည်း အပြိုင်အဆိုင် လုမောင်းခြင်း၊ ဝင်ငွေရှာဖွေခြင်းတို့ဖြင့် အများပြည်သူ ဝန်ဆောင်မှုကို ဦးတည်နိုင်ခြင်းမရှိသည့် သယ်ယူပို့ဆောင် ရေးစနစ်ကိုသာ ဦးတည်စေခဲ့ခြင်းဖြစ်သည်။

''အရင် န.ဝ.တ လက်ထက်မှာတုန်းက လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကော်မတီကိုဖွဲ့ခဲ့ပြီး ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီကို လည်း ဖွဲ့စည်းဆောင်ရွက်ခဲ့တယ်။ အဲဒီတုန်းက အမိန့် တစ်ရပ်နဲ့ သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေကို ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်စေတာပေါ့။ ဒါပေမယ့် ဟိုဌာနမှာ တာဝန်ရှိတယ်။ ဒီဌာနမှာ တာဝန်ရှိတယ်နဲ့ မပြီးပြတ်တာ တွေလည်းရှိတယ်။ နောက်တော့ အစိုးရသစ်အပြောင်း အလဲဖြစ်လာတော့ ယာဉ်လိုင်းအားလုံးကို ကြပ်မတ်ဖို့ မ.ထ.သ (ဗဟို)ဆိုတာဖြစ်လာတယ်။ ဒါလည်း ထိ ရောက်ခဲ့တာတော့မဟုတ်ဘူး။ နိုင်ငံတကာမြို့ပြတွေမှာလို အစိုးရကဦးဆောင်ပြီး သယ်ယူပို့ဆောင်ရေးအာဏာ ပိုင်အဖွဲ့က ကိုင်တွယ်ဆောင်ရွက်တာဖြစ်စေ၊ ပုဂ္ဂလိက ကုမ္ပဏီကြီးက မြို့ပြသယ်ယူပို့ဆောင်ရေးကို တာဝန်ယူ ဆောင်ရွက်ပြီး အစိုးရက ပံ့ပိုးတာမျိုးဖြစ်စေ ဆောင်ရွက်နိုင်မှ အဆင်ပြေမယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဆိုတာ ငွေရှာရုံသက်သက်၊ အမြတ်ရဖို့သက်သက် လုပ်လို့ မရပါဘူး။ ဝန်ဆောင်မှုဖြစ်တဲ့အတွက် အစိုးရရဲ့ပံ့ပိုးမှု မပါဘဲ မဖြစ်နိုင်ဘူး။ ဒါကြောင့် ခေတ်အဆက်ဆက် ရေတိုနည်းနဲ့ ဖြေရှင်းခဲ့တဲ့နည်းလမ်းတွေသုံးခဲ့တာကနေ အခုလက်ရှိမှာ မဖြစ်မနေ ပြောင်းလဲဖို့လိုလာတဲ့ မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ် ခေတ်နဲ့အညီဖြစ်စေဖို့ဆိုတာ လုပ်ကိုလုပ်ရတော့မှာ''ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီဝင်တစ်ဦးဖြစ်ခဲ့သူ အငြိမ်းစားအရာရှိ တစ်ဦးက သုံးသပ်သည်။

ယင်းသို့ မြို့ပြပို့ဆောင်ရေး အခက်အခဲများကို ဖြေရှင်းနိုင်ရန်နှင့် မြို့ပြယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ယခင်အစိုးရလက်ထက်တွင် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (Yangon City Public Transport Authority) ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်တွင် ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါ အာဏာပိုင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဦးကြည်သိန်း (အငြိမ်းစား သံအမတ်ကြီး)၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းလွင်(အငြိမ်းစား သံအမတ်ကြီး)၊ ဦးအောင်မြင့် [ညွှန်မှူး(ငြိမ်း) က.ည.န၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း]၊ ဦးစိုးမြင့် [ညွှန်ချုပ် (ငြိမ်း)၊ စက်မှု(၂)ဝန်ကြီးဌာန]၊ ဦးသက်လွင်ဦး [(တပ်မတော် (ရေ)၊ ငြိမ်း)]၊ ဦးဇော်ဝင်းမြင့် [(ညွှန်ချုပ်(ငြိမ်း) ကညန)]၊ ဦးခင်မောင်ဌေး [(ညွှန်ချုပ်(ငြိမ်း) မြန်မာ့အသံနှင့် ရုပ်မြင် သံကြား)]၊ ဦးထွန်းဦး [(အင်ဂျင်နီယာချုပ်(ငြိမ်း) မြန်မာ့ မီးရထား)]တို့ပါဝင်ပြီး ဦးလှအောင် [(မထသ (ဗဟိုဥက္ကဋ္ဌ)] က အတွင်းရေးမှူးအဖြစ် ဖွဲ့စည်းဆောင်ရွက် စေခဲ့သည်။

