Wednesday, June 29, 2016

နွယ်သစ်ပင်များ အုပ်ဆိုင်းနေသော ဓာတ်တိုင်၊ ဓာတ်ကြိုးများ ရှင်းလင်းပေးစေလို




The Mirror Daily's photo.


ရန်ကုန် ဇွန် ၂၈

ရန်ကုန်မြို့တွင်း နေရာအများအပြားတွင် လျှပ်စစ်အန္တရာယ်ကင်းစေရန် သက်ဆိုင်ရာမှ ဓာတ်အားလိုင်းကြိုးများ၊ ဓာတ်တိုင်များတွင် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်း လင်းခြင်း၊ ဓာတ်တိုင်များတွင်ရှိနေသော ရှုပ်ထွေးနေသည့်ကြိုးလိုင်းများ ပြုပြင်မှုများ ပြုလုပ်နေသည်ကို မြင်တွေ့ရသည်။

သို့သော် ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းဝင်းရိုးကြီး အနောက်ဘက်လမ်းဘေးရှိ အဆောက်အအုံ မဆောက်လုပ်ရသေးသော မြေကွက်လပ်ရှေ့ရှိ ဓာတ်တိုင် တစ်တိုင်၏ ဓာတ်ကြိုးများနေရာတွင် နွယ်ပင်များ ဖုံးအုပ်နေသည်ကို မြင်တွေ့ရသည်။ ဓာတ်ကြိုးအောက်တွင် ဖုန်းလိုင်းကြိုးများပါ မြင်တွေ့ရသည်။

ယင်းဓာတ်တိုင်အခြေတွင် ရေအိုင်ကြီးနှင့် အမှိုက်ပုံများရှိသည်။ စီတန်းရပ်နားထားသော အဝေးပြေးကုန်ကား မျိုးစုံပါရှိနေသည်။ ယင်းဓာတ်တိုင် အနီးတွင် ချုံနွယ်သစ်ပင်များ ဖုံးအုပ်နေသော ထရန်စဖော်မာတိုင်လည်း ရှိနေသည်။

ရန်ကုန်မြို့တွင်းနေရာအများအပြားတွင် ဓာတ်တိုင်၊ ဓာတ်ကြိုးများ ဘေးအန္တရာယ်ကင်းရန်နှင့် ဓာတ်အား ဆုံးရှုံးမှုလျော့နည်းရန် အလေးထား ဆောင်ရွက်နေချိန်တွင် ဘုရင့်နောင်ပွဲရုံဝင်းမှ အဆိုပါမြင်ကွင်းမလှခြင်းနှင့် လျှပ်စစ်အန္တရာယ် ကြုံတွေ့ရနိုင်သည့် နွယ်ပင်များဖြင့် ဖုံးအုပ်နေသော ဓာတ်တိုင်၊ ဓာတ်ကြိုး၊ ထရန်စဖော်မာတို့ကို ပြုပြင်ရှင်းလင်းပေးစေလိုသည်ဟု ယင်းနေရာအနီး လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ဆိုသည်။
(မောင်စေအောင်)

No comments:

Post a Comment