Thursday, June 2, 2016

နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ်

နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ်
သတင်း-ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ-ဇော်ကြီး(ပဏီတ)၊ ရဲထွဋ်

ရန်ကုန် ဇွန် ၁

၂ဝ၁၆-၂ဝ၁၇ ခုနှစ် ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသားကျောင်းသူ စုစု ပေါင်း ၉၄၉၅၉ဝ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ယခုနှစ် ပညာသင်နှစ်တွင်KG သင်ရိုးညွှန်းတမ်းသစ်ကို စတင်သင်ကြားလျက်ရှိရာ ကဗျာရွတ်ဆိုသီဆိုကခုန်ခြင်း၊ ပန်းချီ ဆွဲခြင်း၊ ရုပ်ပုံကားချပ်များအရောင်ခြယ်ခြင်း၊ ဝိုင်းဖွဲ့ကစားခြင်း များ အပါအဝင် သင်ကြားမှုနယ်ပယ်ကြီးခြောက်ရပ်ဖြင့် ပို့ချ သင်ကြားပေးလျက်ရှိသည်ကို တွေ့ရသည်။
''ပညာရေးဝန်ကြီးဌာနက ရန်ပုံငွေချပေးတဲ့အတွက် အထူး သဖြင့် ကလေးတွေ ကျန်းမာရေးအတွက် မုန့်စားရုံ၊ သန့်စင်ခန်း၊ ခုံတွေ စတဲ့အဆောက်အအုံ၊ ပရိဘောဂအတွင်းပိုင်း၊ အပြင်ပိုင်း အားလုံး ယခုနှစ်ပညာသင်နှစ်အတွက် တတ်နိုင်သမျှ ပြုလုပ် ထားပါတယ်''ဟု ဗိုလ်တထောင် အထက (၅) ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းဌေးက ပြောသည်။

ယခုနှစ် သူငယ်တန်းKG နှင့်ပတ်သက်၍ ''KG သင်ယူမှု ညွှန်ကြားချက်က ကလေးတွေအားလုံး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ခန်းစာတွေကို သင်နိုင်ကာKG ဆိုတဲ့ အဆင့်တစ်ဆင့်၊ ဘဝတစ်သက်တာအတွက် အမှတ်တရ ပျော်ရွှင် စရာကောင်းတဲ့အချိန်လေးကို ပြန်သတိရနိုင်ဖို့ရည်ရွယ်ပြီး Kg သင်ရိုးညွှန်းတမ်းလေးကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးဖြစ်ဖို့ ဆောင်ရွက်ထားပါတယ်။ သူငယ်တန်း တစ်ခန်းကို ပျမ်းမျှ ၄၅ ဦးပဲ လက်ခံတယ်။ွု ရဲ့ပုံစံက သီချင်းဆိုကြမယ်၊ ပညာပေး သီချင်းတွေ၊ ကလေးတွေရဲ့စိတ်ဓာတ်၊ စည်းကမ်း၊ ယဉ်ကျေးမှု၊ ဘာသာတရားနဲ့ ပတ်သက်တဲ့ ကလေးတွေရဲ့ အတွေးအခေါ် မှာ သူငယ်တန်းလောက်က အခြေခံချပေး နိုင်တဲ့သင်ရိုးတွေကို ပျော်ပျော်ပါးပါး သီချင်းတွေဆိုမယ်၊ ကကြမယ်၊ ကစား စရာလေးတွေနဲ့ကစားမယ်၊ လက် သန်မာ အောင် ပန်းချီဆွဲမယ်၊ ရုပ်ပုံကားချပ်ကို အရောင်ခြယ်မယ်၊ စက္ကူခေါက်မယ်၊ ကလေးအားလုံး ဝိုင်းဖွဲ့ကစားကြမယ်၊ ဒီကျောင်းလို အဆောက်အအုံနေရာ အခက်အခဲရှိတဲ့ကျောင်းမျိုးကKG ကို သီးသန့်မထားနိုင်ဘူး။ အဆောက်အအုံ ကြီးတဲ့ ကျောင်းကတော့ သူငယ်တန်းကို သီးသန့်ထားတဲ့အတွက် ကလေးအတွက် ပိုကောင်းတယ်။ သင်ရိုးကလည်း ကဗျာ၊ သီချင်းဆိုကြမယ်။ ဟိုးအရင်ကတည်းက မြန်မာကစားနည်းတွေကိုKG ကို အသက်သွင်းပေးတာ၊ အလွတ်ကျက်ပြီး ဖြေတဲ့ပုံစံကနေ ကလေးစဉ်းစားဉာဏ်၊ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်ဖြည့်စွက်ချက်တွေနဲ့ အထူးပြု သင်ကြားနည်းကလေးကို ဗဟိုပြုသင် ကြားနည်းပေါ့၊ ကလေးဘယ်လောက် သိလဲ အကြောင်းအရာပေါ်မှာ ကလေး တွေဘက်က ပြန်လာမှုအပေါ်မှာ အခြေခံ ပြီး ဆရာနဲ့ ကလေးအပြန်အလှန်မေးရင်း၊ ပြောရင်းနဲ့ ကလေးတွေ အသိတရား၊ ဗဟုသုတတွေ တိုးမြှင့်ပေးတဲ့ပညာ ရေးပါ'' ဟု ၄င်းက ပြောသည်။

