Friday, June 3, 2016

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ယနေ့ကျင်းပမည်


 
 
 
သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန် ဇွန် ၂

ဆူဇူကီးဖလားပြိုင်ပွဲ အကြိုကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ (AYA Bank Cup 2016) ) ကို ဇွန် ၃ ရက်(ယနေ့) စတင် ကျင်းပတော့မည်ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ညနေ ၃ နာရီတွင် ဗီယက်နမ်အသင်းနှင့် ဟောင်ကောင်အသင်း၊ ညနေ ၆ နာရီတွင် အိမ်ရှင်မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဆူဇူကီးပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန်ပြင်ဆင်လျက်ရှိပြီး ယခုပြိုင်ပွဲမှာ ပြင်ဆင်မှုများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် နည်းပြဂတ်ဖရိုင်းဒရစ် လက်ထက်တွင် နိုင်ပွဲပျောက်ဆုံးနေမှုကို စင်ကာပူအသင်းနှင့်ပွဲ၌ ချေဖျက်နိုင်ရန် လိုအပ်နေသည်။

ယခုပြိုင်ပွဲကို ခြေစွမ်းမြင့်မား သည့် ဗီယက်နမ်၊ ဟောင်ကောင်အသင်းတို့ပါဝင်နေရာ အောင်မြင်မှုရရှိရန်ခက်ခဲစွာ ကြိုးပမ်းရမည် ဖြစ်သော်လည်း စင်ကာပူကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲတက်ရောက်နိုင်ရန် မျှော်လင့်လျက်ရှိသည်။ ပြိုင်ပွဲအကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ဟိုတယ်ရန်ကုန်၌ ကျင်းပသည်။

မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ''အသင်းရဲ့လက်ရှိအနေအထားကို အားရ ကျေနပ်မိတာရှိပေမယ့် အကြိမ်ကြိမ် ပြင်ဆင်နေရတဲ့အပိုင်းတွေလည်း ရှိပါတယ်။ အဓိကကတော့ အဆုံးသတ်အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို ပိုပြီးပြင်ဆင်နေပါတယ်။ စင်ကာပူအသင်းနဲ့ ကစားရမယ့်ပွဲဟာ ခက်ခဲနိုင်ပေမယ့် အနိုင်ရအောင်ကြိုးပမ်းသွား မှာပါ'' ဟု ပြောကြားခဲ့သည်။

စင်ကာပူအသင်းနည်းပြချုပ် ဆန်ဒရန်မိုသီက ''ကျွန်တော့်အနေနဲ့ ဒီအသင်းကို ကိုင်တွယ်တာရက်ပိုင်းပဲ ရှိသေးတယ်။ ဒီပြိုင်ပွဲက ပထမဆုံးပြိုင်ပွဲဖြစ်တာကြောင့် အောင်မြင်မှုရယူနိုင်အောင် ကြိုးစားသွားမှာပါ'' ဟု ပြောကြားခဲ့သည်။

ဗီယက်နမ်အသင်းနည်းပြချုပ် ငုယင်ဟူသန်က ''ဗိုလ်လုပွဲတက်ဖို့ဆိုတာ ကျွန်တော် တို့ရော ဟောင်ကောင်အသင်းပါ အခွင့်အရေးကိုယ်စီရှိပါတယ်။ ကစားသမား အစုံ အလင် ပါဝင်လာတာကြောင့် အသင်းအနေအထားကို ကျေနပ်ပါတယ်''ဟု ပြောကြားခဲ့ သည်။ ဟောင်ကောင်နည်းပြ ကင်ပန်ဂွန်က ''ကျွန်တော်တို့အတွက် အကျိုးရှိမယ့် ပြိုင်ပွဲပါ။ ဒါကြောင့် လူငယ်ကစားသမားတချို့ကို အတွေ့အကြုံရအောင် ခေါ်လာ ပါတယ်။ ဗီယက်နမ်နဲ့ပွဲကတော့ ခက်ခဲမှာပါ''ဟု ပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် ဆုကြေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၅ဝဝဝ ချီးမြှင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ဒိုင်လူကြီးများ ကိုင်တွယ်မည်ဖြစ်သည်။ တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဇွန် ၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။

No comments:

Post a Comment