Wednesday, June 1, 2016

ဖွံ့ဖြိုးမှုအားနည်းသည့် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေး အထူးဦးစားပေးဆောင်ရွက်သွားမည်




အမေး၊ အရေး- မော်စီ

အစိုးရသစ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည် စီမံချက်များ  ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ပြည်သူများ  အချိန်တိုအတွင်း လက်တွေ့အကျိုးခံစားခွင့်ရရှိနိုင်မည့် စီမံချက်များကို ဝန်ကြီးဌာန အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဖွံ့ဖြိုးမှုအားနည်းသည့် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထူးဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ထိုသို့ ရခိုင်ဒေသမှ ပြည်သူများ ပညာရေး၊ ကျန်းမာ ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးကဏ္ဍများတွင်    လက်တွေ့အကျိုးခံစားခွင့်များရရှိအောင် ဆောင်ရွက်သွားမည့်အခြေအနေများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်။

ဦးသိန်းဆွေ၊ ပြည်ထောင်စုဝန်ကြီး

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန

မေး။ ။ရခိုင်ပြည်နယ်အတွင်း ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်မယ့်အခြေအနေကို သိလိုပါတယ်။

ဖြေ။ ။ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော် အစိုးရရဲ့ မူဝါဒလမ်းညွှန်ချက်တွေနဲ့အညီ ပြည်သူလူထု အတွက်လိုအပ်တဲ့ အမှန်တကယ်အကျိုးသက်ရောက်မယ့် လုပ်ငန်းတွေကို   ဆောင်ရွက်သွားဖို့ရှိပါတယ်။   ရခိုင် ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ရေးဗဟို ဌာနတစ်ခုကို ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။ အဲဒီ လုပ်သားများဗဟိုဌာန ဖွင့်လှစ်ခြင်းအားဖြင့် ရခိုင်ဒေသ မှာရှိတဲ့ နိုင်ငံခြားကို သွားရောက်အလုပ်လုပ်ကိုင်မယ့် လုပ်သားတွေနဲ့ ပြည်တွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ လုပ်သားတွေအတွက် သတင်းတွေကို စုံစမ်းရယူနိုင်ပါ တယ်။ နိုင်ငံခြားကုမ္ပဏီတွေမှာ ရောက်ရှိနေတဲ့ လုပ်သား တွေအတွက် သတင်းကို ရယူနိုင်သလို ပြည်ပက သတင်း တွေကိုလည်း ပြည်တွင်းမှ ပြန်ပြီးတော့ ရယူနိုင်ပါတယ်။

ဒါ့အပြင် သွားရောက်အလုပ်လုပ်ကိုင်လိုတဲ့ လုပ်သားတွေ အနေနဲ့လည်း  တခြားနိုင်ငံမှာရှိတဲ့ လုပ်သားများဆိုင်ရာ သတင်းအချက်အလက်တွေကို ဒီစင်တာက ရယူနိုင်မှာ ဖြစ်တဲ့အတွက်  လုပ်သားတွေအတွက်      ဒီဌာနဟာ အများကြီးအထောက်အကူပြုမှာဖြစ်ပါတယ်။

ပြီးတော့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ၊ အခွင့် အရေးတွေ၊ အလုပ်သမားရေးရာနဲ့ သက်ဆိုင်တဲ့ဥပဒေ တွေကို အသိပညာပေးမှာဖြစ်ပါတယ်။ ဒီလို အသိပညာပေး ဆွေးနွေးခြင်းအားဖြင့် အလုပ်သမားတွေရော၊ အလုပ်ရှင် တွေရော အဆင့်ဆင့်တာဝန်ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်တွေပါ ရပိုင်ခွင့်တွေ၊ ကန့်သတ်ချက်တွေ၊ ဥပဒေတွေကိုသိရှိတဲ့ အတွက် ဥပဒေနဲ့အညီဆောင်ရွက်ခြင်းအားဖြင့် အလုပ် သမားရေးရာအငြင်းပွားမှုတွေကို     လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး  ရခိုင်ပြည်နယ်အတွင်းမှာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အလုပ်သမားတွေ၊     အိမ်ထောင်စုလူဦးရေစာရင်းနဲ့ ကိုင်ဆောင်သင့်တဲ့ မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးရေးကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ အသက်(၁၈)နှစ်ပြည့်တဲ့ ကျောင်းသူ ကျောင်းသားတွေကို နိုင်ငံသားစိစစ်ရေး ကတ်ပြား(သို့မဟုတ်)သူတို့ကိုင်ဆောင်သင့်တဲ့ မှတ်ပုံတင် တစ်မျိုးမျိုးကိုထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ နောက်ဆုံးတစ်ခုကတော့ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ သက်ဆိုင်တဲ့ နိုင်ငံသားကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းကို ရခိုင်ပြည်နယ်အတွင်းမှာ ဦးစား ပေးပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုစိစစ်ခြင်း အားဖြင့် ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့်ရတဲ့ ပုဂ္ဂိုလ်တွေ ဟာလည်း ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့်ရသွားမှာဖြစ် ပြီးတော့မှ   နိုင်ငံသားမှတ်ပုံတင်ကတ်ပြားတွေကိုလည်း စနစ်တကျထုတ်ပေးသွားနိုင်မှာဖြစ်ပါတယ်။

ဗိုလ်ချုပ်သန်းထွဋ်၊ ဒုတိယဝန်ကြီး

နယ်စပ်ရေးရာဝန်ကြီးဌာန

မေး။ ။ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက် ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ဆောင်ရွက်ပေးနေမှု အခြေအနေတွေကို အနည်းငယ်ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့  ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ၆ ဒသမ ၁ဝ ဘီလီယံနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်တဲ့ မြေလမ်း ၂၁ မိုင်၊ ကျောက်လမ်း ၂၅ မိုင်၊ ကတ္တရာလမ်း နှစ်မိုင်၊ ကွန်ကရစ်တံတား ၄၄၉ ပေ၊ ကွန်ကရစ်ရြေ>ွပန် ၂၃၆ ပေ၊ ရေရရှိရေးလုပ်ငန်းအနေနဲ့ မူလရန်ပုံငွေဖြင့် ရေတွင်းခုနစ်တွင်းနဲ့ ရက် ၁ဝဝ စီမံချက်အရ ရေကန် ၇၂ ကန်၊ လျှိုပိတ်ဆည်တစ်ခု၊ ကျေးလက်မီးလင်းရေးအနေနဲ့ ဆိုလာမီး ၉၅၅ စုံ၊ဘုန်းကြီးကျောင်း သုံးကျောင်း၊ တန်ဖိုး နည်းအိမ်ရာ ၉၆ လုံးနဲ့ သဘာဝဘေးကြောင့် ပျက်စီးမှု ပြုပြင်ခြင်းလုပ်ငန်း ၁၃ ခုတို့ကို ပြန်လည်ပြင်ဆင် ဆောင် ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

မေး။ ။ရခိုင်ပြည်နယ်အတွင်း လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို လည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ရခိုင်ပြည်နယ်အတွင်းမှာတော့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွေ ကို စစ်တွေ၊ မင်းပြား၊ မောင်တောမြို့တွေမှာ ဖွင့်လှစ်ပေး ထားပါတယ်။ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း သုံးကျောင်းကိုတော့ မောင်တော၊ မင်းပြား၊ အမ်းမြို့တွေမှာ ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါတယ်။

မေး။ ။အခုလတ်တလော ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ခဲ့တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ပြောပြ ပေးစေလိုပါတယ်။

ဖြေ။ ။ဖြစ်ပွားခဲ့တဲ့   ရာသီဥတုအခြေအနေအရ ရခိုင်ပြည်နယ်အတွင်းနှင့် နိုင်ငံအနှံ့အပြားမှာ သောက်သုံး ရေ ရှားပါးပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရပါတယ်။

ဒါကြောင့်မို့လို့   ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ရခိုင်ပြည်နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လာမယ့်မိုးရာသီမှာ ရေချိုကို စနစ်တကျသိုလှောင်အသုံးပြု နိုင်ဖို့အတွက် စုစုပေါင်းကျေးရွာ ၇၂ ရွာမှာ ရေကန် ၇၂ ကန်ကို စက်ယန္တရားများအသုံးပြုကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး ရေကန်တူးဖော်ခြင်းလုပ်ငန်း တွေဟာ သတ်မှတ်ကာလအတွင်း ၁ဝဝ ရာခိုင်နှုန်း ပြီးစီးမှာဖြစ်ပါတယ်။

