Friday, June 3, 2016

အာမခံထားရှိမှု ပြည်သူလူထုနှင့် အလှမ်းကွာဝေးနေဆဲအနေအထားတွင်ရှိနေသေး

The Mirror Daily's photo.
ရန်ကုန် ဇွန် ၂
အာမခံအပေါ် လူထုအမြင် သိသိသာသာ ပြောင်းလဲလာပြီဟုဆိုသော်လည်း လူထုနှင့် အလှမ်းကွာဝေးနေဆဲ အနေအထားပင်ရှိနေ သေးသည်။
ယခင်က အာမခံအကာအကွယ်ထားရှိ ခြင်းကို ရုံးသို့သွားရောက်ဆောင်ရွက်ရသည့် အခက်အခဲများ၊ အဆင့်ဆင့်ဆောင်ရွက်ရသည့် လုပ်ငန်းဆောင်တာများကြောင့် အာမခံနှင့် အလှမ်းဝေးခဲ့ခြင်းရှိသလို နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနည်းပါးခဲ့ပြီး ပြည်တွင်းစီးပွားရေး လုပ်ငန်းများတွင်လည်း အာမခံအသိအမြင် နည်းပါးခဲ့မှုကြောင့် အာမခံထားရှိမှုသည်လည်း နည်းပါးခဲ့သည်။
၂ဝ၁ဝ ပြည့်နှစ်ဝန်းကျင်မှစ၍ ပြုပြင် ပြောင်းလဲမှုများ၊ အာမခံလုပ်ထုံးလုပ်နည်း အဆင့်များ၊ အာမခံထားရှိမှု လွယ်ကူရန်နှင့် အာမခံလျော်ကြေး ပေးအပ်ရာတွင်လည်း လွယ်ကူလျင်မြန်စွာဝန်ဆောင်မှု ဦးတည် ပြောင်းလဲခဲ့သည့်အတွက် အာမခံအသိအမြင် များ အများပြည်သူများအတွင်း ကျယ်ပြန့် လာခဲ့ပြီး မာလာမုန်တိုင်း၊ နာဂစ်မုန်တိုင်းနှင့် ဆုံးရှုံးမှုကြီးမားသော သဘာဝဘေးအန္တရာယ် များ၊ မီးဘေးအန္တရာယ်များကြောင့်လည်း စီးပွားရေးလုပ်ငန်းကြီးများ၊ စက်ရုံ၊ အလုပ်ရုံ ကြီးများ လူနေအိမ်ခြေများ ဆုံးရှုံးမှုကြီးမားခဲ့ ခြင်းနှင့်အတူ မမြင်နိုင်သောဘေးအန္တရာယ် များကို အာမခံဖြင့် အကာအကွယ် ယူထားခြင်းဖြင့် ကုစားနိုင်သည်ဆိုသော အသိ အမြင်များ ပိုမိုကျယ်ပြန့်လာသည်ဟု မှတ်ချက်ပြုကြသည်။
''အရင်ကတော့ အာမခံဆိုတာကို နိမိတ် မရှိဘူးဆိုတဲ့ အယူအဆရှိတာပေါ့။ အခုလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် မမျှော်မှန်းနိုင်တဲ့ ဘေးအန္တရာယ်တွေအတွက် အာမခံသာလျှင် အကောင်းဆုံး အကာအကွယ်ဆိုတာ သိလာ ကြပါတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်း တွေကတော့ မဖြစ်မနေထားကြတယ်။ လူနေအိမ်ခြေတွေကတော့ ထားတာနည်းပါ သေးတယ်။ အသက်အာမခံတို့၊ ဘာတို့ဆိုတာလည်း အတော့်ကို ထားတာနည်းပါသေးတယ်။ မီးအာမခံ၊ သဘာဝဘေးအန္တရာယ်အာမခံ၊ ခရီးသွားအာမခံ၊ မော်တော်ယာဉ်အလုံးစုံ အာမခံတွေကတော့ တော်တော်လေးထားလာ ကြပါတယ်''ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အာမခံလုပ်ငန်း သိသိသာသာ ကျယ်ပြန့် လာခြင်း၏ အဓိကအချက်များမှာ အာမခံထား ရှိမှု လွယ်ကူမြန်ဆန်စေရန်၊ အာမခံလျော်ကြေး ပေးအပ်ရာတွင် လွယ်ကူမြန်ဆန်စေရန်နှင့် လုပ်ငန်းဆောင်တာအဆင့်ဆင့်ကို ဖြေလျှော့ မှုများပြုလုပ်ခဲ့ခြင်း၊ သတင်းမီဒီယာနှင့် ထိတွေ့မှု များပြားခြင်းတို့အပြင် အခြားသော အချက်တစ်ချက်မှာ နိုင်ငံတော်၏ မြန်မာ့ အာမခံလုပ်ငန်းအပြင် ပုဂ္ဂလိကကုမ္ပဏီများကို အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုလိုက်ခြင်း