ဗိုလ်တထောင် အထက (၅) သူငယ် တန်းKG -Aဒေါ်ပိုးအိစိုးက''သင်တန်း ပို့ချထားတဲ့ သင်ကြားမှုပုံစံအတိုင်း သင်ရ မှာပါ။ ကိုယ့်အတန်းနဲ့ကိုယ် သင်တန်းက ပို့ချလိုက်တဲ့သင်ထောက်ကူပစ္စည်းတွေ သုံးပြီးသင်မှာပါ။ ကလေးတွေကို အခု အုပ်စုနဲ့ထိုင်ခိုင်းပါတယ်။ ပုံမှန်ဆိုရင် ကျောင်းတွေမှာ အတန်းလိုက်ထိုင်ကြ ပေမယ့် ဒီနေ့မှာ ထိုင်ခုံတွေနဲ့ အုပ်စုဖွဲ့ပြီး ထိုင်ခိုင်းပါတယ်။ အဖွဲ့တွေကလည်း တစ်နေ့ တစ်ဖွဲ့ မတူဘူး။ ကလေးအားလုံး အချင်းချင်း ပျော်ရွှင်ရင်းနှီးမှုရှိသွား အောင် လှည့်ပြီး ထိုင်ခိုင်းထားပါတယ်။ ကလေးတွေဆော့ဖို့ ပစ္စည်းတွေရှိတယ်။ ဆေးရောင် ခြယ်တာ အရုပ်ဆက်တာတွေ လုပ်ကြမယ်။ တစ်ခန်းမှာ ၄၃ ယောက်ရှိ ပါတယ်။ ဒီနေ့က ကျောင်းစပြီးတက်တဲ့ အတွက် ကလေးတွေကို နေရာချထား မယ်။ နာမည်ခေါ်ပြီး စစ်ဆေးမယ်။ စုံပြီ ဆိုရင် အတန်းထဲမှာရှိတဲ့ စည်းကမ်းချက် တွေ ပြောပြမယ်။ အမှိုက်ဘယ်မှာပြစ်မလဲ။ အားလုံးပြီးရင် ဆရာမနဲ့ မိတ်ဆက်မယ်။ ကလေးတွေအားလုံးက သူတို့အချင်းချင်း လည်း မိတ်ဆက်ကြမယ်။ ကဗျာဆိုမယ်၊ ပုံမှန်အရောင်ခြယ်တာတို့၊ စက္ကူခေါက် တာတို့လုပ်မယ်။ ညနေကျောင်းမဆင်းခင် ကဗျာတွေဆိုပြီး ကျောင်းဆင်းမယ်'' ဟု ပြောသည်။

