Wednesday, June 1, 2016

(1.6.2016) ကြေးမုံစာတည်းရှုထောင့်

ပြည်သူ့အစိုးရနှင့် ပြည်သူလူထု၏တာဝန်
============================
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်အာဏာကို သိမ်းယူပြီး မြန်မာ့နည်း မြန်မာ့ဟန်ဖြင့်ဆိုသည့် ဆိုရှယ်လစ်စနစ်ကို ထူထောင်တည် ဆောက်ခဲ့ပါသည်။ ဤဖြစ်ရပ်အပေါ် တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူခြင်းသက်သက်ဟု ယူဆသတ်မှတ်၍ မဖြစ်နိုင်ပါ။ တိုင်းပြည်၌ နှစ်ပေါင်းများစွာ အခြေကျပုံမှန်လည်ပတ်နေသော အုပ်ချုပ်ရေး အဆောက်အအုံ၊ တရားစီရင်ရေးအဆောက်အအုံ၊ စီးပွားရေးအဆောက် အအုံ၊ လူမှုရေးအဆောက်အအုံပြောရမည်ဆိုပါက မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို အုတ်မြစ်မှ တူးလှန်ဖြိုဖျက်ပြီး ဆိုရှယ်လစ်စနစ်ဆိုသော စနစ်သစ်တစ်ရပ်ဖြင့် အစားထိုးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပါသည်။
သို့သော် ပုံဖော်ထူထောင်မည့် ဆိုရှယ်လစ်စနစ်ဆိုင်ရာ အခြေခံအဆောက်အအုံ တို့အတွက် တစ်စုံတစ်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားခြင်းမျိုး မရှိခဲ့ ပါဘူး။ စနစ်ဟောင်းကို အုတ်မြစ်မှ တူးလှန်ဖြိုဖျက်၍ စနစ်သစ်ကလည်း အပြည့်အဝ ထိထိရောက်ရောက် လည်ပတ်နိုင်စွမ်းမရှိမှုကြောင့် ပြည်သူ လူထုတစ်ရပ်လုံး ရင်ဆိုင်ခဲ့ရသော ဖြစ်ရပ်များသည် ကြေကွဲစရာ အတိ ဖြစ်ပါသည်။ မြန်မာပြည်သူတစ်ရပ်လုံး လိုအပ်လျက်ရှိသော အသုံးအဆောင် ပစ္စည်း၊ အဝတ်အထည်၊ ဆေးဝါးစသည်တို့ကို ဖြည့်ဆည်းပေးနိုင်ရန် ထိုင်းနိုင်ငံမှ တရားမဝင်ဝယ်ယူ၍ ပြည်တွင်း၌ ဖောက်ကားရောင်းချခြင်း ကို မမြင်ချင်ယောင်ဆောင်ခဲ့ရပါသည်။ မှောင်ခိုစီးပွားရေးဟုခေါ်သော တရားမဝင်စီးပွားရေးသည် တိုင်းပြည်၌ အမြစ်တွယ်ရှင်သန်ကြီးထွား လာခဲ့ပါသည်။
တရားမဝင်စီးပွားရေးတို့မည်သည် အကျင့်ပျက်လာဘ်စားမှု ကို ကျယ်ပြန့်စေပြီး တိုင်းပြည်ယန္တရားတို့၏ စွမ်းဆောင်ရည်ကို ဝါးမျို ဖျက်ဆီးသည်မှာ ရှောင်လွှဲ၍မရနိုင်ပါ။
ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံကြီးကို ဟန့်တားရပ်တန့် သွားစေရန် တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူပြီး ပြိုလဲနေသော ဆိုရှယ်လစ်စီးပွားရေးစနစ်နေရာတွင် ဈေးကွက်စီးပွားရေးစနစ်ကို အစားထိုးဖော်ဆောင်ခဲ့ပါသည်။ ဤအပြောင်းအလဲတွင်လည်း တိုင်းပြည်ရှိ အခြေခံအဆောက်အအုံတို့သည် ဈေးကွက်စီးပွားရေးအတွက် အံမဝင်၊ မအပ်စပ်။ အချိန်တိုအတွင်း ဖြစ်မြောက်နိုင်မည်ဟု ယူဆရသော နည်းလမ်းမှန်သမျှကို အသုံးပြုခဲ့ရပါသည်။ လုပ်ပိုင်ခွင့်အာဏာအပေါ် အခြေပြုသောကုမ္ပဏီကြီးများ ကြီးမားအားကောင်းလာပြီး သယံဇာတ အခြေခံစီးပွားရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၏ မောင်းနှင်ရေး အင်ဂျင် ဖြစ်ခဲ့ပါသည်။ အာဏာကို ဗဟိုမှတင်းတင်းကျပ်ကျပ်ချုပ်ကိုင်ထား သောနိုင်ငံရေးစနစ်နှင့် ဤစီးပွားရေးအခြေအနေများ ပေါင်းစပ်မှုကြောင့် တိုင်းပြည်၌ တရားမဝင်စီးပွားရေး၏ အခန်းကဏ္ဍသည် ဆက်လက်ရှင်သန် အားကောင်းခဲ့ပြီး ပို၍နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့ပါသည်။
