Friday, June 3, 2016

ပြည်သူလူထုပိုင်တဲ့ ကျောက်မျက်ရတနာတွေကနေ ရရှိတဲ့အကျိုးအမြတ်တွေ ပြည်သူလူထုဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့ သုံးစွဲခဲ့ခြင်းသာဖြစ်ပါတယ်



 
 
 
 
 
ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်


နေပြည်တော် ဇွန် ၂

''မီဒီယာတွေမှာ ရေးသားထားသလို အဂတိလိုက်စားမှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ လုံးဝမရှိပါဘူး။ လုပ်ထုံးလုပ်နည်းတွေ အရ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်ချက်ချရတာမျိုးမဟုတ်ဘဲ ဗဟိုကော်မတီနဲ့ ဆုံးဖြတ်ရတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ပြည်သူ လူထုပိုင်တဲ့ ကျောက်မျက်ရတနာတွေကနေ ရရှိတဲ့အကျိုးအမြတ်တွေကို ပြည်သူလူထုဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့ သုံးစွဲခဲ့ခြင်းသာ ဖြစ်ပါတယ်''ဟု သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ ရန်ပုံငွေသုံးစွဲခြင်းနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၎င်းက ''ကျွန်တော်နဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ ရေးသားဖော်ပြထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပုဂ္ဂိုလ်ရေးအရ ရှင်းလင်းရခြင်းဖြစ်ပါ တယ်။ သူတို့ရေးသားဖော်ပြချက်တွေက ရောထွေးနေတယ်။ သူတို့အထင်နဲ့ သူတို့ ရေးသားတာတွေ၊ စုံစမ်းမေးမြန်းခြင်း မရှိဘဲ ရေးသားမှုတွေ၊ အချက်အလက် မပြည့်စုံဘဲ ရေးသားဖော်ပြတာတွေဟာ ပုဂ္ဂိုလ်ရေးအရ အများကြီးထိခိုက်မှုတွေ ရှိတယ်''ဟု ပြောသည်။

သတင်းစာရှင်းလင်းပွဲသို့ တက် ရောက်လာသည့် ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးရဲထွဋ်က ''ကျွန်တော်က တစ်သီးပုဂ္ဂလအနေနဲ့ လာတက်ခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အငြိမ်စား သမ္မတကြီးနဲ့ အတူတာဝန်ထမ်းဆောင်ခဲ့ပြီး အနုပညာ ဗဟိုဌာနနဲ့ပတ်သက်လို့ ကျွန်တော် ဖေ့စ် ဘွတ်ခ်မှာလည်း ရှင်းပြထားပါတယ်။ အခု ဘာတွေရှင်းလင်းတယ်ဆိုတာ သိချင်လို့ လာတက်ခြင်းဖြစ်ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်လို့ ကျွန်တော့်အမြင်ကိုပြောရရင် ဒီကိစ္စ တွေအားလုံးရဲ့ အခြေခံဟာ ကျောက် မျက် ဗဟိုကော်မတီနဲ့ ကျောက်မျက် လုပ်ငန်းရှင်းများအသင်းဟာ လုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာ ပွင့်လင်း မြင် သာမှု အားနည်းခဲ့တဲ့အတွက် နားလည် မှုလွဲတယ်၊ ငွေပမာဏများတဲ့ လုပ်ငန်း တွေအတွက် ပွင့်လင်းမြင်သာဖို့လိုတယ် လို့ မြင်တယ်။

ဒီကိစ္စကိုပြန်ကြည့်ရင် ဒါဟာ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းအဖွဲ့ထဲမှာဖြစ်တဲ့ ပြဿနာဖြစ် တယ်။ တိုင်ကြားတယ်လို့ နာမည်ထွက် တဲ့ သူတွေမှာလည်း အသင်းရဲ့ အမှု ဆောင်တွေအများကြီးပါတယ်။ ဖြစ်သင့် တာက အသင်းရဲ့အမှုဆောင်အစည်း အဝေးတွေ၊ သင်းလုံးကျွတ်အစည်း အဝေးတွေမှာ ဒီကိစ္စတွေကို စာရင်းရှင်း ခိုင်းဖို့လိုတယ်။ မရှင်းရင် တိုင်သင့်ရင် တိုင်ရမယ်''ဟု ပြောသည်။

