Tuesday, May 31, 2016

ဦးနု၏နိုင်ငံရေးမိန့်ခွန်းများ ပေါင်းချုပ်

The Mirror Daily's photo.





(မြင့်ဆွေဦး)
ဦးနု၏နိုင်ငံရေးမိန့်ခွန်းများပေါင်းချုပ် အမှတ်(၁)
==============================
ဤစာအုပ်ကို စိတ်ကူးချိုချိုစာအုပ်တိုက်မှ ၂ဝ၁၆ ခုနှစ် မေလတွင်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်အတွက် စိတ်ကူး ချိုချိုစာအုပ်တိုက်၏အမှာစာပါရှိသည်။ ထိုအမှာစာတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ဒီမိုကရေစီခေတ်၏ ပထမ ဆုံးနှင့် နောက်ဆုံးဝန်ကြီးချုပ် ဦးနု၏ နိုင်ငံရေးမိန့်ခွန်းများ ပေါင်းချုပ်ကို စုစည်းထုတ်ဝေခြင်းဖြစ်သည်။ ၁၉၄၆ ခုနှစ်မှ ၁၉၆၁ ခုနှစ်အတွင်း ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းများကို စုစည်းထားခြင်းဖြစ်သည်။
ဤစာအုပ်တွင် ဦးနု၏မိန့်ခွန်းများသာမက ဦးနုနှင့် ပတ်သက်သည့်သတင်းများ၊ ဦးနုနှင့် တွေ့ဆုံမေးမြန်းခြင်း များနှင့် ဦးနုက ဖဆပလအလုပ်အမှုဆောင်အဖွဲ့သို့ ဝေငှ သော စာတမ်းများပါ ပူးတွဲဖော်ပြထားသည်။
ကျောင်းသားဘဝကပင် ကိုနုသည် ရန်ကုန်တက္ကသိုလ်တွင် ကိုအုန်းကမိတ်ဆက်ပေးသဖြင့် အောင်ဆန်း၊ သိန်းဖေ၊ ကျော်ငြိမ်းတို့နှင့် သိကျွမ်းခင်မင်ခဲ့ကြသည်။ ကိုနုအပါအဝင် သူတို့လေးယောက် ရန်ကုန်တက္ကသိုလ်သမဂ္ဂ၌ ဝင်ရောက် ယှဉ်ပြိုင်အရွေးခံကြရာ ကိုနုက သမဂ္ဂဥက္ကဋ္ဌဖြစ်လာပြီး ကျန်သူများက သမဂ္ဂအမှုဆောင်များ ဖြစ်လာသည်။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနုက တက္ကသိုလ်ကျောင်း အုပ်ချုပ်ပုံကို ဝေဖန်ပြောကြားခဲ့သဖြင့် ကျောင်းအုပ်ကြီး မစ္စတာ စလော့က ကိုနုကို ကျောင်းထုတ်ခဲ့သည်။ ထိုအတူ သမဂ္ဂမဂ္ဂဇင်း အယ်ဒီတာဖြစ်သူ ကိုအောင်ဆန်းကိုလည်း သမဂ္ဂမဂ္ဂဇင်းတွင် ပါဝင်သော ဆောင်းပါးတစ်ပုဒ်ကြောင့် ကျောင်းထုတ် လိမ့်မည်ဟု သတင်းထွက်လေသည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် ညနေတွင် သပိတ်မှောက်ပွဲ ကြီးပေါ်ထွက် လာခဲ့သည်။ ဒုတိယကျောင်းသားသပိတ်ဖြစ်သည်။ ထိုသပိတ်ကြီးမှ နောင်တစ်ခေတ်တွင် ခေါင်းဆောင် ဖြစ်လာမည့်သူများကို မွေးထုတ်ပေးလိုက်ခြင်းဖြစ်သည်။
သပိတ်မမှောက်ခင် ကျောင်းသားသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ မစ္စတာရာရှစ်က အစည်းအဝေးခေါ်ယူရခြင်း အကြောင်းရှင်းပြပြီး ကျန်အမှုဆောင်များက သပိတ် မှောက်ရန် အားလုံးသဘောတူကြသဖြင့် တက္ကသိုလ် ကျောင်းကြီးအား သပိတ်မှောက်လိုက်ကြသည်။ ထိုအစည်း အဝေးတွင် တက်ရောက်လာသော ကျောင်းသားများ၏ တိုက်တွန်းမေတ္တာရပ်ခံချက်အရ တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုနုမိန့်ခွန်းပြောကြားခဲ့သည်။ ထိုမိန့်ခွန်းသည် ကိုနု(ဦးနု)၏ ပထမဆုံးနိုင်ငံရေးမိန့်ခွန်းဟု ဆိုနိုင်ပေသည်။