ဦးကျော်လင်း၊ အမြဲတမ်းအတွင်းဝန်

ဆောက်လုပ်ရေးဝန်ကြီးဌာန

မေး။ ။ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးကို  ဘယ်လို ဖြည့်ဆည်းဆောင်ရွက်သွားမယ်ဆိုတာကို သိချင်ပါတယ်။

ဖြေ။ ။ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိကအားဖြင့် ရခိုင်ပြည်နယ်ထဲ ဝင်တဲ့ အဓိကလမ်းမကြီး သုံးခုရှိပါတယ်။ နံပါတ်(၁)လမ်းမ ကြီးက ဧရာဝတီတိုင်းဒေသကြီး ငသိုင်းချောင်းမြို့ကနေပြီးတော့ ရခိုင်ပြည်နယ် ဂွမြို့ကိုဆက်သွယ်တဲ့ ငသိုင်းချောင်း-ဂွ-သံတွဲ လမ်းမကြီးဖြစ်ပါတယ်။ နံပါတ်(၂)ကတော့ ပြည်-တောင်ကုတ်-သံတွဲကို ဆက်သွယ်တဲ့လမ်းမကြီးပါ။ နံပါတ် (၃)ကတော့  မင်းဘူးကနေ   မင်းဘူး-အမ်း-စစ်တွေ လမ်းမကြီး အဓိကလမ်းမကြီး(၃)ခုတို့ရှိပါတယ်။

ဒီလမ်းမကြီး သုံးခု   ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကဆောင်ရွက်မှာဖြစ်သလို  ရခိုင်ပြည်နယ်ကနေ ပြီးတော့ ချင်းပြည်နယ်ကို ဆက်သွယ်မယ့် ကျောက်တော်-ပလက်ဝလမ်းမကြီးကိုလည်း ဒီငါးနှစ်အတွင်းမှာ ကတ္တရာ လမ်းအဆင့်၊  ဒီပေါ်မှာရှိတဲ့ တံတားတွေအားလုံးကိုလည်း ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွား ပါမယ်။ ပလက်ဝမြစ်ကူးတံတားကိုလည်း ဒီငါးနှစ်အတွင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ပလက်ဝကနေပြီးတော့ မတူပီ လမ်း၊  မတူပီကနေပြီးတော့ ဟားခါးစသဖြင့် ဒီလမ်းမကြီး ကိုလည်း ကတ္တရာလမ်းအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး တော့ ရခိုင်ပြည်နယ်ကနေ ချင်းပြည်နယ်၊ အဲဒီက တစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီးကိုလည်း ဆက်သွယ်သွားလာနိုင် မယ့်လမ်းပိုင်း တစ်လမ်းတိုးလာမှာဖြစ်ပါတယ်။

အဲဒီအပြင် ပလက်ဝ-ကုလားတန်မြစ်ဝ-အိန္ဒိယ ပြည်နယ် မဉ္ဇူရန်မြစ်ဝအထိ ဆက်သွယ်သွားလာနိုင်မယ့် လမ်းကိုလည်း အိန္ဒိယနိုင်ငံ အစိုးရရဲ့အကူအညီနဲ့ ဆက် သွယ်ဖောက်လုပ်သွားမှာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ် ကနေတစ်ဆင့် ကျောက်တော်-ပလက်ဝလမ်း အဲဒီက တစ်ဆင့် ပလက်ဝ-မြစ်ဝအထိ မဉ္ဇူရန်ပြည်နယ်နဲ့ ဆက် သွယ်သွားလာနိုင်မှာဖြစ်ပါတယ်။ အဲဒီအပြင် ရခိုင်ပြည်နယ် ထဲကို အဓိကဝင်ပေါက်လမ်းမကြီး   သုံးခုအနက်က နံပါတ်(၁)လမ်းမကြီးဖြစ်တဲ့ ငသိုင်းချောင်း-ဂွ-သံတွဲလမ်း ကို ကမ္ဘာ့ဘဏ်က ချေးငွေအကူအညီ ဒေါ်လာ သန်း ၂ဝ နဲ့ အဆင့်မြှင့်တင်ဆောင်ရွက်သွားမှာပါ။

