Friday, June 3, 2016

ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများတွင် အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိ၍ နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံရေးအကျဉ်းသားဆိုသည့် စကားရပ်များကို အဓိပ္ပာယ်ဖွင့်ဆိုရန် အစီအစဉ်မရှိ


The Mirror Daily's photo.
နေပြည်တော် ဇွန် ၂
နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံရေးအကျဉ်းသားဆိုသည့် စကားရပ်များကို တည်ဆဲ ဥပဒေတစ်ရပ်ရပ်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို မတွေ့ရှိရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများတွင် ဖော်ပြပါရှိခြင်း မရှိသဖြင့် နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံရေးအကျဉ်းသားဆိုသည့် စကားရပ်များကို အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ပေးရန် အစီအစဉ် မရှိပါကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။
မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၏ ယခုအစိုးရသစ်လက်ထက်တွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားစသည့် ဝေါဟာရများအတွက် စကားရပ် အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားစဉ်ပြောကြားလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၏ ဝေါမြို့နယ်ရှိ ပြန်လည်အပ်နှံလယ်မြေများကို သီးစားဖြင့် လုပ်ကိုင်ခဲ့ရသည့်ကိစ္စ၊ ပန်းညိုကျေးရွာ အုပ်စုပိုင်ကွင်းအမှတ် (၁၂ဝ၄) ကွင်းရှိ စားကျက်မြေ ဧက(၁ဝဝ)ကျော်ကို မည်သို့စီမံ ဆောင်ရွက်ပေးမည်တို့ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် တပ်ဖွဲ့ပိုင် သက်သာစိုက်ပျိုးရေးအဖြစ် သက်ဆိုင်ရာဒေသ အာဏာပိုင်များမှ ခွဲဝေ ပေးထားသော မြေဧက(၁ဝဝ)အား စွန့်လွှတ်သွားရန်ညွှန်ကြားချက်အရ ပဲခူး ခရိုင် ရဲတပ်ဖွဲ့မှ မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ၊ ဝေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ပြန်လည်အပ်နှံခဲ့ပြီး ဖြစ်ပါကြောင်း။
မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီသို့ ပြန်လည်အပ်နှံခဲ့သော် လည်း အကျိုးတူလုပ်ကိုင်သည့် တောင်သူခြောက်ဦးသည် စားကျက်မြေအတွင်း ဆက်လက်ကျူးကျော်ဆောင်ရွက်လျက်ရှိပြီး မူလမြေပိုင်ရှင်များ မဟုတ်ပါ ကြောင်း၊ ဆက်လက်ပြီး ကျူးကျော်လုပ်ငန်းများ ဆောင်ရွက်နေပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
စားကျက်မြေအဖြစ်မှ နုတ်ပယ်ခြင်း၊ ပယ်ဖျက်ခြင်းကိစ္စများကို လိုအပ် သည့် အချက်များနှင့်ကိုက်ညီပါက အဆင့်ဆင့်တင်ပြကာ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဝေါမြို့နယ် ပန်းညိုကျေးရွာအုပ်စုပိုင် ကွင်းအမှတ် (၁၂ဝ၄) ရှိ စားကျက်မြေဧက(၁ဝဝ)မှာ မူလစားကျက်မြေအဖြစ်သာ တည်ရှိနေဆဲဖြစ် ကြောင်း၊ စားကျက်မြေအတွင်း ကျူးကျော်များ ဖယ်ရှားရေးကို ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ဖြေကြားသည်။
ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၏ ကျောက်ဖြူမြို့၏ မြစ်ကမ်းပါး မြေထိန်းနံရံများတွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ကျောက်ဖြူမြို့နယ်၏ မြစ်ကမ်းပါးထိန်းနံရံ ဖြစ်သော တောင်ရင်း တောင်ခြေမှ ပြင်ဖြူမော်ထိ (၄ ဒသမ ၆၃)မိုင်အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှလည်းကောင်း၊ အမှတ်(၁)ဆိပ်ကမ်းမှ ဂေါက်ကလပ်ထိ ပေ(၅ဝဝဝ)နှင့် သာသနာ(၂၅ဝဝ)မှ ခမရ(၅၄၂) ရှေ့အထိ ပေ(၁၂၅ဝ)ကို လမ်းဦးစီးဌာနမှလည်းကောင်း ထိန်းသိမ်းစောင့်ရှောက် လျက်ရှိပါကြောင်း၊ မြစ်ကမ်းပါးမြေထိန်းနံရံ အပြင်ဘက် မြစ်ကမ်းခြေများကို မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေအရ ခရိုင်ဝန် သို့မဟုတ် ၄င်းက အခွင့် အာဏာအပ်နှင်းထားသည့် အခြားအရာရှိက နှစ်စဉ်စီမံချက် ထားခွင့်ရှိပြီး နိုင်ငံတော်အစိုးရက စီမံခန့်ခွဲနိုင်သောမြေကို နည်းဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
မြစ်ကမ်းနားသို့ဝင်ထွက်သွားလာရန် လမ်းလိုလျှင်လည်း လမ်းပေါက်များ ပိတ်နေသည့် အဆောက်အအုံများအား ဥပဒေနှင့်အညီ စီမံဆောင်ရွက်နိုင်ပြီး ထိုကဲ့သို့ စီမံဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများပူးပေါင်းပြီး ဥပဒေနှင့်အညီ နည်းလမ်းရှာဖွေ ဆောင်ရွက်သွားရန် အစီအစဉ် ရှိပါကြောင်း။
ကျောက်ဖြူမြို့ သန်ပန်ချောင်းရပ်ကွက်၊ မြစ်နားတန်းရပ်ကွက်နှင့် ပိုက်ဆိပ်ရပ်ကွက်များရှိ မြစ်ကမ်းခြေတွင် ဆောက်လုပ်ထားသည့် အဆောက် အအုံများသည် သက်ဆိုင်ရာမှ ဥပဒေနှင့်အညီ တရားဝင်ခွင့်ပြုချက်များဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံများရှိသကဲ့သို့ ယခင်ခေတ်ကာလ အဆက်ဆက်ကတည်းကပင် ဒေသနေပြည်သူလူထုအချို့မှ ၄င်းတို့၏ စားဝတ် နေရေး၊ ဘဝရပ်တည်ရေးအတွက် တရားဝင်ခွင့်ပြုချက် မရှိဘဲကျူးကျော် ဆောက်လုပ်နေထိုင်သော အဆောက်အအုံများလည်း ရှိပါကြောင်း။
၎င်းတို့နေထိုင်သည့် မြစ်ကမ်းသဲသောင်မြေဧရိယာအား မြေသားခိုင်မာမှု ရှိ/မရှိ စိစစ်ပြီး မြေသားခိုင်မာမှုရှိပါက နိုင်ငံတော်အစိုးရက စီမံခန့်ခွဲနိုင်သည့် မြေအဖြစ် အသုံးပြုခွင့်ရရှိရေး စိစစ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်း၊ ကျောက်ဖြူမြို့ မြစ်ကမ်းသာယာလှပရေးအတွက် ပင်လယ်ကမ်းခြေပတ်လမ်း မြေထိန်းနံရံများ ပြုလုပ်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ပလက်ဖောင်းများ ပြုလုပ်ခြင်း၊ င်္ူသတနမ သြထ များ၊ မြေယာရှုခင်းအလှများပြုလုပ်ခြင်းတို့ကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေလျာထားဆောင်ရွက်သွားရန် အစီအစဉ်ရှိသည်ကို သိရှိရပါကြောင်း ဖြင့်ဖြေကြားသည်။
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော ''ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ကြမ်း''ကို လက်ခံရရှိကြောင်းကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ အသိပေးတင်ပြခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment