Friday, June 3, 2016

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရက် ၁ဝဝ



 
 
 
 
 ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရက် ၁ဝဝ စီမံချက်

တွေ့ဆုံမေးမြန်း - မင်းမင်းဇော်(သတင်းစဉ်)

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာသုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးကဏ္ဍသုံးရပ်လုံးတွင် ပါဝင်ဆောင်ရွက်နေရသည့် ရုံးတစ်ရုံးဖြစ်သည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အဓိကလုပ်ငန်းတာဝန်များမှာ ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ ရေးဆွဲထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း (မူကြမ်း)များကို စိစစ် အကြံပြုပေးခြင်း၊ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေများကို အင်္ဂလိပ်ဘာသာပြန်ဆိုခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဥပဒေအကြံဉာဏ် ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များ စီးပွားရေး ဆိုင်ရာ စာချုပ်စာတမ်းများနှင့်ပတ်သက်၍ ဥပဒေအကြံဉာဏ် ပေးခြင်း၊ အမှုများမှာ တရားစွဲဆိုရန် သင့်၊ မသင့် ဥပဒေ အကြံဉာဏ်ပေးပြီး နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါဆောင်ရွက် ခြင်းနှင့် အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် စာချွန်တော်လျှောက်ထားမှုများတွင် လိုက်ပါဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်နေသည်။

သို့ဖြစ်ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရက် ၁ဝဝ စီမံချက် နှင့်ပတ်သက်၍ သိရှိနိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်နှင့် တာဝန် ရှိ သူများအား မေးမြန်းထားသည်။

ဦးထွန်းထွန်းဦး
ပြည်ထောင်စုရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး

မေး ။ ။ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ရက် ၁ဝဝ စီမံချက်နဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာတွေကို သိချင်ပါတယ်။

ဖြေ ။ ။ ရက် ၁ဝဝ စီမံချက်မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ဦးစီး
ဌာနအသီးသီးက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ၊ အမိန့်ကြော်ငြာစာ စိစစ်တဲ့ကိစ္စတွေ၊ စာချုပ်စာတမ်း စိစစ်တဲ့ကိစ္စတွေ၊ ဥပဒေအကြံဉာဏ်ပေးတဲ့ ကိစ္စ တွေကို ယခုလက်ရှိ ဆောင်ရွက်နေဆဲများအပြင် ဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့အစည်းအသီးသီးက ထပ်မံပေးပို့လာတဲ့ ကိစ္စရပ် တွေကိုလည်း ရက် ၁ဝဝ အတွင်းမှာ ပြီးပြတ်အောင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက ပြည်သူ့အတွက် တိုက်ရိုက်အကျိုးသက် ရောက်တဲ့ လုပ်ငန်းကတော့ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ အဆင့် ဆင့်သော ဥပဒေရုံးများက ဆောင်ရွက်နေတဲ့ တရားစွဲနှင့် အမှု လိုက်လုပ်ငန်းဖြစ်ပါတယ်။ အဆင့်ဆင့်သော ဥပဒေရုံးများမှာ ရှိတဲ့ ဥပဒေအရာရှိများရဲ့ အဓိကလုပ်ငန်းတာဝန်ဟာ ရာဇဝတ် အမှုများမှာ တရားစွဲမတင်မီ ဥပဒေအကြံÓဏ်ပေးခြင်းနဲ့ နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါဆောင်ရွက်ခြင်းတို့ ဖြစ်ပါတယ်။ တရားစွဲ မတင်မီ ဥပဒေအကြံဉာဏ်ပေးရာမှာပဲဖြစ်ဖြစ်၊ တရားရုံး မှာ အမှုလိုက်ပါစစ်ဆေးတာပဲဖြစ်ဖြစ် မှုခင်းကိစ္စတွေမှာ ဥပဒေ အရာရှိတွေကြောင့် ကြန့်ကြာတာမျိုးမရှိရအောင် ကြပ်မတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ အမှုရုပ်သိမ်းတဲ့ကိစ္စတွေမှာ ဥပဒေ နဲ့အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြဖို့ ဖြစ်ပါတယ်။ ရုပ်သိမ်းမှုတွေမှာ နှစ်ဖက်အမှုသည်တွေက ကျေနပ်ကြပြီးတော့ အဲဒီအမှုကို ရုပ်သိမ်းပေးခြင်းအားဖြင့် ဘာပြဿနာမှမရှိနိုင်ဘူး။ ဒီလိုအမှုမျိုး ထပ်မဖြစ်နိုင်ဘူးဆိုရင် အမြန်ဆုံးဆောင်ရွက်ပေးကြ ဖို့ ဖြစ်ပါတယ်။ လက်တွေ့မှာ အမှုရုပ်သိမ်းလိုကြောင်း ဥပဒေရုံး ကို တင်ပြလာတဲ့အခါ ဥပဒေရုံးက စိစစ်ရတယ်။ ပြီးရင် တရားစွဲ အဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့ထံ သဘောထားတောင်းခံရတယ်။ ရဲတပ်ဖွဲ့က သဘောထား ပြန်ကြားချက်ရရင် ဥပဒေရုံးက တရား ရုံးကို တင်ပြရတယ်၊ တရားရုံးက အမိန့်ချရတယ်ဆိုတဲ့ နေရာမှာ ရုံးတစ်ရုံးချင်းကြောင့် ကြန့်ကြာမှုမရှိစေဖို့ ကိုယ့်ရုံးကိုယ်လည်း မှာကြားပြီး ဖြစ်ပါတယ်။ ကျန်တဲ့သူတွေနဲ့လည်း အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ညှိနှိုင်းပြီး ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီး နဲ့ရဲချုပ်တို့ကလည်း အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမယ် လို့ပြောပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စတွေဟာ ရက် ၁ဝဝ အတွင်းမှာ သိသိသာသာ ပြောင်းလဲသွားမယ်လို့ ယုံကြည်ပါတယ်။