နောက်တစ်လမ်းကတော့ မင်းဘူး-အမ်း-စစ်တွေ လမ်းမကြီးပါပဲ။ ဒီလမ်းမကြီးကလည်း အသုံးအများဆုံး လမ်းမကြီးဖြစ်ပြီးတော့  အခုဆိုရင်  အချို့နေရာတွေဟာ ကတ္တရာလမ်းအဆင့်မြှင့်တင်ဖို့    ကျန်ရှိပါသေးတယ်။ ဒီနေရာမှာလည်း  ရခိုင်ပြည်နယ်ဟာ အရည်အသွေးမြင့်တဲ့ ကျောက်တွေ ရှားပါးတဲ့ဒေသဖြစ်တဲ့အတွက် အချို့နေရာ တွေမှာ ကွန်ကရစ်လမ်းအဖြစ် ပြောင်းလဲဆောင်ရွက်သွား မယ့် အစီအစဉ်တွေရှိပါတယ်။ ငါးနှစ်တာကာလအတွင်း မှာပဲ ဒီလမ်းကြောင်းတစ်ခုလုံးကို အခုဆိုရင် မင်းဘူး-အမ်း-စစ်တွေအပိုင်းကို   ၁၅   နာရီလောက်မောင်းရပါတယ်။ အဲ့ဒါကို ကျွန်တော်တို့က ၁ဝ နာရီလောက်အထိ လျှော့ချ သွားဖို့ရှိပါတယ်။ ငါးနှစ်အတွင်းမှာ မင်းဘူးကနေ မနက် မောင်းရင် စစ်တွေကို ၁ဝ နာရီအတွင်းမှာ ရောက်ရှိဖိုmaster plan  ရေးဆွဲထားပါတယ်။

အခု ဒီငါးနှစ်တာကာလအတွင်းမှာလည်း ရခိုင် ပြည်နယ်မှာရှိတဲ့ မြို့ကြီးတွေမှာ စုစုပေါင်းဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၁ဝဝဝ လောက် တည်ဆောက်ပေးဖို့ master plan ရှိပါတယ်။ အခုလာမယ့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ ရေးနှစ်မှာ မြို့ကြီး ရှစ်မြို့ဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ အစရှိတဲ့ မြို့ကြီးတွေမှာ ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၂၁ဝ တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံမှ ကမ်းလှမ်းလာတဲ့ အစီအစဉ်တစ်ခုရှိပါတယ်။ ပုဏ္ဏားကျွန်းမှ မင်းပြားကိုဆက်သွယ်မယ့် ကစ္ဆပနဒီမြစ်ကူး တံတားအသစ်တစ်စင်းနဲ့ ပုဏ္ဏားကျွန်း-မင်းပြား လမ်းအူ ကြောင်းအသစ်ရှာဖွေရေးကိစ္စဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ လမ်းအူကြောင်း သုံးကြောင်း ရှာဖွေထား ပါတယ်။ ဒီနေရာမှာ လမ်းအူကြောင်း သုံးကြောင်းရဲ့ တံတားထိုးမယ့်လိုင်းကြောင်းကို   ရှာဖွေထားပြီးတော့ အိန္ဒိယနိုင်ငံရဲ့အကူအညီနဲ့ လမ်းအူကြောင်းအသစ်နဲ့ တံတားအသစ်ကြီးစတင်နိုင်ဖို့ ဒီငါးနှစ်အတွင်းမှာ စီစဉ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန

မေး။ ။ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီး ဌာနက အကောင်အထည်ဖော်ဆောင်ရွက်မယ့် အစီအစဉ် တွေကို သိပါရစေ။

ဖြေ။ ။ရခိုင်မှာ   တိုက်ပွဲရှောင်ဒေသတွေရှိတယ်။ အဲဒီမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်တဲ့ပညာတွေ လေ့ကျင့် ပေးမယ်။