မြန်မာ့ကျောက်မျက်ရတနာလုပ် ငန်းရှင်များအသင်း ဗဟိုအလုပ်အမှု ဆောင် ဦးစိုးနိုင်က ''ကျွန်တော်က ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်ကို စတင်တည်ထောင်ခဲ့တဲ့ သူတွေထဲက အသင်းချုပ်ဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး တာဝန်ထမ်း ဆောင်ခဲ့တယ်။ အဲဒီလိုတည်ထောင်ခဲ့ ပြီးမှ ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းဆိုတာ ဖြစ်လာတာပါ။ အရင်က ကျောက်မျက်ရတနာပြပွဲကုန်ကျငွေတွေကို နိုင်ငံတော်က အကုန် အကျခံရတယ်။ နောက်ကျောက်မျက် လုပ်ငန်းရှင်များအသင်း ပေါ်ပေါက် လာတဲ့အခါ ကုန်ကျငွေတွေအတွက် ညှိ နှိုင်းသတ်မှတ်ထားတဲ့ အခွန်ကောက်ပါ တယ်။ အခုတစ်ရာခိုင်နှုန်းကောက်ပါ တယ်။ အဲဒီလိုကောက်လို့ရတဲ့ ငွေကြေး သန်း ၈ဝ ကျော်ကို ကျောက်မျက် ရတနာပြပွဲခန်းမကြီးတွေ၊ သင်တန်း ကျောင်းတွေ၊ ဂိုဒေါင်တွေ၊ ရွှေကြာပင် ခန်းမတွေ ဆောက်ခဲ့ပါတယ်။

အလှူ ငွေတွေနဲ့ပတ်သက်လို့ကတော့ ကျောက် မျက်ရတနာလုပ်ငန်းရှင်များ အသင်း သာမက ကျောက်မျက်ရတနာ ဗဟို ကော်မတီကလည်း ထိန်းသိမ်းပါတယ်။ ၂ဝဝ၆ ခုနှစ်ကတည်းက စတင်ရရှိခဲ့ တဲ့ငွေတွေကို ဘယ်လိုသုံးစွဲခဲ့တယ်ဆို တာတွေနဲ့ပတ်သက်ပြီး ကျောက်မျက် ဗဟိုကော်မတီကနေ ကျောက်မျက် အသင်းသူ၊ အသင်းသားတွေ၊ သတင်း မီဒီယာတွေကို ရှင်းလင်းမပြခဲ့တဲ့အတွက် အခုလိုပြဿနာပေါ်လာရခြင်းဖြစ်တယ်''ဟု သူ၏အမြင်ကို ပြောပြသည်။
ပြည်ထောင်စု ဝန်ကြီးဟောင်း ဒေါက်တာ မြင့်အောင်က''ကျွန်တော်က အခု ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး။ သမ္မတဟောင်း ဦးသိန်းစိန်က အခု ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဖြစ်တယ်။ ဒီလိုရေးသား ဖော်ပြမှုတွေဟာ ပါတီကိုသိက္ခာချတာ၊ ပါတီကို ထိုးနှက်တာလို့ထင်တယ်။ ပုဂ္ဂိုလ် ရေးအရ တိုက်ခိုက်တာဖြစ်တယ်။ ဒါတွေ ကို ဥပဒေကြောင်းအရ အရေးယူဖို့ သင့်တယ်လို့မြင်တယ်။ မမှန်မကန်တာ မဟုတ်တာကိုတော့ မဟုတ်ကြောင်း၊ မမှန်ကြောင်း၊ ဥပဒေကြောင်းအရ တုံ့ ပြန်ရမှာဖြစ်တယ်။ မတုံ့ပြန်ရင် အမှား က အမှန်လိုဖြစ်သွားမယ်။ ဒါကြောင့် ဥပဒေကြောင်းအရအရေးယူသင့်တယ်၊ တုံ့ပြန်သင့်တယ်လို့ ပုဂ္ဂိုလ်ရေးအရ မြင်ပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ် တဲ့နေရာမှာ မီဒီယာတွေအနေနဲ့ ဝေဖန် သုံးသပ် ပံ့ပိုးကူညီကြရမှာ ဖြစ်ပါတယ်။ ပွဲဆူအောင်၊ သိက္ခာကျဆင်းအောင်၊ နစ်နာအောင်မလုပ်သင့်ပါ ဘူး။ တိုက်ရိုက် လုပ်သူတွေ၊ အားပေးကူညီသူတွေ၊ ပံ့ပိုးသူတွေနဲ့ အဖွဲ့အစည်းတွေကို အရေး ယူသင့်တယ်လို့ ပုဂ္ဂိုလ်ရေးအရမြင်ပါ တယ်။ ကျွန်တော်က မည်သူရဲ့တိုက်တွန်း ချက်၊ စေ့ဆော်ချက်မှမပါဘဲ အခုလို ရှင်းလင်းရခြင်းဖြစ်ပါတယ်။ ကျွန်တော် နဲ့ ပတ်သက်တယ်ဆိုတာတွေကို ဘာလုပ် ရမယ်ဆိုတာ ကျွန်တော်စဉ်းစားသွား မယ်။ မီဒီယာတွေအနေနဲ့ လုပ်ငန်းရှင် တွေပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေကိုပဲ ဖြစ်ဖြစ် အချိန်မရွေးမေးမြန်းစုံစမ်းနိုင်ပါ တယ်''ဟု ပြောသည်။
ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း ''အခုဟာက အုပ်ချုပ်မှု အာဏာအရလုပ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဆီကို တိုင်တာ မဟုတ်ဘူး။ လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ သတ္တုနဲ့ ဆိုင်တဲ့ကော်မတီတွေ၊ တိုင်ကြား စာနဲ့ပတ်သက်တဲ့ ကော်မတီတွေကို တိုင်ကြားတာမဟုတ်ဘဲနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ထုတ်ခံရ တဲ့ သူတွေများများပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ ကော်မရှင်ကို တိုင်ကြား တယ်ဆိုတာကတော့ အသင်းရဲ့ကိစ္စထက် ပိုပြီးနက်နဲတဲ့ နိုင်ငံရေးအကြောင်းအရာ တွေများရှိမလားလို့ စဉ်းစားစရာ ဖြစ်ပါ တယ်။