အဆိုပါအဖွဲ့ကြီးသည် မြို့ပြပို့ဆောင်ရေးကဏ္ဍ၏ လိုအပ်ချက်များ၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာအသီးသီး ပေါင်းစပ်ဆောင်ရွက်ရမည်တို့ကို နိုင်ငံတော်သို့ တင်ပြခဲ့ပြီး အခြားသောနိုင်ငံများနှင့်လည်း လေ့လာပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။ သို့ရာတွင် ယင်းအဖွဲ့ကို ပြန်လည်ပယ်ဖျက်ခဲ့သည့်အတွက် သက်ဝင်လှုပ်ရှားမှုများ မရှိတော့ဘဲ ယခင်ကကဲ့သို့ပင် မ.ထ.သ(ဗဟို)၊ မ.ထ.သ(မြို့တွင်း)၊ ပါရမီစသည့် အဖွဲ့အစည်းများက ယာဉ်လိုင်းများကို ကြပ်မတ်ကာ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး၏ ကွပ်ကဲမှုဖြင့် ဆက်လက်ဆောင် ရွက်ခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခုံးကျော်တံတား စီမံကိန်းများကို ဆောင်ရွက်ခဲ့သည်။ ယာဉ်ကြောပိတ်ဆို့နေမှုများကြောင့် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းရာတွင် ကားပါကင်ထောက်ခံချက်ပါရှိမှသာ ကားတင်သွင်းရမည်ဟု သတ်မှတ်ခဲ့သည်။ မော်တော်ယာဉ်တင်သွင်းမှုကို ကန့်သတ်ခဲ့သည်။ အများပိုင်ဘတ်စ်ကားလိုင်း BRT Lite ထူထောင်ပြေးဆွဲမည်ဟု ယာဉ်ပိုင်ရှင်များနှင့် ပြည်သူ လူထုအားအသိပေးထုတ်ပြန်ခဲ့သည်။ ယင်းသို့ဖြင့် ငါးနှစ် တာအတွင်း ယာဉ်ကြောပိတ်ဆို့မှုများမှာ လျော့နည်းသွား ခြင်းမရှိဘဲ ပိုမိုဆိုးရွားလာခဲ့သည်။

''ယာဉ်ကြောပိတ်ဆို့မှုပြဿနာဆိုတာ စီမံခန့်ခွဲမှု စနစ်က အရေးပါပါတယ်။ ကားတွေများတယ်လို့သာ ပြောနေကြတာ၊ ယာဉ်အစီးရေ များလာတဲ့အပေါ်မှာ လွှမ်းခြုံပြီး စီမံခန့်ခွဲနိုင်တဲ့စနစ် Traffic Demand Management (TDM) က အဓိကကျပါတယ်။ လမ်းမ ကြီးတွေ အပြည့်အဝအသုံးပြုနိုင်ဖို့ ဖော်ဆောင်ရမယ်။ ကားရပ်စရာနေရာတွေ ဖော်ဆောင်ရမယ်။ စည်းကမ်းမဲ့ ဈေးရောင်းတာ၊ ကားရပ်ထားတာ၊ စည်းကမ်းမဲ့ လမ်းကူး တာတွေမရှိရအောင် အသိပညာပေးရမယ်။ လမ်းအသုံးပြု သူ ပြည်သူတွေရော စီမံခန့်ခွဲနေသူတွေပါ လမ်းအန္တရာယ်နဲ့ ပတ်သက်တဲ့ အသိပညာတွေ တော်တော်များများ လှုံ့ဆော်ပေးရမယ်''ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဦးအောင်မြင့် [ညွှန်ကြားရေးမှူး(ငြိမ်း)၊ ကညန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း]က သုံးသပ်ပြောကြားထားသည်။