ရခိုင်မှာပြီးခဲ့တဲ့   မုန်တိုင်းတုန်းက   ချက်ချင်းပဲ ကျွန်တော်တို့ဝန်ကြီးဌာနက သွားရောက်ပြီးတော့ ပြည်နယ် အစိုးရအဖွဲ့နဲ့ ပူးပေါင်းတယ်။ ပူးပေါင်းတဲ့အခါကျတော့  ကြိုတင်ကာကွယ်ရေးလုပ်ငန်းကိုလုပ်တယ်။ လိုအပ်တဲ့ ထောက်ပံ့မှုတွေ အကုန်လုပ်တယ်။ အဲမှာ အရေးကြီးတာက ပြည်သူလူထုပါဝင်ပြီးတော့ သဘာဝဘေးအန္တရာယ် ကျရောက်တာကို ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို ဇာတ် တိုက်လေ့ကျင့်မှုတွေလုပ်တယ်။

အကယ်၍ ဖြစ်လာရင် ပြည်သူလူထုအတွက် ကယ်ဆယ် မယ့်ပစ္စည်းတွေ ကျွန်တော်တို့ အဆင်သင့်ပုံထားတယ်။

ရခိုင်ပြည်နယ်မှာဆို              အထူးဦးစားပေးပြီး ဆောင်ရွက်ထားတာတွေရှိတယ်။Cylone Shelter တွေ ဆောက်ထားတာရှိတယ်။ အဲဒီတော့ ပြည်သူလူထုက အန္တရာယ်ရှိရင် အဲဒီနေရာမှာ စုစည်းမယ်။ Cylone Shelter တစ်ခုကို ထောင်နဲ့ချီပြီးတော့   ဆံ့တယ်။     အဲဒီလိုမျိုး ဆောင်ရွက်ထားတာရှိပါတယ်။

အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်

ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

မေး။ ။ ရခိုင်ဒေသဖွံ့ဖြိုးရေးအတွက် ဝန်ကြီးဌာနက လက်ရှိဆောင်ရွက်နေတာကို သိချင်ပါတယ်။

ဖြေ။ ။ ပြီးခဲ့တဲ့ကာလက စစ်တွေမှာ တဲတန်းလျား ၅၆ လုံး မီးလောင်သွားပါတယ်။ လောင်သွားတဲ့ တဲတစ်လုံး ကို သိန်း ၅ဝ နှုန်းနဲ့  ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အကူအညီတောင်းခံခဲ့ပါတယ်။ ဒီမီးလောင်မှုဖြစ်စဉ်မှာ သိန်း ၂၈ဝဝ လောက်ကို ထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီ အပြင် အုန်းတောကြီး မြောက်ဘက်မှာ သိန်း ၆ဝ ထောက်ပံ့ ပေးခဲ့ပါတယ်။ နောက် ယင်းပြင်ကွက်သစ်မှာလည်း ပြည်သူ တွေအတွက် အစိုးရအဖွဲ့က အိမ်တွေကို ဆောက်လုပ်ပြီး ဖြစ်ပါတယ်။ ဆောက်လုပ်တဲ့အခါ  သန့်ရှင်းရေးအတွက် ရေအိမ်တွေလိုတဲ့အတွက် ဝန်ကြီးဌာနက အိမ် ၁၅၁ လုံးစာ အတွက်   တစ်လုံးကို   တစ်သိန်းနှုန်းနဲ့   ၁၅၁ သိန်းကို ထောက်ပံ့ပေးခဲ့ပါတယ်။

ရွန်နူ မုန်တိုင်းဝင်လာရင်   ကြိုတင်စီစဉ်နိုင်ဖို့ သိန်း ၅ဝဝ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

ဒေါ်ခင်သူဇာအေး၊  ဒုတိယညွှန်ကြားရေးမှူး(နယ်စပ်)

ပညာရေးဝန်ကြီးဌာန

မေး။ ။ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေတဲ့ ပညာရေးကဏ္ဍနဲ့ပတ်သက်လို့လည်း ဘယ်လိုဆောင်ရွက် နေပါသလဲ။ ဘယ်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက် နေပါသလဲ။