ကိုနုသည် ကိုအောင်ဆန်းက အတင်းတိုက်တွန်းခေါ်ငင်ခဲ့သောကြောင့် တို့ဗမာအစည်းအရုံးသို့ ဝင်ခဲ့ရသည်။ ဤသို့နှင့် သခင်နု၊ သခင်အောင်ဆန်းဖြစ်လာသည်။ လွတ်လပ်ရေးတိုက်ပွဲတစ်လျှောက်တွင်လည်း သခင်အောင်ဆန်းနှင့်အတူ ပါဝင်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ် အောင်ဆန်းတို့ ဂျပန်စစ်တပ်နှင့်အတူ မြန်မာပြည်အတွင်း ဝင်ရောက်လာပြီး ဂျပန်ခေတ်တွင် အစိုးရဖွဲ့ပေးသည့်အခါတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ သခင်နုသည် အစိုးရ အဖွဲ့တွင် တာဝန်ယူခဲ့ရသည်။
ဖဆပလခေတ်ရောက်သည့်အခါ သခင်နုသည် မော်လမြိုင်ကျွန်းတွင် ပြန်နေပြီး စာအုပ်များ၊ သတင်းများ၊ ဆောင်းပါးများ ရေးနေခဲ့သည်။ ထိုအခါ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလအလုပ်အမှုဆောင်အဖွဲ့က ဖဆပလဌာနချုပ်မှာ ဒုတိယဥက္ကဋ္ဌလာလုပ်ပါ။ တနင်္ဂနွေ တစ်ပတ်ကို နှစ်နာရီလောက် ဌာနချုပ်ကို လာရင်တော်ပါပြီ။ စာရေးဆရာလုပ်ငန်းကိုလည်း မထိခိုက်စေရပါဟု အကြိမ်ကြိမ်ခေါ်သဖြင့် ပြန်လာခဲ့ရသည်။ ဘုရင်ခံ ဆာဟူး ဘတ်ရန့်(စ်)လက်အောက်မှာ အစိုးရဖွဲ့သည်။ ထိုအစိုးရ အဖွဲ့ထဲ ဝင်ဖို့ခေါ်ခဲ့သော်လည်း လက်မခံခဲ့။
တိုင်းပြည်ပြုလွှတ်တော်အတွက် အထွေထွေ ရွေးကောက်ပွဲပေါ်လာခဲ့ရာ လွှတ်တော်ပေါ်လာရင် ဥက္ကဋ္ဌလုပ်ရန်၊ ရွေးကောက်ပွဲဝင်ရန် ဗိုလ်ချုပ်အောင်ဆန်းက တိုက်တွန်းခဲ့သော်လည်း လက်မခံ။ ရွေးကောက်ပွဲပြီးသည့် အခါ မြိတ်က အမတ်တစ်ယောက်ကွယ်လွန်သွားသဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ပြီး အရွေးခံရန် ဗိုလ်ချုပ် အောင်ဆန်းက တိုက်တွန်းပြန်သည်။ သခင်နုကလည်း မလုပ်လို၍ တင်းတင်းမာမာငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ဝင်အရွေးခံရပြီး တိုင်းပြည်ပြုလွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ယူခဲ့ရသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ လုပ်ကြံခံရပြီးသည့်နောက် ယာယီ အစိုးရဖွဲ့၍ သခင်နုက ဦးဆောင်ပြီး လွတ်လပ်ရေးရယူခဲ့သည်။
ထို့ကြောင့်ယခုစာအုပ်တွင် ၁၉၄၆ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ဦးနုပြောကြားခဲ့သော မိန့်ခွန်းများကို စုစည်း ပေးထားခြင်းဖြစ်သည်။ ပါလီမန်ဒီမိုကရေစီခေတ်က ပြောကြားခဲ့သော မိန့်ခွန်းများဖြစ်သည်။
