Saturday, May 28, 2016

မန္တလေးက ပျောက်ကွယ်တော့မယ့် ဈေးချိုညဈေးတန်း


The Mirror Daily's photo.
ဆူးငှက်
ဒီရက်ပိုင်း ရန်ကုန်မှာ ညဈေးတန်းဖွင့်လှစ်ဖို့ကိစ္စကို တာဝန်ရှိသူတွေ ဆွေးနွေးနေကြတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ မြို့ကြီးပြကြီးတစ်ခုရဲ့ အဆင်တန်ဆာ မှာ ညဈေးတန်းဟာ အဲဒီမြို့ရဲ့ ဂုဏ်သရေနဲ့အတူ ဧည့်သည်တွေကို ဆွဲဆောင်ရာမှာ အဓိကအခန်းကဏ္ဍတစ်ခုဖြစ်တယ်။ ဒါကြောင့် စီးပွားရေးမြို့တော်ကြီး ရန်ကုန်မှာ အစိုးရသစ်ရဲ့ ရက် ၁ဝဝ အတွင်း စီစဉ်ကြပုံ ပေါ်ပါတယ်။ ရန်ကုန်မှာ ညဈေးတန်းတစ်ခုက လူမှုရေး၊ စီးပွားရေးအတွက် လိုအပ်ချက်မို့ ပုံဖော်ဖို့ ကြိုးစားနေစဉ် သက်တမ်း ၆ဝ နီးပါးရှိပြီး ကမ္ဘာကျော်ခဲ့တဲ့ မန္တလေး ဈေးချိုညဈေးတန်းကတော့ အာဏာပိုင်အဆက်ဆက် မျက်ကွယ်ပြုထားခဲ့ကြလို့ အသက်ငင်သေဆုံး ပျောက် ကွယ်တော့ပါမယ်။
မန္တလေးဈေးချိုတော်ဆိုတာ မြန်မာမင်းများလက်ထက် ကတည်းက တည်ရှိခဲ့ပါတယ်။ တကယ်တမ်း ထင်ရှား လာတာကတော့ ကိုလိုနီခေတ်ရောက်မှပါ။ မန္တလေးရဲ့ ဓာတ်ရထားလမ်းတွေကလည်း ဈေးချိုတော်ကိုပဲ ဦးတည်ကြ၊ ဖြတ်သန်းကြတယ်။ မန္တလေးဈေးကွက်ရဲ့ အဓိကလိုအပ်တဲ့ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက် တွေကိုလည်း မတ္တရာနယ်တစ်ဝိုက်က အဓိကတင်ပို့ နေရလေတော့ ဘိုးတော်ဘုရားလက်ထက်ကတည်းက ဖောက်လုပ်ခဲ့တဲ့ ရွှေတချောင်းမြောင်းကနေ ဈေးချို အနောက်ဒုတ်ဒုတ်ထိ လှေသမ္ဗန်တွေနဲ့ တင်ပို့နိုင်တယ်။ ဒါတင်မက ဈေးချိုနှင့် မတ္တရာကိုလည်း မီးရထားလမ်း သီးသန့်ဖောက်ပြီး ခရီးသည်နဲ့ ကုန်ပစ္စည်းတွေ သယ်ပို့ပေးခဲ့တယ်။ ဈေးချိုဆိုတာလည်း နှစ်ပြ (ပေ ၁၂ဝဝ နီးပါး) ပတ်လည် အကျယ်အဝန်းအတွင်းမှာ အုတ်ကာ၊ သွပ်မိုး ဈေးရုံကြီး ၁၂ ရုံကို ပင်မထားဖွဲ့စည်း ထားတာအပြင် ပတ်လည်မှာလည်း သံဖြူတန်း၊ ထိုးမုန့် တန်း၊ မွေ့ရာတန်း၊ မုန့်စုံတန်း၊ လင်းရောင်ခြည်ဈေးတန်း၊ အောင်ဈေးတန်း၊ ဝက်သားရုံ၊ ဆိတ်သားရုံ၊ ငါးတန်း၊ ပန်းတန်း၊ ထီးတိုင်ဈေး၊ ကိုင်းတန်းဈေး၊ မန်းသီရိဈေး စတဲ့ဈေးတန်း၊ ဈေးရုံတွေကလည်း တစ်ဆက်တစ်စပ်တည်း ဝန်းရံထားသေးတာကိုး။ ဒီတော့ အထက်မြန်မာပြည် သာမက မြန်မာတစ်ပြည်လုံးရဲ့ အရောင်းအဝယ် ဆိုင်ရာ ပင်မဈေးကွက် အချက်အချာဒေသကြီးဖြစ်ခဲ့ တာပေါ့။
အနယ်နယ်အရပ်ရပ်က လာကြတဲ့ဧည့်သည်တွေက ဈေးချိုအနီးအနားက ပွဲရုံကြီးတွေမှာ၊ ဘုန်းကြီးကျောင်း ကြီးတွေမှာ တည်းခိုကြပြီး ဈေးဝယ်ကြတယ်။ ဒီလို ဝယ်ခြမ်းကြရတာ အများအားဖြင့် တစ်နေ့နဲ့မပြီးဘူး။ မစုံလင်ဘူး။ ဒီတော့ ညပိုင်းမှာလည်း ဝယ်ချင် ခြမ်း ချင်တာတွေရှိတယ်။ မြို့ပေါ်ပရိသတ်ကလည်း အလှူမင်္ဂလာပွဲလမ်းအတွက်၊ ဘုရားသွားကျောင်းတက် အတွက် အဝတ်အထည်၊ အလှကုန်ပစ္စည်းကအစ အိမ်သုံးကုန်၊ လူသုံးကုန်ပစ္စည်းတွေကို တစ်နေရာတည်း မှာ စုစုစည်းစည်းဝယ်ချင်တယ်။ အဲဒီနေရာမှာပဲ အပန်းဖြေကာ စားသောက်ဖွယ်ရာတွေ စားသောက် ချင်တယ်။ ဒါကြောင့် လွတ်လပ်ရေးရပြီးနောက် ၁ဝ နှစ် ကျော်ကာလ ၁၉၅၉ ခုနှစ်မှာ ညဈေးတန်းကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အတိအကျပြောရရင် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ တာပါ။ နေရာက ဈေးချိုတော်ရုံကြီး ၁၂ ရုံ မျက်နှာစာနဲ့ ဈေးချိုတိုက်တန်းကြီးတွေကြား ဗိုလ်ချုပ်အောင်ဆန်းလမ်း မကြီးပေါ်မှာပါ။ 'ဈေးချိုတော်ညဈေးတန်း'လို့ သုံးနှုန်းခေါ်ဆိုကြတယ်။ ညဈေးတန်းရဲ့မြောက်ထိပ်မှာ ဈေးချိုနာရီစင်ကြီးက မားမားစွင့်စွင့် ငုံ့ကြည့်နေတယ်။ တစ်နေ့လုံး ပျားပန်းခပ်မျှ စည်ကားလှတဲ့ ဈေးချိုတော် ကြီးနဲ့ မြင်းရထား၊ ဆိုက်ကား၊ စက်ဘီး၊ မော်တော်ကား၊ ခြေကျင်ပရိသတ်တွေနဲ့ စည်ကားလှတဲ့ လမ်းမကြီးတို့ မြင်ကွင်းဟာ ညနေစောင်းတာနဲ့ ချက်ချင်းပြောင်းလဲ သွားတယ်။
ဈေးချိုရုံကြီး ၁၂ ရုံနဲ့ တိုက်တန်းကြီး၊ တိုက်တန်းလေးပေါ်က ဆိုင်ခန်းတွေ၊ ဈေးရုံဈေးတန်းက ဆိုင်ခန်းတွေ ပိတ်သိမ်းလိုက်တာနဲ့ လမ်းမကြီးပေါ်က ယာဉ်ရထား အသွားအလာတွေ ရပ်နားသွားပြီး လမ်းမကြီးပေါ်မှာ ဈေးဆိုင်ဈေးတန်းတွေ ချက်ချင်းခင်း ကျင်းကြတယ်။ နေ့အလင်းရောင်ပျောက်တာနဲ့ ဆိုင် ပေါက်စေ့ အောက်လင်းဓာတ်မီးတွေ ထွန်းညှိကြတယ်။ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ညဈေးတန်း ကိုစဖွင့်တော့ အစားအသောက်ဆိုင်က အိန္ဒိယလူမျိုးပိုင် ၃၁ ဆိုင်၊ တရုတ်ပိုင် ၃၁ ဆိုင်၊ ဂေါ်ရင်ဂျီဆိုင် နှစ်ဆိုင်၊ မြန်မာဆိုင် ၈၅ ဆိုင် အပါအဝင် အဝတ်အထည်၊ လူသုံးကုန်အလှကုန်နဲ့ အထွေထွေကုန်ပစ္စည်းရောင်းချတဲ့ ဆိုင်ပေါင်း ၅၃၄ ဆိုင် ဖွင့်လှစ်ပါသတဲ့။ ဆိုင်ခန်း တစ်ခန်းချင်းစီရဲ့ အကျယ်အဝန်းက ၆ ပေ ထ ၈ ပေရှိတယ်။ ဖွင့်ပွဲမှာ ၂၆ ဘီလမ်း (အာဇာနည်လမ်း)ပေါ်က ဟုတ်စွန်စတိုး(ယခု အင်းဝဘဏ်နေရာ)နှင့် တိုက် တန်းကြီးကို သွယ်တန်းထားတဲ့ ဖဲကြိုးကို မန္တလေးမြူနီစီပယ် ဥက္ကဋ္ဌ မင်းဘူးဦးမောင်မောင်ကဖြတ်ပြီး ဖွင့်လှစ်ပေး ခဲ့တယ်။ ဒီညဈေးတန်းဟာ တစ်လျှောက်လုံး စည်ကား ခဲ့တယ်။ ပြည်တွင်းသာမက ပြည်ပဧည့်သည်များအထိ 'ဈေးချိုညဈေးတန်း'ရဲ့ ထူးခြားတဲ့မြင်ကွင်းနဲ့ ရောင်းဝယ်မှု ပုံစံကို ထူးခြားမှုတစ်ခုအနေနဲ့ မှတ်တမ်းတင်ကြတယ်။ ပြည်ပဧည့်သည်များရဲ့ ပြည်တွင်းအလည်အပတ်ခရီးစဉ် မှာ 'ဈေးချိုညဈေးတန်း'ဟာ မပါမဖြစ်နေရာ တစ်နေရာပါ ပဲ။ မြန်မာပြည်အကြောင်းရေးတဲ့ နိုင်ငံခြားမဂ္ဂဇင်းတိုင်းမှာ 'ဈေးချိုညဈေးတန်း'က မပါမဖြစ်။