မေး ။ ။ ဝန်ထမ်းတွေ အဂတိကင်းရှင်းအောင်၊ လာဘ်ပေးလာဘ်ယူ
မပြုလုပ်အောင် ဆောင်ရွက်ထားတာနဲ့ ပတ်သက်ပြီး တော့လည်း သိလိုပါတယ်။

ဖြေ ။ ။ ဥပဒေအရာရှိများနဲ့ ဝန်ထမ်းများ အဂတိကင်းရှင်းရေးနဲ့
ပတ်သက်လို့ အစိုးရရဲ့ မူဝါဒကို အားလုံးက သိရှိနားလည် သဘောပေါက်ပြီး စိတ်ရောကိုယ်ပါ လိုက်နာကြမှသာ နိုင်ငံတော် ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်မှာ ဖြစ်ပါတယ်။
ဥပဒေအရာရှိတွေနဲ့ ဝန်ထမ်းတွေကို လာဘ်ငွေတောင်းခံခြင်း၊ လက်ဆောင်ရယူခြင်းများ မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။ လာဘ်ငွေတောင်းရင် တိုင်ကြားနိုင်ကြောင်း ဥပဒေရုံးတိုင်းမှာ ဆိုင်းဘုတ်တွေ ချိတ်ဆွဲအသိပေးခြင်းပြုလုပ်ဖို့ စီမံဆောင်ရွက် ထားအပြီး ဖြစ်ပါတယ်။

မေး ။ ။ အခုဆိုရင်Justice Sector Reform လုပ်ဖို့ လိုတယ်
ဆိုပြီး ပြောနေကြတာတွေလည်း ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အမြင်နဲ့ ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေရှိရင် သိပါရစေ။

ဖြေ ။ ။ ကျွန်တော်တို့ရုံးဟာ တရားစီရင်ရေးနယ်ပယ်မှာ အဓိက
ပါဝင်ဆောင်ရွက်နေရတဲ့ ရုံးတစ်ရုံး ဖြစ်ပါတယ်။ ဒါကြောင့် တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေး (Justice Sector Reformvyk) မှာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနဲ့အတူ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ တရားမျှတမှု ကဏ္ဍ ပြုပြင်ပြောင်းလဲရေးဟာ ကျွန်တော်တို့ရုံးက ချမှတ်ထားတဲ့ မဟာဗျူဟာစီမံကိန်းရဲ့ ရည်မှန်းချက်တစ်ရပ်လည်း ဖြစ်ပါတယ်။ တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ကျွန်တော်တို့ ဌာနတစ်ခုတည်းက ဆောင်ရွက်လို့မရနိုင်ပါဘူး။ သက်ဆိုင်ရာဌာန အားလုံးက တက်ညီလက်ညီ ဆောင်ရွက်ကြဖို့ လိုပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာလည်း ကိုယ့်အပိုင်းကိုယ် တာဝန်ကျေအောင် လုပ်ကြရမှာ ဖြစ်ပါတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်း တစ်ဖွဲ့ကောင်းလုပ်ရုံနဲ့လည်း မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်ရမယ့် ဌာနတွေဖြစ်တဲ့ တရားရုံး၊ ရဲတပ်ဖွဲ့ တို့နဲ့ ပူးပေါင်းပြီး လုပ်ငန်းဆောင်ရွက်ချက်တွေကို တိုးတက် ကောင်းမွန်အောင်ဆောင်ရွက်သွားပါမယ်။