ပြည်သူ လူထု၏ နေ့စဉ်ဘဝ၌ အကျင့်ပျက်လာဘ်စားခြင်းနှင့် နိုင်ငံတော်ယန္တရားတို့ ၏ စွမ်းဆောင်ရည်ကျဆင်းခြင်းသည် ရှောင်လွှဲ၍မရသော အရှိတရားဖြစ် လာပါသည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းတွက်ချက်မှုအရ တရားမဝင်စီးပွားရေးသည် တိုင်းပြည်တရားဝင်ထုတ်ကုန်တန်ဖိုး (GDP) ၏ ထက်ဝက်ရှိသည်။
တရားမဝင်စီးပွားရေးသည် အကျင့်ပျက်လာဘ်စားမှုကျယ်ပြန့်စေပြီး နိုင်ငံတော်ယန္တရားတို့၏ စွမ်းဆောင်ရည်ကျဆင်းစေခြင်းတို့နှင့်အတူ တိုင်းပြည်ကရရှိရမည့် အခွန်ဘဏ္ဍာတို့ကိုဆုံးရှုံးစေပါသည်။ ဝါရှင်တန် အခြေစိုက် တရားမဝင်ငွေကြေးစီးဆင်းမှုတိုက်ဖျက်ရေးအဖွဲ့ Global Financial Integrity ၏ ခန့်မှန်းမှုအရ တရားမဝင်စီးပွားရေးကြောင့် ၂ဝ၁ဝ မှ ၂ဝ၁၃ ခုနှစ်အထိ ကာလအတွင်း တိုင်းပြည်ကဆုံးရှုံးရသော အခွန်ဘဏ္ဍာသည် ဤကာလ တိုင်းပြည်ကျန်းမာရေးအသုံးစရိတ်၏ ၁၂၉ ရာခိုင်နှုန်းရှိပြီး ပညာရေးအသုံးစရိတ်၏ ၄၂ ရာခိုင်နှုန်းရှိပါသည် Global Financial Integrity အဖွဲ့၏တွက်ချက်မှု မည်မျှမှန်ကန်သည်ကို မသိနိုင်သော်လည်း တရားမဝင်စီးပွားရေးသည် တိုင်းပြည်တရားဝင် ထုတ်ကုန်တန်ဖိုး (GDP) ၏ တစ်ဝက်ခန့်ရှိသည်ဟူသော ကမ္ဘာ့ဘဏ်၏ ခန့်မှန်းမှုကိုထည့်သွင်းစဉ်းစားပါက တွက်ချက်မှုကိန်းဂဏန်းတို့အပေါ် အလေးအနက်ထား သုံးသပ်သင့်သည်။
တရားမဝင်စီးပွားရေး ကိုင်တွယ် နိုင်ရေးသည် အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေး၊ နိုင်ငံတော်ယန္တရား တို့၏ စွမ်းဆောင်ရည်မြင့်မားရေး၊ တရားဥပဒေစိုးမိုးရေးစသည့် ကိစ္စရပ် များနှင့်ဆက်စပ်နေ၍ ကျယ်ပြန့်ခိုင်မာသောစုစည်းမှုအား လိုအပ်ပါသည်။ ဤအခြေအနေက မီးမောင်းထိုးလိုက်သည့် အချက်တစ်ချက်မှာ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သည့် နိုင်ငံတော် အစိုးရထမ်းဆောင်ရမည့်တာဝန် မည်မျှကြီးမား ကျယ်ပြန့်ခြင်းပင်ဖြစ်သည်။
ပြည်သူလူထုအကျိုးစီးပွားအတွက် ထမ်းဆောင်သည့် နိုင်ငံတော် အစိုးရ၏တာဝန်ကို ပြည်သူလူထုကလည်း ကျရာအခန်းကဏ္ဍမှ လက်တွဲ ကူညီဆောင်ရွက်ရမည်ဖြစ်သည်။ သို့မှသာ တိုင်းပြည်၏ဒီမိုကရေစီ အုတ်မြစ်ကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်ပြီး တောက်ပသောအနာဂတ်ကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။ ။

No comments:

Post a Comment