ဒီလိုဖြစ်တာကိုပြန်ကြည့်ရင် ပြည် ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် ကို ပုဂ္ဂိုလ်ရေးအရ ရည်ရွယ်ထိုးနှက်တဲ့ ကိစ္စတွေအများကြီးပါတာကို တွေ့ရ မှာဖြစ်တယ်။ ဥပမာ ရွှေလယ်တော ကော်ဖီဆိုင်ကိစ္စပေါ့။ ဒါဟာလည်း ဆင် တွေကြားထဲမှာ ယုန်ဝင်ဖမ်းတာနဲ့တူနေတယ်လို့မြင်တယ်။ ဒါတွေဟာ အများကြီး စဉ်းစားစရာ ကောင်းပါတယ်။
သတင်းမီဒီယာဆိုတာ ထူးခြားတဲ့ သတင်းတွေ၊ ပြည်သူတွေသိသင်တယ် ဆိုတဲ့သတင်းတွေရေးသားတင်ပြရမှာ မီဒီယာရဲ့တာဝန်ပါ။ ဒီလိုရေးသားတင်ပြ တဲ့အခါ အခြားသူတွေရဲ့ နိုင်ငံရေး အကျိုးအမြတ်အလို့ငှာ အသုံးချခံဘဝ တွေ မဖြစ်ဖို့လိုတယ်လို့ ထင်တယ်။ သတင်းတစ်ခုကြားရင် သတင်းရဲ့နောက် ကြောင်းရာဇာဝင်ကို ပြန်လည်စိစစ်စေ ချင်ပါတယ်။
ဒီနေ့သတင်းစာရှင်းလင်းပွဲကတော့ သူတို့အနေနဲ့ဒီကိစ္စမှာ အဂတိလိုက်စား တာ မရှိဘူး၊ တာဝန်အတိုင်း မှန်မှန် ကန်ကန်လုပ်တယ်ဆိုတာ ပြောသွားတာ တွေ့ရတယ်။ သို့သော်တိကျတဲ့ အချက် အလက်တွေကို အခုထက်ပိုပြီး ထုတ် ပြန်ပေးနိုင်မယ်ဆိုရင် ပြည်သူတွေပိုပြီး ရှင်းလင်းသွားမှာဖြစ်တယ်။ ဘဏ်မှာ ငွေစာရင်းရှိတယ်ဆိုရင် ငွေစာရင်းကို ဘဏ်ကနေ တောင်းပြီးထုတ်ပြန်ပေး သွားရင် ပိုရှင်းလင်းသွားမှာဖြစ်တယ်''ဟု ဆိုသည်။