အများက ပြောသလို တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့လည်း လက်ခံပါတယ်။ တိုက်ရိုက် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအပြင် လွှတ်တော်၊ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအားလုံးက ဝိုင်းဝန်းပံ့ပိုးပေးမှ တရားမျှတမှုကဏ္ဍ အမှန်တကယ် ပြုပြင်ပြောင်းလဲနိုင်မှာ ဖြစ်သလို တိုးတက်ကောင်းမွန်ပြီး တရားမျှတမှုရှိတဲ့ ဝန်းကျင်တစ်ရပ် ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

မေး ။ ။ ပြည်ထောင်စုရှေ့နေချုပ်ရုံးဟာ တရားစီရင်ရေးနယ်ပယ်မှာ
ပါဝင်ဆောင်ရွက်နေတဲ့ ဌာနတစ်ခုဖြစ်တာကြောင့် တရား ဥပဒေစိုးမိုးရေးကိစ္စ ဆောင်ရွက်နေတာတွေ ရှိမယ်လို့ ထင်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ် သက်လို့ ဘာတွေလုပ်နေလဲဆိုတာ သိပါရစေ။

ဖြေ ။ ။ တရားမျှတမှု ရရှိခြင်းဟာ တရားဥပဒေစိုးမိုးရေး (Rule
of Law) ရဲ့ သော့ချက်ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ရုံးက လုပ်နေတာတွေ ရှိပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနဲ့ ကာကွယ် စောင့်ရှောက်ခြင်းဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ဥပဒေအရာရှိများရဲ့ ပြုမူဆောင်ရွက်ချက်တွေဟာ သူတို့ပတ်ဝန်း ကျင်မှာရှိတဲ့ ပြည်သူတွေ တရားမျှတမှု ရရှိခံစားနိုင်ရေးအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ နိုင်ငံတော်အစိုးရရဲ့ တရား ဥပဒေစိုးမိုးရေးဆိုင်ရာမူဝါဒတွေ ပိုမိုခိုင်မာအားကောင်းလာစေ ဖို့ ရည်ရွယ်အပြီး ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။

တရားဥပဒေစိုးမိုးရေးရဲ့ အဓိကအခြေခံအုတ်မြစ်ဟာ ဥပဒေ ပြုခြင်း ဖြစ်ပါတယ်။ အဲဒီလို ဥပဒေပြုနိုင်ဖို့ ဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်တွေမှာ ကျွန်တော်တို့ရုံးအနေနဲ့ စိစစ်အကြံပေးခြင်း၊ အစိုးရဌာန၊ အဖွဲ့အစည်းတွေကို ဥပဒေအကြံဉာဏ်ပေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးမြှင့်တင်ဆောင်ရွက်မှာဖြစ်ပါတယ်။ အလား တူ တရားရုံးတွေမှာ ရာဇဝတ်မှုခင်းတွေကို နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်တဲ့အခါမှာလည်း မျှတတဲ့ တရားစီရင်ရေးစံနှုန်း များ (Fair Trial Standards) နဲ့အညီ ဆောင်ရွက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးရရှိဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးရရှိဖို့ဆိုတာက တရားစီရင်ရေးစနစ်ကို ပြည်သူများက ယုံကြည်ကိုးစားမှုရှိခြင်း မရှိခြင်းအပေါ်မှာ မူတည်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဥပဒေရုံးများဟာ ပြည်သူအတွက် အကျိုးရှိစေမယ့်လုပ်ငန်းဆောင်ရွက်ချက်တွေ ကို မြှင့်တင်၊ ဆက်စပ်နေတဲ့ အဖွဲ့ အစည်းများနဲ့ တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ပြီး ပြည်သူရဲ့ ယုံကြည်အားကိုးမှုရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဒေါက်တာ သီသီမြင့်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန

မေး။ ။ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့ စီးပွားရေး စာချုပ်စာတမ်းများနဲ့စပ်လျဉ်းပြီး ဘယ်လိုအခန်း ကဏ္ဍမှနေ၍ တာဝန်ယူဆောင်ရွက်ပေးရပါသလဲ။

ဖြေ ။ ။ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေ
တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက သူတို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းကိစ္စတွေလုပ်တဲ့အခါမှာ စီးပွားရေး စာချုပ်စာတမ်းတွေ ချုပ်ဆိုကြတာရှိပါတယ်။ အဲဒီ စီးပွားရေး စာချုပ်စာတမ်းတွေကို ဥပဒေကြောင်းအရ ခိုင်မာမှုရှိစေဖို့ ကျွန်မတို့ဌာနကို စိစစ်ရန်ပေးပို့ပါတယ်။ ကျွန်မတို့ဌာနကလည်း အဲဒီလိုပေးပို့လာတဲ့ စီးပွားရေးစာချုပ်စာတမ်းတွေကို စိစစ်ပြီး ဥပဒေကြောင်းအရ ဥပဒေအကြံဉာဏ်ပေးရပါတယ်။

မေး။ ။ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့ ဘယ်လိုစီးပွားရေး
စာချုပ်စာတမ်းတွေကို စိစစ်ပေးနေရပါသလဲ။

ဖြေ ။ ။ ကျွန်မတို့ရုံးအနေနဲ့ စီးပွားရေးဆိုင်ရာ စာချုပ်
စာတမ်းအမျိုးအစား ၁၄ မျိုးကို စိစစ်အကြံပေးပါတယ်။ အဓိကအားဖြင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များနဲ့ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်း/ကုမ္ပဏီတို့အကြား ချုပ်ဆို မယ့် အစုရှယ်ယာအချို့ ထည့်ဝင်ဆောင်ရွက်တဲ့ ဖက်စပ် စာချုပ်တွေ၊ အစိုးရဌာနများ ပိုင်ဆိုင်တဲ့မြေနှင့် အဆောက် အအုံငှားရမ်းတဲ့ မြေငှားစာချုပ်တွေ၊ အဆောက်အအုံ ငှားရမ်း တဲ့စာချုပ်တွေ၊ အစိုးရရဲ့မြေကို ငှားရမ်းပြီး အဆောက်အအုံ ဆောက်လုပ်ကာ ငှားရမ်းသက်တမ်းကုန်ဆုံးတဲ့အခါမှာ အဆောက်အအုံနဲ့မြေကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပြန်လည် လွှဲပြောင်းတဲ့ တည်ဆောက်လုပ်ဆောင်လွှဲပြောင်းတဲ့ စာချုပ် တွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်ပမှ စက်ကိရိယာ ပစ္စည်းတွေ ဝယ်ယူတဲ့အခါ ချုပ်ဆိုတဲ့ ပြည်ပပစ္စည်း ဝယ်ယူ ရေးစာချုပ်တွေ၊ အစိုးရက နိုင်ငံတကာအဖွဲ့အစည်းများကနေ ငွေချေးယူတဲ့ ငွေချေးစာချုပ်တွေကို စိစစ်ပေးနေပါတယ်။

စာချုပ်တွေ အများဆုံးဆောင်ရွက်ပေးရတဲ့ ဝန်ကြီးဌာန တွေကတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့ဖြစ်ပါတယ်။ ဌာနတစ်ခုနဲ့တစ်ခု ဆောင်ရွက်တဲ့လုပ်ငန်းအပေါ်မူတည်ပြီးတော့ စာချုပ်အမျိုး အစား ကွဲပြားမှုရှိပါတယ်။

မေး ။ ။ အဲဒီလို စီးပွားရေးစာချုပ်စာတမ်းတွေကို စိစစ်တဲ့ အခါမှာ ဘယ်လိုအချက်အလက်တွေကို အခြေခံပြီး စိစစ်ပါသလဲ။