''ကျန်းမာရေးအတွက်လည်း ကျောင်း မဖွင့်ခင်ကတည်းက ခြင်ဆေးဖျန်းပြီးပါပြီ။ အခန်းအနေအထားက ပန်ကာတွေ၊ မီးချောင်းတွေထားပေးပါတယ်။ လက် ဆေးဖို့ ဘေစင်တွေ၊ ဆပ်ပြာတွေလည်း ထားပေးတယ်။ ကလေးတွေအပေါ့အပါး သွားဖို့ အစောင့်တွေလည်း ရှိပါတယ်။ ဆရာမလိုက်ပို့ရင် အတန်းမှာ ကျန်တဲ့ ကလေး လစ်ဟာသွားမှာစိုးလို့ပါ။KG က စာမသင်တဲ့အတန်း မဟုတ်ပါဘူး။ အားလုံးက ကဗျာပဲဆိုမယ်၊ စာမသင် ဘူးလို့ ထင်နေကြတယ်။ အမှန်က စာမသင်တာမဟုတ်ဘူး၊ ကလေး တစ်ယောက်ရဲ့ပညာရေးက နောက်ပိုင်း တောက်လျှောက် ပညာပဲသင်သွားရမှာ၊ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမယ့်အချိန် မှာ စိတ်ဓာတ် ၊ စည်းကမ်း၊ သင်ကြားပေး သွားမှာဖြစ်ပါတယ်။ ကျောင်းမှာလည်း ပျော်ရွှင်မယ်၊ အများနဲ့လည်း ပူးပေါင်းနိုင် ရမယ်၊ နယ်ပယ်ကြီး(၆) ရပ် သင်ကြား သွားမှာပါ''ဟု ၄င်းက ဆိုသည်။

မိဘတစ်ဦးဖြစ်သူ မဝါဝါမြင့်က ''သမီးလေးက သူငယ်တန်းKG မှာ တက်နေတာပါ။KG တန်းမှာ သက် သောင့်သက်သာ ချောင်ချောင်ချိချိနဲ့ သင်ရိုးသစ်ကို သင်ရမှာဖြစ်တဲ့ အတွက် အဆင်ပြေမှာပါ။ ငယ်ရွယ်တဲ့အချိန်မှာ ဆော့ကစားရင်း ပညာသင်သွားမှာဖြစ် တဲ့အတွက် အလွန်ကောင်းမွန်ပါတယ်။ပညာရေးကလည်း အခမဲ့ဖြစ်တာက အရင်ကတည်းက ဖြစ်သင့်ပါတယ်။ ကျောင်းကို အပ်တဲ့အခါ ဘာကြေးမှလည်း မပေးရ တော့ မိဘတစ်ယောက်အနေနဲ့ ဒီလို ပံ့ပိုးမှုတွေကြောင့် ပိုကောင်းတယ်လို့ မြင်ပါတယ်''ဟု ပြောသည်။
နိုင်ငံတော်က ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားနိုင်ရေး အတွက် အခြေခံပညာမူလတန်း၊ အလယ် တန်း၊ အထက်တန်းတို့ကို အခမဲ့ပညာ ရေးစနစ်သတ်မှတ်ထားရာ ကျောင်းအပ်နှံ ရာတွင် ငွေကုန်ကျမှုမရှိစေရန် ကျောင်း ဝတ်စုံ၊ ဖတ်စာအုပ်၊ ဗလာစာအုပ်များ ကိုပါ အခမဲ့ ဖြန့်ဝေပေးလျက်ရှိပြီး ကျောင်းဝင်ကြေးများကိုလည်း ပေးဆောင် ရန်မလိုတော့ကြောင်း သိရသည်။
အခြေခံပညာဦးစီးဌာန တိုင်းပညာရေးမှူးရုံး(ရန်ကုန်တိုင်းဒေသကြီး)၏ ၂ဝ၁၆ ခုနှစ် (ယနေ့) ဇွန် ၁ ရက် အတန်း လိုက်ကျောင်းတက်ရောက်သည့် ကျောင်း သားစာရင်းများအရ ရန်ကုန်မြောက်ပိုင်း ခရိုင်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၄၅ဝ၅၆ ဦး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၆၉၈ဝဝ၊ ရန်ကုန်တောင်ပိုင်း ခရိုင်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၃၂ဝ၂ဝ နှင့် ရန်ကုန် အနောက်ပိုင်းခရိုင်တွင် ကျောင်းသား ကျောင်းသူစုစုပေါင်း ၁ဝ၂၇၁၄ ဦး တို့ စတင်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၉၄၉၅၉ဝ ဦး ပျော်ရွှင်စွာ ပညာသင်ကြား လျက်ရှိသည့်အနက် ကျောင်းသား ၄၇၆၉၅၁ ဦးနှင့် ကျောင်းသူ ၄၇၂၆၃၉ ဦးတို့ရှိကြောင်း သိရသည်။

No comments:

Post a Comment