Wednesday, June 1, 2016

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု


The Mirror Daily's photo.
နေပြည်တော် မေ ၃၁
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ကြမ်းကို ယနေ့ကျင်းပသည့်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ခြင်း၊ အသစ်ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများပြုလုပ်၍ အတည်ပြု လိုက်သည်။
ယခုအတည်ပြုလိုက်သည့် ဥပဒေကြမ်း၏ အမည်နှင့် အဓိပ္ပာယ်ဖော်ပြ ချက် အခန်းတွင် ''ငြိမ်းချမ်းစွာစုဝေးခြင်းဆိုသည်မှာ ဤဥပဒေနှင့်အညီ အများပြည်သူဆိုင်ရာနေရာတွင် မိမိသဘောထားဆန္ဒကို ဖော်ပြရန်အလို့ငှာ နိုင်ငံသားများက ဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေ လက်နက်မပါဘဲ ငြိမ်းချမ်းစွာရောက်ရှိခြင်း၊ ဟောပြောခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားတစ်ဦးချင်းအနေဖြင့် အလားတူဆောင်ရွက်ခြင်းလည်း ပါဝင်သည်''ဟူသော စကားရပ်ဖြင့် ပြင်ဆင်အတည်ပြုသည်။
ဥပဒေကြမ်း၏ အသိပေးတင်ပြခြင်းအခန်းတွင် အပိုဒ် ၃ ကို ''ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းအခွင့်အရေးတို့ကို သုံးစွဲ ဆောင်ရွက်လိုသော နိုင်ငံသားများ သို့မဟုတ် အဖွဲ့အစည်းများသည် မိမိ သဘောထားဆန္ဒကို ဖော်ပြရန်အလို့ငှာ အောက်ပါအချက်များပါရှိသော အသိပေးတင်ပြချက်ကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ယင်းသို့ ဆောင် ရွက်မည့်နေ့မတိုင်မီ အနည်းဆုံး ၄၈ နာရီ ကြိုတင်၍ စာဖြင့် ပေးပို့တင်ပြရ မည်။ စီတန်းလှည့်လည်ရာတွင် ဖြတ်သန်းလိုသည့် မြို့နယ်များရှိပါက သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးများထံ ၄၈ နာရီ ကြိုတင်၍ အသိပေး တင်ပြချက်မိတ္တူကိုပေးပို့ရမည်''ဟု ပြင်ဆင်အတည်ပြုခဲ့သည်။
ထို့ပြင် ဥပဒေကြမ်း၏ စည်းကမ်းသတ်မှတ်ချက်များအခန်း အပိုဒ် ၉ တွင် လူသားအချင်းချင်း မတူကွဲပြားမှုကြောင့် ခွဲခြားနှိမ့်ချခြင်း၊ ဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်းတို့ကို ရည်ရွယ်သောအပြုအမူ၊ အပြောအဆိုတို့ကို မပြုလုပ်ရ။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းတို့ပြုရာတွင် သူတစ်ဦးဦး အား ငွေကြေး သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာပေး၍ ပါဝင်စေခြင်း၊ ငွေကြေး သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာလက်ခံ၍ ပါဝင်ခြင်းတို့ မပြုလုပ်ရ။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းတို့ပြုရာတွင် သူတစ်ဦးဦးအားပါဝင်စေ ရန် ခြိမ်းခြောက်ခြင်း၊ အတင်းအကျပ်ပြုခြင်း၊ အနိုင်အထက်ပြုခြင်း၊ မလျော် သြဇာသုံးခြင်းတို့ မပြုလုပ်ရ။ ဤဥပဒေပါ စည်းကမ်းချက်များနှင့် ဒေသဆိုင်ရာ လိုအပ်ချက်နှင့်အညီ တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများမှ ကြိုတင် သတ်မှတ်ထားသော စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းမပြုရ စသည့် ဖြည့်စွက်ချက်များကို ထည့်သွင်းအတည်ပြုခဲ့သည်။
ထို့အတူ စည်းကမ်းသတ်မှတ်ချက်များအခန်းတွင် အပိုဒ် ၁ဝ အဖြစ် ''ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုသူများသည် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ပြုရာတွင် မည်သည့်လက်နက်တစ်မျိုးမျိုးကိုမျှ ကိုင်ဆောင်ခြင်းမပြုရ၊ လက်နက်တစ်စုံ တစ်ရာဖြင့် သူတစ်ဦးဦးအား ဘေးအန္တရာယ်ဖြစ်စေခြင်း သို့မဟုတ် အကြမ်း ဖက်တိုက်ခိုက်ခြင်းမပြုရ''ဟု အသစ်ဖြည့်စွက် အတည်ပြုခဲ့သည်။
ဥပဒေကြမ်း၏ အရေးယူဆောင်ရွက်ခြင်းအခန်းတွင်လည်း အပိုဒ် ၁၂ ကို ''ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ကို ဥပဒေ နှင့်အညီ ဆောင်ရွက်နေသူတို့အား နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ စိတ်ငြိုငြင် စေခြင်း၊ လက်ရောက်မှုကျူးလွန်ခြင်း၊ အနိုင်အထက်ပြုခြင်း သို့မဟုတ် ဟန့်တား ခြင်းမပြုနိုင်စေရန်လည်းကောင်း၊ ဘေးအန္တရာယ်မဖြစ်စေရန်လည်းကောင်း ဒုတိယရဲအုပ် အဆင့်ထက်မနိမ့်သော ရဲအရာရှိ ဦးဆောင်သည့် ရဲတပ်ဖွဲ့က လိုအပ်သော ကာကွယ်စောင့်ရှောက်မှုများကို ဆောင်ရွက်ရမည်''ဟု ပြင်ဆင် အတည်ပြုခဲ့သည်။
ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းတွင် အပိုဒ် ၁၈ ကို ''မည်သူမဆို ပုဒ်မ ၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်းမရှိဘဲ ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်''ဟု ပြင်ဆင်အတည်ပြုသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသား များ၏ မူလအခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို သုံးစွဲဆောင်ရွက်ခွင့်ရရှိစေရန်နှင့် ယင်းတို့အား ဥပဒေအရ အကာအကွယ်ပေးရန်၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်သူများကြောင့် အများပြည်သူအား အနှောင့်အယှက်ဖြစ်စေခြင်း၊ ဘေးအန္တရာယ်ဖြစ်စေခြင်း၊ ထိခိုက်နစ်နာစေခြင်းနှင့် အဟန့်အတားဖြစ်စေခြင်းတို့မှ ကာကွယ်ရန်အတွက် ယခုဥပဒေကို ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း ယင်းဥပဒေကြမ်း၏ နိဒါန်း၌ ဖော်ပြ ထားသည်။
(သတင်းစဉ်)

No comments:

Post a Comment