ဖြေ ။ ။ စီးပွားရေး စာချုပ်စာတမ်းတွေကို စိစစ်တဲ့အခါမှာ အဓိကအားဖြင့် စာချုပ်တစ်ခုမှာ ပါဝင်ရမယ့်အကြောင်း အရာနဲ့ အချက်အလက်တွေ၊ ဥပဒေဆိုင်ရာ စည်းကမ်းချက် တွေ ပါဝင်စေဖို့ အဓိကစိစစ်ပါတယ်။ စိစစ်ရာမှာ အခြေခံရ မယ့် အချက်အလက်တွေကို ကျွန်မတို့ရဲ့ ပြည်ထောင်စုရှေ့နေ ချုပ် နည်းဥပဒေများမှာ သတ်မှတ်ထားပါတယ်။ စီးပွားရေး စာချုပ်စာတမ်းတွေကို စိစစ်အကြံပေးတဲ့အခါမှာ ဥပဒေ ကြောင်းအရ ခိုင်မာတဲ့စာချုပ်ဖြစ်အောင်/စာချုပ်မှာ ပါဝင် သင့်ပါဝင်ထိုက်တဲ့ အချက်အလက်တွေ ပြည့်စုံအောင်/ကောင်းမွန်တဲ့စာချုပ်တစ်စောင်ဖြစ်အောင် စိစစ်ပေးပါတယ်။

အဓိကအားဖြင့် ကျွန်မတို့နိုင်ငံ ထိခိုက်နစ်နာမှုမရှိစေဖို့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အကျိုးရှိစေဖို့ ဂရုပြုစိစစ်ပါ တယ်။ အချို့စာချုပ်တွေဟာ အင်္ဂလိပ်ဘာသာနဲ့ ချုပ်ဆိုကြပြီး တော့ တစ်ချို့ကတော့ မြန်မာဘာသာနဲ့ ချုပ်ဆိုပါတယ်။ ဘယ်လို စာချုပ်မျိုးဖြစ်ဖြစ် ကျွန်မတို့က အသေးစိတ်ဂရုပြုပြီးတော့ စိစစ်ပေးပါတယ်။ ချုပ်ဆိုမယ့်စာချုပ်တွေဟာ တည်ဆဲသက်ဆိုင် ရာ ဥပဒေတွေနဲ့အညီဖြစ်စေဖို့နဲ့ အကောင်အထည်ဖော်မယ့် စီးပွားရေးလုပ်ငန်းတွေဟာ ပြည်ထောင်စုလွှတ်တော်၊ တိုင်း ဒေသကြီး/ ပြည်နယ်လွှတ်တော်တို့ရဲ့ သဘောတူညီချက် ရယူရန်လိုအပ်ပါက အဲဒီလို သဘောတူညီချက်များ ရယူ ဆောင်ရွက်ဖို့ အကြံပြုပြန်ကြားပါတယ်။

မေး ။ ။ အဲဒီလို စိစစ်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့
ရပါသလဲ။

ဖြေ ။ ။ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းတွေအနေနဲ့ ကျွန်မတို့ရုံးကို ပေးပို့လာတဲ့ စာချုပ်တွေဟာ Final
Draft ဖြစ်ဖို့လိုအပ်ပါတယ်။ ပူးတွဲပေးပို့ရမယ့် စာချုပ်စာတမ်း အထောက်အထားတွေလည်း ပြည့်စုံဖို့လိုအပ်ပါတယ်။ အဲလိုမှ မဟုတ်ရင် စာချုပ်စာတမ်းအချက်အလက်တွေကို ရုံးဌာနချင်း ဆက်သွယ်ပြီး ပြန်တောင်းနေရတာနဲ့ ရုံးလုပ်ငန်းသဘော သဘာဝအရ ကြန့်ကြာရတာမျိုးရှိပါတယ်။ ချုပ်ဆိုပြီးတဲ့ စာချုပ် တွေနဲ့ပတ်သက်လို့ သက်တမ်းတိုးမြှင့်လိုတဲ့အခါ၊ ပြင်ဆင် ဖြည့်စွက်လိုတဲ့အခါ၊ ရပ်စဲစာချုပ် ချုပ်ဆိုလိုတဲ့အခါ၊ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေနဲ့ ပတ်သက်ပြီး ဥပဒေပြဿနာ ပေါ်ပေါက်လာတဲ့ အခါ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို သဘောထားမှတ်ချက် တောင်းရင် မူလချုပ်ဆိုခဲ့တဲ့ စာချုပ်စာတမ်းများနဲ့ သက်ဆိုင်ရာ စာချုပ် စာတမ်းအထောက်အထားများကို ပြည့်စုံစွာပေးပို့ခဲ့မယ် ဆိုရင် သတ်မှတ်ကာလအတွင်း ပြန်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကြန့်ကြာမှုတွေမဖြစ်စေဖို့ အကြံပေးတောင်းတဲ့ အခါမှာဌာနနဲ့တစ်ဖက် စာချုပ်ဝင်တို့ နှစ်ဖက်အပြီးသတ်ညှိနှိုင်း ထားတဲ့ နောက်ဆုံးစာချုပ်(မူကြမ်း) (Final
Draft) တွေကို ပေးပို့ဖို့ လိုအပ်သလို သက်ဆိုင်တဲ့စာချုပ်စာတမ်း အထောက် အထားတွေကိုလည်း အပြည့်အစုံပေးပို့ဖို့လိုပါတယ်။

မေး ။ ။ ဘယ်လို စာချုပ်တွေကို အများဆုံးစိစစ်ပြီး အကြံဉာဏ်
ပေးရပါသလဲ။

ဖြေ ။ ။ ဖက်စပ်စာချုပ်တွေ၊ အတိုင်ပင်ခံငှားရမ်းရေး စာချုပ်
တွေတည်ဆောက် လုပ်ဆောင်လွှဲပြောင်းလို့ခေါ်တဲ့BOTစာချုပ်တွေ၊ မြေငှားစာချုပ်တွေ၊ Power Purchase Agreement လို့ခေါ်တဲ့ လျှပ်စစ်ဓာတ်အား ရောင်းဝယ်ရေးစာချုပ် တွေ၊ PSC လို့ခေါ်တဲ့ ထုတ်လုပ်မှုအပေါ် အကျိုးအမြတ်ခွဲဝေတဲ့ စာချုပ်တွေ၊ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ ချုပ်ဆိုတဲ့စာချုပ် တွေ၊ လျှပ်စစ်စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာတွေကို အများဆုံး စိစစ်ပေးရပါတယ်။

မေး ။ ။ စာချုပ်တွေကို စိစစ်တဲ့အခါ အချိန်ဘယ်လောက်ယူရပါ
သလဲ။

ဖြေ ။ ။ သာမန်စာချုပ်ပုံစံမျိုးဆိုရင် နှစ်ပတ်အတွင်း စိစစ်
ပြန်ကြားပေးပါတယ်။ ခက်ခဲနက်နဲတဲ့ စာချုပ်တွေနဲ့ ဥပဒေရေးရာကိစ္စရပ်တွေအပေါ်မှာ သဘောထားမှတ်ချက် တောင်းခံခဲ့ရင်တော့ အချိန်ယူပြီး စိစစ်ပေးရပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေက အရေးတကြီး ဆောင်ရွက်ပေးဖို့ တောင်းဆိုတာတွေဟာ မကြာခဏရှိတတ်ပါတယ်။ အဲလို တောင်းဆိုတဲ့အခါမှာ အရေးကြီးရင်ကြီးသလို အစိုးရဌာန၊ အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်ကိုမူတည်ပြီး ကျွန်မတို့အနေနဲ့ ရုံးချိန်မှာသာမက ဌာနရဲ့လုပ်ငန်းအောင်မြင်စေဖို့ အချိန်နဲ့ တစ်ပြေးညီ အပြည့်အဝပူးပေါင်းကြိုးစားဆောင်ရွက်ပေးနေပါ တယ်။

မေး ။ ။ စာချုပ်စာတမ်းတွေ စိစစ်မှုနဲ့ပတ်သက်ပြီး ထပ်မံ
ဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါ။

ဖြေ ။ ။ စီးပွားရေးစာချုပ်စာတမ်းများကို စိစစ်ခြင်းဟာ ပညာ
ရပ်ပိုင်းဆိုင်ရာဖြစ်တဲ့အတွက် စီးပွားရေးစာချုပ်စာတမ်း ဌာနခွဲမှာရှိတဲ့ ဥပဒေအရာရှိများကို သီးခြားလေ့ကျင့်ထားပြီးမှ စာချုပ်များကို စိစစ်အကြံပြုနိုင်ပါတယ်။ နိုင်ငံကို အကျိုးပြုနိုင် ဖို့၊ ဥပဒေကြောင်းအရ အကောင်းဆုံးအကြံပြုနိုင်ဖို့အတွက် ဘာသာရပ်ဆိုင်ရာ သင်တန်းတွေ အလုပ်ရုံဆွေးနွေးပွဲတွေကို တက်ရောက်လေ့လာသင်ယူစေပြီး ကောင်းမွန်သော အကြံပြု ချက်များကို ပေးနိုင်ဖို့ အထူးကြိုးစားဆောင်ရွက်နေပါကြောင်း ပြောကြားလိုပါတယ်။