အနုပညာဗဟိုဌာနတွေဆောက် တယ်ဆိုတာ ဗဟိုကော်မတီနဲ့မဆိုင်ပါ ဘူး။ အကျိုးတူ လုပ်ငန်းရှင်တွေက သမ္မတဟောင်းကို လှူတာမဟုတ်ပါဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာန အကောင့် ထဲကို လွှဲပေးတာဖြစ်တယ်။ သမ္မတ ဟောင်းကတစ်ဆင့် သွားတာလည်း မဟုတ်ဘူး။ အသင်းရန်ပုံငွေ၊ ဗဟို ကော်မတီရန်ပုံငွေလည်း မဟုတ်ဘူး။ အလှူရှင်က ပုဂ္ဂလိကဆန်ဆန် လှူတဲ့ သီးသန့်အလှူငွေဖြစ်တယ်။ ဒါတွေကို အစည်းအဝေးခေါ်ယူရှင်းပြရင် အားလုံး ရှင်းသွားမှာဖြစ်တယ်။ ကျွန်တော်သိရ သလောက်ကတော့ ဘယ်သူမှ အလွှဲသုံး စားမလုပ်ကြပါဘူး။ စာရင်းဇယားတွေ ရှိပေမယ့် ပွင့်လင်းမြင်သာစွာရှင်းလင်း မှုတွေမရှိလို့ အခုလိုဖြစ်ရတာပါဟု အသင်း ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် က ရှင်းပြသည်။

ကျောက်မျက်ရတနာ ပြပွဲဗဟို ကော်မတီရန်ပုံငွေဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်သည့် တိုင်ကြားစာကို ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်း ဗဟိုအလုပ်အမှု ဆောင် ဦးအောင်ကြီးက ဒီနေ့ ဒီနေရာ မှာ သတင်းစာရှင်းလင်းသလို ရန်ကုန် မှာလည်း ရှင်းလင်းနေပါတယ်။ အလုပ် အမှုဆောင် ၁၅ ဦးလက်မှတ်ထိုး တိုင် ကြားတယ်။ ''ဒီနေ့ ရှင်းလင်းသွား တာတွေမှာ အားနည်းချက်၊ အားသာ ချက်တွေတွေ့ရတယ်။ ရှင်းလင်းတဲ့သူ တွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်း မြို့ကျောက်မျက်ရတနာ အသင်းမှာ ဇွန်လ ၇ ရက်တွင် တရားဝင် သတင်းစာ ရှင်းလင်းသွားမယ်။
ငွေ ၉၃ သန်းဟာ ဘာကြောင့်၊CSR ရန်ပုံငွေသုံးတာ၊ ဘာကြောင့်၊ ဘယ်အစည်းအဝေး ခွင့်ပြုချက်နဲ့ သုံး တယ်၊ ဘယ်အတွက်ဘာပေါ့။ အမှန် တရား ရဲ့နောက်ကွယ်မှာ ဘယ်အရာမှ ဖုံးလို့ မရပါဘူး။ ကိုယ့်သမိုင်းကို ကိုယ် ကိုတိုင် ရေးကြရတာဖြစ်ပါတယ်။ ရိုးသား ပွင့်လင်းမှုမရှိလို့ တိုင်ကြားရတာဖြစ် တယ်။ ခေါင်းဆောင်ဆိုတာ ရိုးသား ပွင့်လင်းရမှာဖြစ်တယ်။ အမှန်တရား ပေါ်စေချင်တယ်''ဟု ပြောကြားခဲ့သည်။
မောင်ဖိုးဇော်

No comments:

Post a Comment