ဖြေ။ ။ ရခိုင်မှာဆိုရင် အလယ်တန်းကျောင်း၊ အထက် တန်းကျောင်း   ကျောင်းသူ   ကျောင်းသားစုစုပေါင်း ခြောက်သိန်းကျော်အတွက် ပထမအကြိမ် ခွဲဝေမှုလျာထား ချက်က   သန်းပေါင်း  ငါးရာတစ်ဆယ့်တစ်သန်းကျော် လျာထားခြင်းဖြစ်ပါတယ်။  ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ပေါင်း ၁၇ မြို့နယ်အတွက် ခရီးစဉ်တွေ လမ်းညွှန်ချက် အရသော် လည်းကောင်း၊ လွှတ်တော်မှာထားတဲ့ကတိကဝတ် နဲ့ သဘာဝဘေးအန္တရာယ်ရှိတဲ့ ကျောင်းတွေအတွက်သော် လည်းကောင်း အကုန်လုံးတိုးချဲ့တာတွေရယ်၊ ကျောင်း ဥပဓိရုပ် မကောင်းတာတွေအတွက်ရယ်၊ ရုံးဝန်ထမ်းတွေ အတွက် သိပ္ပံခန်း၊   ခန်းမတွေ   ဆောက်ဖို့အတွက်၊ မူကြို ကလေးတွေအတွက် အဲဒီလိုအပ်တာတွေအားလုံး စီမံကိန်း လုပ်ငန်းတွေနဲ့ ဆောင်ရွက်ပေးနေပါတယ်။ စုစုပေါင်း ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၊ ဘဏ္ဍာရေးနှစ်မှာ နှစ်ခုစလုံး အတွက် အားလုံးပေါင်း ၇ဝ၃ဝ ဒသမ ၆၆သန်းလောက်ထိ လျာထားပါတယ်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ပြင်ဆင် ထိန်းသိမ်းရေးစရိတ် ရန်ပုံငွေအနေနဲ့လည်း   ရခိုင်ပြည်နယ် အတွက်ဆိုရင် ကျပ်သိန်း ၅ဝ ပြင်ဆင်ဖို့ရယ်၊ သိန်း ၁ဝဝ ရယ် သိန်း ၁ဝဝ ရဲ့အထက် ပြင်ဆင်ဖို့လျာထားချက်တွေကို အားလုံး ရခိုင်ပြည်နယ်အတွက်  ၉၈၂ သန်းအထိ လျာထား ပါတယ်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း ရန်ပုံငွေနဲ့ ပရိဘောဂရန်ပုံငွေတွေလည်း  ခွဲဝေပေးထားပြီး ဖြစ်ပါတယ်။    လေးယောက်တွဲစာသင်ခုံတွေကိုလည်း ဆောင်ရွက်ပေးထားပြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှာ   အသစ်တည်ဆောက်မယ့် မူလတန်းကျောင်း  ၆၂ ကျောင်းရှိပါတယ်။ အဲဒီအတွက် လေးယောက်တွဲစာသင်ခုံအနိမ့်   တန်ဖိုး စုစုပေါင်း  ၁ဝ၉ ဒသမ ၄၂၉ဝ အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။ ရခိုင် ပြည်နယ် စစ်တွေမြို့နယ်   ဂုမီကျေးရွာမှာရှိတဲ့    ဒါးပိုင်          ရော်ဘာခြံကယ်ဆယ်ရေးစခန်းမှာလည်း    လိုအပ်တဲ့ ကျောင်းသုံးပရိဘောဂတွေအတွက် ဆောင်ရွက်ပေးလျက်ရှိ ပါတယ်။ စာသင်ခုံတွေ၊ ပလတ်စတစ်ထိုင်ခုံတွေ၊ သင်ပုန်းကြီး တွေအတွက်လည်း  ၂ ဒသမ ၈၄ သန်းကို ရည်ရွယ်ပြီး          ဆောင်ရွက်ပေးလျက်ရှိပါတယ်။         လက်ရှိဆောင်ရွက် ပေးထားတဲ့အစီအစဉ်ဖြစ်ပါတယ်။

ဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

မေး။ ။ ရခိုင်ပြည်နယ်အတွင်း      ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆက်လက်ဆောင်ရွက်မယ့် အခြေအနေ တွေကို သိပါရစေ။

ဖြေ။ ။ ရခိုင်ပြည်နယ်အတွင်း   နေရာဒေသမရွေး လူတိုင်းလက်လှမ်းမီတဲ့    ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ဖို့အတွက် သက်ဆိုင်ရာဒေသအာဏာပိုင်တွေ၊ ဌာန ဆိုင်ရာတွေ၊ ပြည်သူလူထု၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဘက်စုံပါဝင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စီမံချက် (Comprehensive Health Plan)ကို   ရေးဆွဲ             အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ရခိုင်ပြည်နယ်အတွင်းရှိ လူဦးရေ ၃ ဒသမ ၃ သန်းကျော်အတွက် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းတွေ ထိရောက်စွာဆောင်ရွက်နိုင်ဖို့   ခုတင်(၅ဝဝ)ဆံ့ဆေးရုံ တစ်ရုံ၊ ခုတင်(၁ဝဝ)ဆံ့ဆေးရုံ ငါးရုံ၊ ခုတင် (၅ဝ)နှင့်အောက် ဆေးရုံ ၅၂ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၁၂၁ ခု၊   ကျေးလက်ကျန်းမာရေးဌာနခွဲ    ၅၅၈   ခုတို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု  လုပ်ငန်းတွေဆောင်ရွက်လျက် ရှိပြီး ကျန်းမာရေးလွှမ်းခြုံမှု  ပိုမိုကောင်းမွန်ရေးနဲ့ ပြည်သူ လူထုက ကျန်းမာရေးဌာနတွေ ပိုမိုအသုံးပြုစေရေးအတွက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှာ ကျန်းမာရေး အဆောက်အအုံတွေ အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်း ငွေလုံးငွေရင်း ရန်ပုံငွေကို နှစ်စဉ် တိုးမြှင့်ချထားပေးလျက်ရှိပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေး နှစ်အတွင်း လုပ်ငန်းသစ် စုစုပေါင်း ၄၄ ခုအတွက် ခွင့်ပြု ရန်ပုံငွေ ၃၆၇၆ ဒသမ ၇၅ သန်းကို  ပြည်ထောင်စုအစိုးရ ရန်ပုံငွေမှ ခွဲဝေချထားပေးခဲ့ပြီးဖြစ်ပါတယ်။

စစ်တွေမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကို ခုတင်(၂ဝဝ)မှ ခုတင်(၅ဝဝ)သို့ အဆင့်တိုးမြှင့်ပေးခဲ့ပါတယ်။ စစ်တွေမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးလုပ်ငန်း မှာ အိန္ဒိယနိုင်ငံအစိုးရက ဆေးရုံးသုံးပစ္စည်းတွေ ဖြည့်ဆည်း ခြင်းဆောင်ရွက်ပြီး  64 Slide CT Scan and Oxygen plant  တပ်ဆင်ပေးခဲ့ပြီး   လက်ရှိသုံးစွဲလျက်ရှိပါတယ်။ ဒါ့အပြင် နော်ဝေနိုင်ငံ အစိုးရအကူအညီနဲ့ ခုတင် (၁ဝဝ)ဆံ့ တိုးချဲ့လူနာဆောင် ဆောက်လုပ်ရန် သဘောတူညီထားပြီး ကုသရေးဦးစီးဌာနက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးဝယ်ယူဖို့ ငွေကျပ် သိန်းပေါင်း ၄ဝဝဝ နဲ့   ဓာတ်မှန်၊ ဓာတ်ခွဲပစ္စည်း တွေဝယ်ယူဖို့ ငွေကျပ် သိန်းပေါင်း ၇၅ဝ ကို ပြည်သူ့ဆေးရုံ ကြီး စစ်တွေမြို့ကို လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း ခရိုင်/မြို့နယ် တိုက်နယ်ဆေးရုံတွေအတွက် ဆေးဝါးဝယ်ယူ ဖို့ ငွေကျပ် သိန်းပေါင်း ၁၅၇၅ဝ နဲ့   ဓာတ်မှန်၊ ဓာတ်ခွဲ ပစ္စည်းတွေ ဝယ်ယူရန် ငွေကျပ်သိန်းပေါင်း ၂၃၇၅ ကို ထောက်ပံ့ထားရှိပါတယ်။  ၂ဝ၁၆-၂ဝ၁၇    ဘဏ္ဍာနှစ် အတွင်း ဆေးဝါးဝယ်ယူဖို့ ပထမအရစ် အဖြစ် ငွေကျပ် သိန်းပေါင်း  ၁၂ဝဝ ကို ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့နဲ့ ခရိုင်/မြို့နယ်နဲ့ တိုက်နယ်ဆေးရုံတွေအတွက် ကျပ်သိန်း ၄၅ဝဝ ကို ထောက်ပံ့ထားရှိပြီး လိုအပ်ချက်အပေါ် ထပ်မံ ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိစေရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး   ရွေ့လျားဆေးအဖွဲ့ ၃၃ ဖွဲ့၊ ကျန်းမာရေး ဝန်ထမ်း ၁၄၆ ဦးနဲ့ လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါ တယ်။ ရွေ့လျားဆေးအဖွဲ့များနဲ့ အရေးပေါ်တုံ့ပြန်ရေး အဖွဲ့တွေဟာ အရေးပေါ် ဆေးဝါးကုသမှုလုပ်ငန်းတွေ၊ လူနာလွှဲပြောင်းမှုလုပ်ငန်းတွေ ၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေနဲ့  ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း တွေကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။

ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တွေ ထိရောက်စွာ  ဆောင်ရွက်နိုင်ဖို့အတွက် ကျေးလက် ကျန်းမာရေးဌာနတွေမှာ လူထုအခြေပြု ကျန်းမာရေး ဆေး ပေးခန်း (Community Clinic)တွေ နေ့စဉ်ဖွင့်လှစ်ပြီး သက်ကြီးရွယ်အိုတွေ၊  မိခင်နဲ့ အသက်  ငါးနှစ်အောက် ကလေးတွေ၊ ဆယ်ကျော်သက်တွေအပါအဝင်  အသက် အုပ်စု အားလုံးကိုလွှမ်းခြုံနိုင်တဲ့ ဆေးကုသမှုလုပ်ငန်းတွေ၊ မကူးစက်နိုင်တဲ့ရောဂါတွေဖြစ်တဲ့ သွေးတိုးနဲ့ ဆီးချိုရောဂါ ရှာဖွေရေးနှင့်ကုသရေးလုပ်ငန်းတွေ၊ ကျန်းမာရေးပညာပေး ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အသွင် ပြောင်းပိုလီယိုဗိုင်းရပ်ပိုး တွေ့ရှိမှုနဲ့ပတ်သက်ပြီး အိမ်တိုင် ရာရောက် ကောက်သင်းကောက် ပိုလီယိုဆေးတိုက်ခြင်းနဲ့ ဒေသအလိုက် ပိုလီယိုဆေးတိုက်ကျွေးခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ရာမှာ လွှမ်းခြုံမှု ၉၉ ဒသမ ၈ ရာခိုင်နှုန်း အထိရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အသက် တစ်နှစ်အောက်ကလေးတွေမှာ ပြင်းထန် အဆုတ်ရောဂါ ဖြစ်ပွားမှုနဲ့ သေဆုံးမှုလျော့ကျရေးအတွက် (Pneumococcal Vaccine-PCV) ကာကွယ်ဆေးတွေကို ဇူလိုင် ၁ ရက်ကစတင်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် အားလုံးမှာ ထည့်သွင်း ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

၂ဝ၁၅ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ရှစ်မြို့နယ်ရှိ ကျေးရွာပေါင်း  ၁၄၈ ရွာ  လူဦးရေ ၄၃၈၆၉ ဦးကို ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေး (JE Vaccine)ထိုးနှံပေးခဲ့ပါတယ်။ ဆက်လက်ပြီး ဂျပန် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားမှုအခြေအနေကို  စောင့်ကြပ်ကြည့်ရှုလျက်ရှိတဲ့အပြင် ၂ဝ၁၆ ခုနှစ် ဇွန်လ အတွင်း ရခိုင်ပြည်နယ်မှာ ဂျပန်ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး ထပ်မံထိုးနှံနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။

၂ဝ၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် စာရင်းအရ ဖွံ့ဖြိုးတိုးတက်မှု ဒုတိယအနည်းဆုံးဒေသဖြစ်သည့် ရခိုင် ဒေသသည် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်ဒေသများ နည်းတူ အေးချမ်းမှုနှင့်ဖွံ့ဖြိုးမှုအသီးအပွင့်များကို ပြည်သူ များ အားလုံး မျှဝေခံစားနိုင်တော့မည်ဟု ယုံကြည်မျှော်လင့် လျက် ……။



No comments:

Post a Comment