၁၉၆၂ ခုနှစ်နောက်ပိုင်း စီမံကိန်းစီးပွားရေးစနစ် အောက်မှာ ညဈေးတန်းကလည်း အခြားဈေးများနည်းတူ 'မှောင်ခိုပစ္စည်း'ဆိုတဲ့ ကန့်သတ်မှုအောက် အလူးအလဲခံ ရပြန်တယ်။ ဒါပေမယ့် မှောင်ခိုပစ္စည်းမှ မရောင်းမဝယ် ရင်လည်း စားစရာ၊ နေစရာ၊ ဝတ်စရာ၊ သုံးစွဲစရာမရှိလေ တော့ ဒီလိုပဲ ''ဒီကွေ့ ဒီတက်နဲ့လှော်၊ ဟိုကွေ့ ဟိုတက်နဲ့ လှော်'' တဲ့ပုံစံနဲ့ပဲ ညဈေးတန်းက စည်ကားမြဲပါပဲ။ နေ့ခင်း မှာ ရောင်းချတဲ့ပစ္စည်းတွေကိုပဲ ''ပစ္စည်းမှန်၊ ဈေးမှန်''နဲ့ ညဈေးတန်းမှာ ဝယ်ယူနိုင်ကြတယ်။ လမ်းဘေးမှာပဲ မတ်တတ်ရပ်သောက်ရတဲ့ သုံးမတ်(၇၅ ပြား)တန် လက်ဖက်ရည်ကနေ စားပွဲနှင့်ကုလားထိုင်နှင့်သောက်ရတဲ့ သုံးကျပ်တန် ဖာလူဒါအထိ ညဈေးတန်းမှာရတယ်။ မလိုင်ကွတ်ကီးရတယ်။ မုန့်တွန်ဇန်၊ အကြော်၊ကောက်ညှင်း ပေါင်းရတယ်။ အလင်းထိဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ရှိတယ်။ ခေါက်ဆွဲ၊ ဆန်ပြားခေါက်ဆွဲရတယ်။ ဆန်ပတ်၊ ကြာဆံဟင်း ရတယ်။ (အဲဒီကာလက ဝက်သားတုတ်ထိုးတို့၊ အကင်စုံတို့ တော့ မရှိသေးဘူး။) သစ်သီးစုံရတယ်။ အိန္ဒိယဖြစ်၊ ထိုင်းဖြစ်၊ တရုတ်ဖြစ် ပစ္စည်းစုံရတယ်။ နာရီစင်အောက်မှာ စားသောက်ရင်း ''အကိုင်းရီကော်ဒါ''ကြီး တွေကဖွင့်တဲ့ လားရှိုးသိန်းအောင်တို့၊ မင်းမင်းလတ်တို့၊ ပုလဲတို့ရဲ့ ခေတ်ပေါ်သီချင်းတွေ နားထောင်နိုင်တယ်။ အအေးမသောက်ချင်ရင်လည်း ခန်းမ ၂ အောက် လမ်းဘေးဝရန်တာမှာထိုင်ရင်း နားထောင်နိုင်တယ်။ (တောင်ပြုန်းပွဲကာလရောက်ရင် ရွှေမန်းတင်မောင်ရဲ့ တောင်ပြုန်းမင်းညီနောင်ကို ဖွင့်တယ်။)
ကျွန်တော်တို့လူငယ်တွေအဖို့ ညဈေးတန်းမှာ စွဲမက် စရာတစ်ခုက ထိုးမုန့်ဆိုင်တွေပါပဲ။ ၂၈ လမ်းဘက်အဝင်နဲ့ ၂၆ ဘီလမ်းပေါ် ညဈေးတန်းအဆုံးတွေမှာ ထိုးမုန့်ဆိုင် တွေရှိတယ်။ ရောင်းချကြတာ ဈေးချိုသူအပျိုဖြန်း လေးတွေ၊ လှလှပပယဉ်ယဉ်ကျေးကျေးလေးတွေ၊ ညဈေး တန်းလာသူတွေကို ချိုသာတဲ့အပြုံး၊ ဖွယ်ရာတဲ့စကားလုံး တွေနဲ့ ''ထိုးမုန့်လေးများ လက်ဆောင်ဝယ်ကြပါဦး ရှင်...၊ ထိုးမုန့်အမြည်းလေးလည်း သုံးဆောင်ကြပါရှင့် ..၊မဝယ်ပေမယ့်လည်း အမြည်းလေးများ သုံးဆောင် ကြပါဦးရှင်...''စတဲ့ စကားလုံးတွေ၊ အပြုံးတွေနဲ့ ဖိတ်ခေါ်တယ်။ လူငယ်တွေကလည်း ယဉ်ယဉ်ကျေးကျေး နှင့် ထိုးမုန့်အမြည်းဝင်စားကြတယ်။ ထိုးမုန့်ဝယ်ကြတယ်။