ဒေါ်ခင်ချိုအုန်း
ညွှန်ကြားရေးမှူးချုပ်
တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန

မေး။ ။ တရားရုံးတွေမှာအမှုတွေ ကြန့်ကြာတာတွေရှိကြောင်း
ကြားသိရပါတယ်။ အမှုတွေ ကြန့်ကြာမှုမရှိစေဖို့ ဘယ်လို စီမံဆောင်ရွက်ထားပါသလဲ။

ဖြေ ။ ။ အမှုတွေ မကြန့်ကြာဖို့ဆိုတာက ဥပဒေရုံးများ
သာမက ဆက်စပ်အဖွဲ့အစည်းတွေဖြစ်တဲ့ တရားရုံး၊ ရဲတပ်ဖွဲ့တို့အားလုံး ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ဌာနအနေနဲ့ကလည်း ကိုယ်တာဝန်ယူဆောင်ရွက် ရတဲ့အပိုင်းကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးဖို့ ဥပဒေရုံး အဆင့်ဆင့်ကို ညွှန်ကြားပြီးဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် တရားစွဲမတင်မီ ဥပဒေအကြံÓဏ်တောင်း တဲ့ကိစ္စမှာ ချုပ်မိန့်ရီမန်ရှိတဲ့အမှုမျိုးကို ဦးစားပေးဆောင်ရွက် ပြီး ချုပ်မိန့်ရက် မကုန်ဆုံးမီ အမြန်ဆုံးပြန်ကြားသွားမှာ ဖြစ်ပါ တယ်။

အမှုစစ်ဆေးတာနဲ့ပတ်သက်လို့ အမှုမှာ အဓိကကျတဲ့ သက်သေတွေကို ဦးစားပေးဆင့်ခေါ်ပေးဖို့ တရားရုံးကို တင်ပြဖို့/ မလိုတဲ့သက်သေတွေကို ပယ်ဖို့၊ ရုံးရှေ့ကို သက်သေ တွေ ရောက်လာရင် ဥပဒေအရာရှိများက မပျက်မကွက် စစ်ဆေးပေးဖို့ဖြစ်ပါတယ်။ ဥပဒေအရာရှိတွေကြောင့် အမှု ကြန့်ကြာတယ် ဆိုတာမျိုးမရှိအောင် ကြပ်မတ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ရုံးချိန်းရက် နီးနိုင်သမျှနီးအောင် ချိန်းဆို ပေးဖို့၊ ခြောက်လအထက် ကြန့်ကြာတဲ့အမှုများမရှိစေဖို့ သက်ဆိုင်ရာ တရားရုံး၊ တရားစွဲ အဖွဲ့အစည်းများ၊ ဆက်စပ်အဖွဲ့ အစည်းများ၊ ရှေ့နေရှေ့ရပ်များနဲ့ ညှိနှိုင်းဆောင်ရွက်သွားပါ မယ်။

မေး ။ ။ အစိုးရသစ်လက်ထက် နိုင်ငံရေးမှုခင်းတွေကို အမှု ရုပ်သိမ်းခွင့်ပြုပြီး တရားခံတွေ ပြန်လွှတ်ပေးတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဥပဒေရုံးများက ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးခဲ့တာကို တွေ့ရပါတယ်။ အမှုရုပ်သိမ်းတာနဲ့ ပတ်သက်လို့ အမှုရဲ့ ဘယ်အဆင့်မှာ ရုပ်သိမ်းခွင့်ရှိပါသလဲ။ သက်ဆိုင်ရာအမှုသည်က အမှုရုပ်သိမ်းလိုရင် ဘယ်လိုဆောင်ရွက် ရပါ သလဲ။

