Wednesday, June 1, 2016

အိန္ဒိယကြည်းတပ်ခဲယမ်းမီးကျောက်သိုလှောင်ရုံ မီးလောင်မှုဖြစ်ပွား၊ တပ်ဖွဲ့ဝင် ၁၇ ဦးထက်မနည်းသေဆုံး၊ ၁၉ ဦးဒဏ်ရာရ


The Mirror Daily's photo.
နယူးဒေလီ မေ ၃၁
အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရာရှတြာပြည်နယ်ရှိ ကြည်းတပ် ခဲယမ်းမီးကျောက်သိုလှောင်ရုံတစ်ခုတွင် မေ ၃၁ရက်က မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းမီးလောင်ကျွမ်းမှုကြောင့် တပ်ဖွဲ့ဝင် ၁၇ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၉ ဦးရှိကြောင်း ယနေ့ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
အိန္ဒိယကြည်းတပ် ခဲယမ်းမီးကျောက်သိုလှောင်ရုံများအနက် အကြီးဆုံးသိုလှောင်ရုံ၌ ဒေသစံတော်ချိန် နံနက် ၁ နာရီခန့်တွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာနေရာမှာ မဟာရာရှတြာပြည်နယ် ပူးလ်ဂဝန်မြို့တွင် ဖြစ်ကြောင်း၊ ယင်း သိုလှောင်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မီးလောင်မှုလျင်မြန်စွာ ပျံ့နှံ့ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ ယခုအချိန်အထိ မီးလောင် ခံရပြီး သေဆုံးသွားသည့်တပ်ဖွဲ့ဝင် ၁၇ ဦး၏ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားကြောင်း၊ ယင်းတို့တွင် အထက်တန်းစစ်ဘက်အရာရှိ နှစ်ဦး၏ ရုပ်အလောင်းများလည်းပါဝင်ကြောင်း ရဲတပ်ဖွဲ့အထက်တန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူများအနက် အချို့မှာ စိုးရိမ်ရသည့်အခြေအနေရှိသဖြင့် သေဆုံးမှုဦးရေတိုးမြင့် လာဖွယ်ရှိနေသည်။
အဆိုပါခဲယမ်းမီးကျောက်သိုလှောင်ရုံမီးလောင်ကျွမ်းခံရမှုမြင်ကွင်းကို ဒေသဆိုင်ရာရုပ်မြင်သံကြားဌာနများက ထုတ်လွှင့်ပြသခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက အစွမ်းကုန်မီးငြှိမ်းသတ်ပုံကိုလည်း တွေ့မြင် ရသည်။ ခဲယမ်းမီးကျောက်သိုလှောင်ရုံအနီးတွင် နေထိုင်သူရွာသူ ရွာသား ၁ဝဝဝ နီးပါးကိုလည်း ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ ကြောင်း သတင်းတွင်ဖော်ပြသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားရသည့်အကြောင်းရင်းကို လတ်တလော မသိရသေးသော်လည်း အမြန်ဆုံးစုံစမ်းစစ်ဆေးရန် အမိန့်ပေးထား သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူကပြောကြားသည်။
ဆင်ဟွာ။

No comments:

Post a Comment