လွတ်လပ်ရေးရပြီးနောက် မကြာခင်မှာ ကွန်မြူနစ်များ တောခိုပြီး လက်နက်ကိုင်ပုန်ကန်ခဲ့သည်။ ကရင် တို့ကလည်း ပုန်ကန်ခဲ့သည်။ ရဲဘော်ဖြူတို့ကလည်း လက်နက်ကိုင်ပုန်ကန်ခဲ့သည်။ ထို့ကြောင့်အစောပိုင်း ဦးနု မိန့်ခွန်းများတွင် ကွန်မြူနစ်၊ ရဲဘော်ဖြူ၊ ကေအင်ဒီအိုနှင့် ရင်ဆိုင်တိုက်ခိုက်ဖြေရှင်းရပုံများကို ပြောကြားခဲ့သည်။
၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်(အင်္ဂါနေ့)တွင် ကွယ်လွန်သူ ဗမာပြည်ကွန်မြူနစ်ပါတီပေါ်လစ်ဗျူရို အဖွဲ့ဝင်၊ ပြည်သူ့အာဏာဂျာနယ်အယ်ဒီတာနှင့် တော်လှန် ရေးခေါင်းဆောင် သခင်ဗဟိန်းအတွက် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ နေသူရိန်ရုံကြီး၌ကျင်းပခဲ့ရာ ဖဆပလကိုယ်စားလှယ် သခင်နုတတ်ရောက်၍ ဂုဏ်ပြု စကားပြောကြားခဲ့သည်။
ထိုမိန့်ခွန်းတွင် သခင်နုက အောက်ပါအတိုင်း ပြောကြားခဲ့သည်။
''နိုင်ငံရေးသမားဆိုတာ ဘယ်တော့မှ စိတ်ချမ်းသာကိုယ်ချမ်းသာ နေရတယ် မရှိခဲ့ဘူး။ လူထုခေါင်းဆောင် တစ်ယောက်ဆိုတော့ ဘယ်ပြောနိုင်စရာရှိတော့မလဲ။ အစားပျက်အအိပ်ပျက်နဲ့ နောက်ဆုံး အနိစ္စရောက်သွားရတာပဲ။ နောက်ဆုံးမှာ သဘာပတိမိန့်ကြားသွားသလို မြန်မာပြည်အတွင်းမှာ ညီအစ်ကိုအချင်းချင်း သတ်ပွဲ၊ ရိုက်ပွဲတွေ ဖြစ်တဲ့ စနစ်ဆိုးကြီးကို ပယ်ဖျက်သင့်တယ်လို့ ထောက်ခံတယ်။ လွတ်လပ်စွာ ဟောပြောခွင့်၊ ပြီးတော့ မြန်မာလူထု ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေဟာ လွတ်လပ်စွာ ဟောပြောစည်းဝေးနိုင်ခွင့် ရှိတယ်။ အဲဒီလိုအခွင့်အရေးရှိတာကို အနှောင့်အယှက်ဖြစ်တဲ့ စနစ်ဆိုး ကြီးအား လုံးဝပျောက်ကွယ်သွားအောင်သုတ်သင်ဖို့ ထမြောက်အောင်မြင် စွာဆောင်ရွက်ရာတွင် အသက်အပ်ပြီး ဆောင်ရွက်မည်ဆိုတာကို ဤ နေရာတွင် ပြောကြား၍ သခင်ဗဟိန်း၏ ဝိညာဉ်ကိုတိုင်ကြားပါသည်။''
၁၉၄၈ ခုနှစ် မေ ၂၇ ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် စစ်ရုံးဖွင့်ပွဲ၌ ဝန်ကြီးချုပ်သခင်နုက မိန့်ခွန်းတစ်ရပ် ပြောကြားသည်။ ထိုမိန့်ခွန်းတွင် တိုင်းပြည်တစ်ပြည်ကို ထူထောင်သည့်အခါမည် သို့သော အုပ်ချုပ်ရေးက နိုင်ငံသူ နိုင်ငံသားများအတွက် အကောင်းဆုံး ချမ်းသာမှုပေးနိုင်မည်လဲ။ နိုင်ငံသူ နိုင်ငံသားများအတွက် အကောင်းဆုံး ချမ်းသာမှုပေးနိုင်သည့် အုပ်ချုပ်ရေးစနစ်မှာ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ပင်ဖြစ်သည်။
ထိုကဲ့သို့ နိုင်ငံသူနိုင်ငံသားများအတွက် အကောင်းဆုံးချမ်းသာမှုကို ဖန်တီးပေးနိုင်ရုံသာမက ဒီမိုကရေစီစနစ်ကြီး ထမြောက်အောင်မြင်ဖို့ အတွက် အဓိကကျတဲ့သူများမှာ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များပင်ဖြစ်သည်။
