Tuesday, June 28, 2016

ပြင်သစ်၊ ဂျာမနီနှင့် ဘယ်လ်ဂျီယံတို့ ကွာတားဖိုင်နယ်တက်လှမ်း


The Mirror Daily's photo.
=======================================
ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိ သည့် ယူရို ၂ဝ၁၆ ပြိုင်ပွဲ၏ ၁၆ သင်းအဆင့်ပွဲစဉ်များ ကို ဇွန် ၂၆ ရက် ညပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ်အသင်း၊ ဂျာမနီအသင်းနှင့် ဘယ်လ်ဂျီယံအသင်း တို့ ပြိုင်ဘက်အသင်းများကို အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
အိမ်ရှင်ပြင်သစ်အသင်းသည် ၁၆ သင်းအဆင့်တွင် အိုင်ယာလန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး ပွဲစပြီး နှစ်မိနစ်မှာပင် အိုင်ယာလန်အသင်းက ပင်နယ်တီသွင်းဂိုးဖြင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။ သို့ရာတွင် ပြင်သစ်အသင်း သည် ယူရိုပြိုင်ပွဲတစ်လျှောက်တွင် ဒုတိယပိုင်းရောက်မှသာ ဂိုးသွင်းယူနိုင်ခဲ့သည့်ပုံစံအတိုင်း ဒုတိယပိုင်းပွဲကစားချိန် ၅၇ မိနစ်နှင့် ၆၁ မိနစ်တို့တွင် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်း ကြောင့် ပြင်သစ်အသင်း ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် အိုင်ယာလန်အသင်းသည် ချေပဂိုး ပြန်လည်ရရှိရေးကြိုးပမ်းခဲ့ရာမှ ပွဲကစားချိန် ၆၆ မိနစ် တွင် အိုင်ယာလန်ကစားသမား ဒက်ဖိုင်းအနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။ ပြင်သစ်အသင်းသည် အိုင်ယာလန် အသင်းအား အနိုင်ရရှိခဲ့ခြင်းကြောင့် ကွာတားဖိုင်နယ် အဆင့်တွင် အင်္ဂလန်အသင်းနှင့် အိုက်စလန်အသင်းတို့ ပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ကွာတားဖိုင်နယ်ပွဲစဉ်တွင် နောက်ခံလူရာမီနှင့် ကွင်းလယ်ကစားသမားကန်တီတို့မှာ လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
ပြင်သစ်အသင်းနှင့် အိုင်ယာလန်အသင်းတို့၏ ပွဲစဉ် တွင် ပြင်သစ်အသင်းအတွက် သွင်းဂိုးများကို တိုက်စစ်မှူး ဂရစ်ဇ်မန်းက သွင်းယူပေးခဲ့ပြီး တိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ယူရို ၂ဝ၁၆ ပြိုင်ပွဲတွင် ပြင်သစ်အသင်း၏ အဓိက ကစားသမားဖြစ်လာခဲ့သည်။
ယူရို ၂ဝ၁၆ ပြိုင်ပွဲ၏ ၁၆ သင်းအဆင့်ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဂျာမနီအသင်းနှင့် ဆလိုဗက်ကီးယားအသင်းတို့၏ ပွဲစဉ်တွင် ဂျာမနီအသင်းသည် ပွဲကစားချိန် ၈ မိနစ်မှာပင် ဘိုတန်၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ပွဲကစားချိန် ၄၃ မိနစ်တွင် ဂိုမက်ဇ်၏ သွင်းဂိုး ထပ်မံရရှိခဲ့ခြင်းကြောင့် ပထမပိုင်းမှာပင် နှစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ယင်းမှာ ကွင်းလယ်ကစားသမား အိုဇေးလ် ပွဲကစားချိန် ၁၄ မိနစ်တွင်ရရှိခဲ့သည့် ပင်နယ်တီသွင်းဂိုး လွဲချော်ခဲ့ခြင်းကြောင့် ပထမပိုင်းတွင် နှစ်ဂိုးသာရရှိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဂျာမနီ အသင်းသည် ပွဲကစားချိန် ၆၆ မိနစ်တွင် ဂျူလီယန်ဒရက်ဇ်လာ၏ သွင်းဂိုးထပ်မံရရှိခဲ့ခြင်းကြောင့် ဂျာမနီအသင်းက ဆလိုဗက်ကီးယားအသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဂျာမနီအသင်းသည် အီတလီအသင်းနှင့် စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းနှင့် ကွာတားဖိုင်နယ် အဆင့်တွင် တွေ့ဆုံမည်ဖြစ်သည်။
ဂျာမနီအသင်းနှင့် ဆလိုဗက်ကီးယားအသင်းတို့၏ ပွဲစဉ်တွင် ဂျာမနီအသင်းသည် ၄-၂-၃-၁ ကစားကွက်ကို ပုံဖော်ခဲ့ပြီး ဒရက်ဇ်လာကို ဘယ်ခြမ်းတွင်ထားကာ အိုဇေးလ်ကို ကွင်းလယ်အဓိကကစားစေခဲ့သည့်အပြင် တိုက်စစ်ပိုင်း၏ညာခြမ်းတွင် ဂိုမက်ဇ်၏ နောက်တွင် သောမက်မူလာအား ကစားစေခဲ့ခြင်းကြောင့် ဂျာမနီ အသင်း၏ ကစားကွက်ကို ဆလိုဗက်ကီးယားအသင်း မထိန်း နိုင်ခဲ့ဘဲ ဂျာမနီအသင်းက အနိုင်ရရှိခဲ့ကာ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
တိုက်စစ်မှူး ဂိုမက်ဇ်သည် ဆလိုဗက်ကီးယားအသင်း နှင့် ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ယူရိုပြိုင်ပွဲတွင် ကလင်စမန်းနှင့်အတူ ဂျာမနီအသင်းအတွက် သွင်းဂိုးငါးဂိုး သွင်းယူနိုင်ခဲ့သည့် ကစားသမားလည်းဖြစ်လာခဲ့သည်။ ကွင်းလယ်ကစားသမား အိုဇေးလ်မှာမူ ယခု ဆလို ဗက်ကီးယားအသင်းနှင့် ပွဲစဉ်တွင်လည်း ပင်နယ်တီ လွဲချော်ခဲ့ရခြင်းကြောင့် နိုင်ငံအသင်းအတွက်ရော ကလပ်အသင်းအတွက်ပါ နောက်ဆုံးသုံးကြိမ်ဆက် ပင်နယ်တီလွဲခဲ့ရသည့် မှတ်တမ်းလည်းဝင်သွားခဲ့သည်။
ယူရို ၂ဝ၁၆ ပြိုင်ပွဲ၏ ၁၆ သင်းအဆင့်ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဟန်ဂေရီအသင်းနှင့် ဘယ်လ်ဂျီယံအသင်းတို့၏ ပွဲစဉ်တွင် ဘယ်လ်ဂျီယံအသင်းသည် ဟန်ဂေရီအသင်းကို လေးဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ယင်းပွဲစဉ်တွင် အသင်း ခေါင်းဆောင်ဖြစ်သည့် တိုက်စစ်မှူး ဟာဇက်သည် အသင်း အတွက်အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။
ဘယ်လ်ဂျီယံအသင်းအတွက် သွင်းဂိုးများကို အယ်လ်ဒါဝီး၊ ဘတ်ရူယာဝီ၊ ဟာဇက်နှင့် ကာရက်စကိုတို့က သွင်းယူပေးခဲ့ပြီး လေးဂိုးပြတ်နိုင်ပွဲနှင့်အတူ ယူရို ၂ဝ၁၆ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ဘယ်လ်ဂျီယံအသင်းသည် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဝေလအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment