Saturday, May 28, 2016

ကနဦးမှတ်ပုံတင်လုပ်ငန်း အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်


The Mirror Daily's photo.
နေပြည်တော် မေ ၂၇
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပြည်သူများ ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းအဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်ရှိ ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်း(ထောက်ကြန့်)နှင့် တိုင်းဒေသကြီး ရုံး(မန္တလေး)တို့တွင် မေ ၂၈ ရက် (စနေနေ့)နှင့် မေ ၂၉ ရက် (တနင်္ဂနွေ)နေ့တို့တွင် ရုံးဖွင့်လှစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနမှ သိရသည်။
''ရုံးပိတ်ရက်မှာ ကနဦးယာဉ်မှတ်ပုံတင် လုပ်ငန်းတွေ ဆောင်ရွက်ပေးမယ်ဆို တော့ အလွန်ကောင်းတယ်။ တစ်နေ့ တစ်နေ့မှတ်ပုံတင်လုပ်ငန်းက များနေတော့ အချိန်ကုန်တယ်။ အခုလို ရုံးပိတ်ရက်မှာ ဆောင်ရွက်ပေးတာကို ကြိုဆိုတယ်။ နောက်ပိုင်းတွေလည်း ယာဉ်ကနဦး မှတ်ပုံတင်လုပ်တဲ့လူတွေများတဲ့အချိန် ရုံးပိတ်ရက် နှစ်ရက်မဟုတ်တောင်မှ တစ် ရက်လောက်ကို ဆောင်ရွက်ပေးမယ်ဆိုရင် ပိုကောင်းတယ်''ဟု ရန်ကုန်မြို့မှ ယာဉ် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ကိုထွန်းထွန်းက ပြောသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ကနဦးယာဉ်မှတ်ပုံတင် လုပ်ငန်း (ထောက်ကြန့်)နှင့် တိုင်းဒေသ ကြီးရုံး မန္တလေးတို့တွင် ယခင်ပုံမှန် တစ်နေ့လျှင် ယာဉ်စီးရေ ၂ဝဝ ခန့်ကို ဆောင်ရွက်ပေးနေရာမှ ယခုအခါ ယာဉ် စီးရေ ၁ဝဝဝ ကျော်ခန့်ထိ လာရောက်ပြီး ကနဦး ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ကနဦးယာဉ်မှတ်ပုံတင်ခြင်း လုပ်ငန်းများကြောင့် ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို အထိုက် အလျောက် ပြေလျော့စေရန်နှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် လုပ်ငန်းများ မြန်ဆန်ပြီးမြောက်စေရန် ရည်ရွယ်၍ ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ဌာန ထောက်ကြန့်ရုံးကို ၂ဝ၁၄ ခုနှစ် သြဂုတ် ၁ ရက်တွင် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ
မင်းသစ်(သတင်းစဉ်)

No comments:

Post a Comment