ဖြေ ။ ။ တရားစွဲဆိုထားတဲ့ ရာဇဝတ်မှုတစ်ခုကို အပြီးသတ်
အမိန့်မချမီ ဘယ်အဆင့်မှာပဲဖြစ်ဖြစ် ဥပဒေနဲ့ညီညွတ် တယ်၊ အကျိုးအကြောင်း ခိုင်လုံတယ်ဆိုရင် ရုပ်သိမ်းနိုင်ပါတယ်။ တရားခံတစ်ဦးဦးအပေါ် စွဲဆိုထားတဲ့ ပြစ်မှုအားလုံးပဲဖြစ်ဖြစ်၊ တစ်ခုခုပဲဖြစ်ဖြစ် ရုပ်သိမ်းနိုင်ပါတယ်။ အမှုတစ်ခုမှာရှိတဲ့ တရားခံအားလုံးအတွက်ပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက် အတွက်ပဲဖြစ်ဖြစ် ရုပ်သိမ်းနိုင်ပါတယ်။ အမှုသည် နှစ်ဦးနှစ်ဖက် ကျေနပ်မှုရခဲ့လျှင် သက်ဆိုင်ရာ နစ်နာသူအမှုသည်က အမှုကို ရုပ်သိမ်းပေးဖို့ သက်ဆိုင်ရာဥပဒေရုံးမှာ လျှောက်ထားနိုင်ပါ တယ်။
အဲဒီလို လျှောက်ထားချက်ကို ရပြီဆိုရင် ပထမဦးဆုံး တရားစွဲအဖွဲ့အစည်းရဲ့ သဘောထားတောင်းခံပါတယ်။ တကယ် လို့ ရုပ်သိမ်းခွင့်ပြုဖို့တင်ပြတဲ့ အမှုဟာ တရားစွဲဆိုခွင့်ပြုမိန့် ဒါမှမဟုတ် သဘောတူညီချက်နဲ့စွဲဆိုတဲ့ အမှုဖြစ်ရင် အဲဒီတရား စွဲဆို ခွင့်ပြုမိန့်၊ သဘောတူညီချက်ထုတ်ပေးခဲ့တဲ့ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းရဲ့ သဘောတူခွင့်ပြုချက် ရယူ ဖို့ ဆောင်ရွက်ရပါတယ်။ အမှုရုပ်သိမ်းပေးဖို့ လျှောက်ထား ချက်မှာ ကျိုးကြောင်းဆီလျော်မှုရှိတယ်။ လျှောက်ထားခွင့် ရှိသူက လျှောက်ထားတာမှန်တယ်။ ဥပဒေနဲ့ညီညွတ်တယ်ဆိုရင် ကျွန်မတို့ ဥပဒေရုံးများအနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးမှာ ဖြစ်သလို တရားစွဲအဖွဲ့ အစည်းတွေထံကလည်း သဘောထား အမြန်ဆုံးရရှိရေး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး ။ ။ ဥပဒေရုံးတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုအပေါ်မှာ ကျေနပ်
မှုမရှိလို့ တိုင်တန်းလာရင် ဘယ်လိုဆောင်ရွက်ပါသလဲ။

ဖြေ ။ ။ ဥပဒေအရာရှိတွေအပေါ် လာဘ်ပေးလာဘ်ယူကိစ္စ ရှိလို့ တိုင်ကြားလာခဲ့ရင် ကျွန်မတို့ စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ စစ်ဆေးအရေးယူပါမယ်။ ဥပဒေအရာရှိတွေရဲ့ အပြော အဆို၊ အပြုအမူ၊ လုပ်ငန်းဆောင်ရွက်မှုကြောင့် ကျေနပ်မှုမရှိ လို့ တိုင်တန်းတာမျိုးဆိုရင်တော့ တစ်ဆင့်မြင့်ဥပဒေရုံးက အဖွဲ့နဲ့ စိစစ်ပါမယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ဥပဒေရုံးက ဆောင်ရွက်ချက်ဟာ နည်းလမ်းကျသလား၊ မကျ သလားကြည့်ပါမယ်။ ဥပဒေအရာရှိတွေရဲ့ ဆောင်ရွက်မှု မှားယွင်းတယ်ဆိုရင် ဥပဒေနဲ့အညီ ဆက်လက်အရေးယူမှာ ဖြစ်ပါတယ်။ ဥပဒေအရာရှိရဲ့ ဆောင်ရွက်ချက်က မှားယွင်း မှုမရှိပေမယ့် အဲဒီဆောင်ရွက်ချက်ကို အမှုသည်တွေက မကျေ နပ်တာ၊ နားလည်မှုလွဲမှားတာမျိုးဆိုရင် တိုင်ကြားတဲ့သူကို ခေါ်ယူတွေ့ဆုံပြီး အကျိုးအကြောင်း ရှင်းပြပါမယ်။ တိုင်ကြား သူအနေနဲ့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သင့်တာကို အကြံပြုပေးမှာဖြစ်ပါတယ်။

No comments:

Post a Comment