ရန်ကုန်မြို့ပြ ယာဉ်ကြံ့ခိုင်မှုများ၊ ဝန်ဆောင်မှုများ လျော့နည်းကျဆင်းလာခြင်းနှင့်အတူ ယင်းတို့ကို ထိန်းသိမ်း ကြပ်မတ်မှုအပိုင်းတွင်လည်း အားနည်းမှုများရှိခဲ့သည်။ အခြား အစားထိုးပြေးဆွဲပေးနိုင်သည့် ယာဉ်များ၊ စီမံချက်များ မရှိသည့်အတွက် အဆိုပါယာဉ်များကိုသာ အားထားနေရခြင်းပင်ဖြစ်သည်။ ယင်းကြောင့်လည်း ရန်ကုန်မြို့ပြအများပိုင်ဘတ်စ်ကားလိုင်းကို နိုင်ငံတော်၏ ထည့်ဝင်ငွေ၊ ပုဂ္ဂလိက၏ ပံ့ပိုးမှုဖြင့် ယခုနှစ်တွင် ဖွဲ့စည်းထူထောင်လိုက်ပြီး BRT Lite ဘတ်စ်ကားလိုင်းစနစ်ကို စတင်ဆောင်ရွက် ခဲ့သည်။ အများပြည်သူ၏ ထည့်ဝင်ငွေများလည်း ပါဝင်ပြီး ယာဉ်မောင်းများအား လစာစနစ်ဖြင့် လုပ်ကိုင်စေကာ ကတ်စနစ်ဖြင့် ငွေပေးချေမှုကို လုပ်ဆောင်စေပြီး ယာဉ်နောက်လိုက်ထားရှိခြင်း မရှိတော့ပေ။ သို့ရာတွင် အဆိုပါ စနစ်အောင်မြင်စေရန်မှာ အစိုးရ၏ ပံ့ပိုးမှုအပိုင်းတွင် သာမက ခရီးသည်များ၏ ပူးပေါင်းပါဝင်မှုလည်း လိုအပ်ပေသည်။ အချို့မှာ ယာဉ်စီးခပေးချေခြင်းမရှိဘဲ စီးနင်းနေ မှုများရှိနေသည်။ အများပိုင်ဘတ်စ်ကားလိုင်းစနစ်ကို တိုးချဲ့သွားရန်ရှိနေပြီး ပြန့်ကျဲနေသော ယာဉ်လိုင်းများကို စုစည်းကာ စနစ်တကျဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း မြို့ပြပို့ဆောင်ရေးကဏ္ဍတွင် ပါဝင်ဆောင် ရွက်နေသူ ဒေါက်တာမောင်အောင်က သုံးသပ်သည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲနိုင် ရန်အတွက် မကြာမီလပိုင်းအတွင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး မ.ထ.သ အဖွဲ့ကို ဖျက်သိမ်းကာ ယာဉ်လိုင်းများစွာကိုလည်း စုစည်း ၍ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍကို ဆောင်ရွက်သွားမည်ဟု ဇွန် ၁၉ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပုဂ္ဂလိကယာဉ်ပိုင်ရှင်များနှင့် တွေ့ဆုံ ဆွေးနွေးစဉ် ရှင်းလင်းပြောကြားခဲ့သည်။ ယာဉ်ပိုင်ရှင် များကလည်း အများပိုင်စနစ်တွင် ပါဝင်ဆောင်ရွက်လိုကြပြီး ဝန်ဆောင်မှုကို အခြေပြုသည့် သယ်ယူပို့ဆောင်ရေးစနစ်ကို လိုလားသူများလည်းရှိသည်ဟု သိရသည်။

တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ လုံခြုံစိတ်ချရ၍ လိုရာခရီးကို သက်သောင့်သက်သာ သွားရောက်နိုင်သည့် မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်ကို မဖြစ်မနေအကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ် သည့်အတွက် အစိုးရ၏ ပြည်သူဗဟိုပြုဆောင်ရွက်မှု၊ အမြတ်ရရှိရုံသက်သက်သာမဟုတ်ဘဲ လူထုဝန်ဆောင်မှုကို အခြေပြုမည့် ပုဂ္ဂလိကများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အများပြည်သူ၏ ပူးပေါင်းပါဝင်မှုများက အဓိကကျလာ မည်ဟု မြို့ပြရေးရာ ကျွမ်းကျင်သူများက သုံးသပ်သည်။ မြို့ပြပို့ဆောင်ရေးတွင် မြို့ပြလူဦးရေ၏ ၈ဝ ရာခိုင်နှုန်းခန့် အားထားစီးနင်းနေသည့် ဘတ်စ်ကားလိုင်းများသာမက မြို့ပတ်ရထားစနစ်နှင့် ရေကြောင်းခရီးစဉ်များ၊ အဆိုပါ အခြားသော ပို့ဆောင်ရေးစနစ်များနှင့် ဘတ်စ်ကားလိုင်းများ ချိတ်ဆက်ပြေးဆွဲခြင်းများကိုလည်း အကောင်အထည်ဖော်သင့်သည်ဟု မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်ကလည်း ဆွေးနွေးသုံးသပ်ထားသည်။ ထို့အတူ ဌာနအသီးသီး ချိတ်ဆက်ဆောင်ရွက်ရန်အတွက် စီမံခန့်ခွဲမှုစနစ်များ အရေးပါလာမည်ဖြစ်ရာ မကြာမီ ဖွဲ့စည်းတော့မည့် သယ်ယူပို့ဆောင်ရေးအာဏာ ပိုင်အဖွဲ့သည် ပြုပြင်ပြောင်းလဲရန်နှင့် အဆင့်မြှင့်တင်ရန်အတွက် လိုအပ်ချက်ပေါင်းများစွာရှိနေသည့် ရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍကို အမန်တကယ် ပြောင်းလဲနိုင်မည်လား၊ လုပ်ပိုင်ခွင့်နှင့် အာဏာများအမှန် တကယ်ရရှိနိုင်မည်လား၊ ယခင်ကဲ့သို့ပင် ပြန်လည် ဖျက်သိမ်းခံရမည်လား ဆိုသည်မှာ. . .။

No comments:

Post a Comment