နောက်လူငယ်တွေ ညဈေးတန်းမှာ စွဲမက်တာက တော့ စာအုပ်ဈေးတန်းပါပဲ။ ရွှေမြို့တော်၊ ဒေါင်းအိုးဝေ၊ သုံးရောင်ခြယ်စတဲ့ စာအုပ်ဆိုင်တွေနဲ့ အခြားအခြား စာအုပ်ဆိုင်များပါပဲ။ လစဉ်ထုတ်မဂ္ဂဇင်းတွေ၊ စာအုပ် အသစ်တွေ၊ ဂန္ထဝင်စာဟောင်းစာကောင်းတွေ အစုံအလင် ပါပဲ။ စာအုပ်ဆိုင်တွေမှာ စာအုပ်ချစ်သူ၊ ဝယ်သူတွေ အမြဲလိုစည်ကားနေတတ်တယ်။ ဈေးချိုညဈေးတန်းက ဗိုလ်ချုပ်အောင်ဆန်းလမ်း (၈၄ လမ်း)တစ်လျှောက်၊ ၂၈ လမ်းက ၂၆ လမ်းအထိ တောင်မြောက်နဲ့ အာဇာ နည်လမ်း(၂၆ ဘီလမ်း) တစ်လျှောက်၊ ၈၃ လမ်းကနေ ၈၆ လမ်းအထိ အရှေ့အနောက်ရှိပါတယ်။
ဒီလိုစည်ကားတဲ့ ညဈေးတန်းက ၁၉၈၁ ဆိုင်းတန်းမီး ကြီးနဲ့ ၁၉၈၄ ဦးကျားကြီးဝင်း မီးဘေးတွေအပြီး မီးသတ်ကားအဝင်အထွက် ရှင်းဖို့လိုတာနဲ့ ဖျက်သိမ်း လိုက်တယ်။ ဘူတာကြီး အနောက်ဘက် ၇၉ လမ်းပေါ် ၂၉ လမ်းက ၃၄ လမ်းအကြား ပြောင်းရွှေ့လိုက်တယ်။ အဲဒီကတည်းက ဈေးချိုညဈေးတန်းရဲ့ သန္ဓေပျက်သွားတာ ပါပဲ။ ၁၉၉ဝ ကျော်ကာလမှာ ၇၉ လမ်းက ညဈေးတန်းကို မူလနေရာပြန်ရွှေ့ပေမယ့် ပြောင်းလဲသွားတဲ့ ဈေးကွက် အခြေအနေရော၊ ဈေးချိုတော်ကြီး ဖျက်သိမ်းလိုက် တာရော လူမှုစနစ်အပြောင်းအလဲတွေကြောင့်ပါ ပျက်စီး ဆုံးရှုံးသွားပါပြီ။
နှစ်ပေါင်း ၅ဝ ကျော် ၆ဝ အတွင်း ကမ္ဘာသိထင်ရှား ခဲ့တဲ့ ဈေးချိုညဈေးတန်းက လောကဓံအမျိုးမျိုးကြောင့် ကျီးနဲ့ဖုတ်ဖုတ်ဖြစ်နေချိန် ၃၄ လမ်း ဒိုင်းမွန်းပလာဇာ အနီးက ''တရုတ်ညဈေး''ကတော့ အခု လေး၊ ငါး၊ ခြောက်နှစ်အတွင်း တစ်ဟုန်ထိုးထင်ရှားစည်ကား လာလေရဲ့။
အဲဒီ ''တရုတ်ညဈေးတန်း''မှာ တရုတ်အစား အသောက်၊ တရုတ်ကြိုက် အသီးအနှံ၊ တရုတ်ကြိုက် အသုံးအဆောင် ပစ္စည်းတွေရောင်းချတာ။ ။

No comments:

Post a Comment