ကြောင့်ပင်ဖြစ်သည်။ အစိုးရဌာနအပြင် ပုဂ္ဂလိကကဏ္ဍမှလည်း အာမခံလုပ်ငန်းအပေါ် ဝန်ဆောင်မှုပေးလာခြင်းကြောင့်လည်း အာမခံ အပေါ် လူထုအသိအမြင် တိုးတက်မြင့်မား လာပြီး အာမခံထားရှိမှုများလည်း မြင့်တက် လာခဲ့ကြောင်း ပုဂ္ဂလိက အာမခံကုမ္ပဏီတစ်ခု ဖြစ်သည့် ဧရာမြန်မာအာမခံကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမင်းသူက ရှင်းပြသည်။
ပုဂ္ဂလိက အာမခံကုမ္ပဏီများအနေဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသော အာမခံအမျိုး အစားများမှာ မီးအာမခံ၊ အဆိုပါ မီးအာမခံ နှင့်ဆက်စပ်ကာ အာမခံထားရှိနိုင်သည့် သဘာဝဘေးအန္တရာယ်အာမခံများ၊ ငွေပို့ ငွေသယ်အာမခံများ၊ ငွေသားလုံခြုံမှုအာမခံ၊ သမာဓိအာမခံ၊ အလုံးစုံမော်တော်ယာဉ်အာမခံ၊ ရေကြောင်းကုန်စည်အာမခံ၊ ကျန်းမာရေး အာမခံ၊ အထူးခရီးသွားအာမခံ၊ စုပေါင်း အသက်အာမခံ၊ ပြည်သူပြည်သား အသက် အာမခံ၊ အားကစားသမားများ ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံတို့ဖြစ်ပြီး ယင်းအမျိုးအစား များထဲမှ မီးအာမခံ၊ သဘာဝဘေးအန္တရာယ် အာမခံ၊ မော်တော်ယာဉ်အလုံးစုံအာမခံ၊ အထူးခရီးသွားအာမခံတို့မှ အာမခံထားရှိမှု များပြားသည်ဟု ၄င်းက ပြောသည်။
ဧရာမြန်မာ အာမခံကုမ္ပဏီအနေဖြင့် အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရာတွင် ဧရာဝတီဘဏ်ခွဲများမှတစ်ဆင့်လည်း ဆောင်ရွက်ပေးလျက်ရှိပြီး Bank+Insurance= Bancassurance ကို လည်း ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။ ထိုသို့ ဝန်ဆောင်မှုပေးရာတွင် ပြင်ဦးလွင် မြို့ရှိ စံပယ်ဖြူဆွယ်တာဆိုင် မီးလောင်မှုဖြစ်စဉ် မီးလောင်ဆုံးရှုံးခဲ့မှုအတွက် မီးအာမခံ လျော်ကြေးငွေ သိန်းခြောက်ရာကျော်ကို မေ ၂၈ ရက်က ဆိုင်ပိုင်ရှင် ဒေါ်နန်းငွေကြည်အား ပေးအပ်ခဲ့သည်။ ဧရာမြန်မာအာမခံလုပ်ငန်း၊ AYA trust နှင့် ဧရာဝတီဘဏ်လုပ်ငန်းတို့သည် AYA Financial Group အောက်တွင် ရှိသောကြောင့် ယင်းလုပ်ငန်းများကို ဧရာဝတီ ဘဏ်ခွဲတိုင်းများနှင့် ချိတ်ဆက်ကာ ဝန်ဆောင်မှု ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့အာမခံလုပ်ငန်း အာမခံလုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က ပုဂ္ဂလိက အာမခံ ကုမ္ပဏီများကို ခွင့်ပြုထားသော အာမခံ ဝန်ဆောင်မှုလုပ်ငန်း ၁၁ ခုရှိပြီး အာမခံကုမ္ပဏီ များအနေဖြင့် မြန်မာ့အာမခံလုပ်ငန်းသို့ လုပ်ငန်းဆောင်ရွက်ရန် စပေါ်ငွေကျပ် ၄ ဒသမ ၆ ဘီလီယံပေးသွင်းကာ အများပြည်သူ သို့ ဝန်ဆောင်မှုပေးနေခြင်းဖြစ်ပြီး အာမခံ ကုမ္ပဏီများ အလွယ်တကူပြိုလဲခြင်း၊ အလျော် မပေးနိုင်ခြင်းမျိုးမရှိစေရန် ကြီးကြပ်ဆောင် ရွက်လျက်ရှိသည်ဟု သိရသည်။
သတင်း-ခင်ဇာလီ၊ ဓာတ်ပုံ-မီချီကိုဟန်

No comments:

Post a Comment