လူထု၏ မဲဆန္ဒရုံမှာ ရှုံးလျှင် တပ်မတော်၊ ရဲစသည့်လက်နက်ကိုင် အဖွဲ့အစည်းများ အားကိုးပြီး အာဏာကိုလိုချင်ကြသည်။ အဲဒီလို နိုင်ငံရေးသမားများဟာ အာဏာကို တရားဝင်နည်းနှင့်ရော မတရား တဲ့နည်းနှင့်ရော ရယူချင်ကြသည်။ ထိုကဲ့သို့ လက်နက်အားကိုးဖြင့် အာဏာသိမ်းလိုက်သည့်အခါ နိုင်ငံသူ နိုင်ငံသားများအတွက် အကောင်းဆုံး ချမ်းသာမှုကို ဖန်တီးပေးနိုင်သည့် ဒီမိုကရေစီစနစ်ကြီးကို မြေမြှုပ်လိုက်ရသည့် နေ့ပဲဖြစ်သည်ဟု ဦးနုက အာဏာသိမ်းနိုင်မည့် အခြေအနေများကို ကြိုတင်ပြောကြားခဲ့သည်။ အာဏာကို လူထုဆီက တရားသဖြင့် မတောင်းဘဲ လက်နက်အားကိုးဖြင့် သိမ်းထားရတဲ့အတွက် လူမြင်တိုင်း သင်္ကာမကင်းဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်ဖို့ကို ချမ်းသာအောင် လုပ်ပေးဖို့ထက် ပိုပြီးစဉ်းစားကြသည်။ ထိုကဲ့သို့ လူထုကြီး ဒုက္ခရောက် စေမည့် အုပ်ချုပ်ရေးမျိုး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှာ မထွန်းကားစေဖို့ စစ်ဘက်က ပုဂ္ဂိုလ်များတွင် တာဝန်အများဆုံးရှိသည်ဟု ဦးနုက သူ့မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ဦးနု၏ နိုင်ငံရေးမိန့်ခွန်းများတွင် ၁၉၅၈ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းရန် ကြိုးပမ်းခဲ့စဉ် အခြေခံဥပဒေကိုပြင်ဆင်၍ ခြောက်လ အကြာတွင် ရွေးကောက်ပွဲပြုလုပ်ပေးရမည်ဟု ကတိကဝတ်ဖြင့် တပ်မတော်ကို အာဏာလွှဲပေးခဲ့သည်။
ဖဆပလအကွဲအပြဲ၊ သန့်ရှင်းတည်မြဲအကွဲအပြဲနှင့်ပတ်သက် သော မိန့်ခွန်းများကိုလည်းဟောပြောခဲ့သည်။ ဦးနု၏ မိန့်ခွန်းများမှာ ပါလီမန်ဒီမိုကရေစီခေတ် သမိုင်းကြောင်းကို မီးမောင်းထိုးပြနေသည်။ ဖဆပလအကွဲအပြဲတွင် ဦးနုက ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့အပေါ် အမြင်များ၊ သဘောထားများကို ဖော်ပြလျက်ရှိသည်။
နောက်ဆက်တွဲ အဖြစ် ဖဆပလအလုပ်အမှုဆောင်အဖွဲ့သို့ ဝေငှသော စာတမ်းမှာ ဦးကျော်ငြိမ်း၏စွပ်စွဲချက်များကို ပြန်လည် ချေပထားခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ''ဦးနု၏ နိုင်ငံရေးမိန့်ခွန်းများ'' သည် မြန်မာ့နိုင်ငံရေးသမိုင်းအတွက် တစ်စိတ်တစ်ပိုင်းအားဖြင့် ဖော်ပြနေ ပေသည်။ သမိုင်းတွင် မှန်သလား၊ မှားသလားဆိုသည်ကို ခေတ်အခြေ အနေနှင့်ယှဉ်၍ လေ့လာသင်ခန်းစာယူရမည်ဖြစ်သည်။
ဦးနုသည် ပါလီမန်ဒီမိုကရေစီအား ခိုင်မြဲစွာ ယုံကြည်ခဲ့သူ၊ လက်ခံခဲ့သူဖြစ်သဖြင့် ယနေ့ခေတ် ဒီမိုကရေစီစနစ်ဖြင့် ချိန်ထိုး လေ့လာစရာများကို ဖော်ပြပေးနိုင်လိမ့်မည်ဟု ဆိုပါရစေ။ ။

No comments:

Post a Comment