Saturday, May 28, 2016

ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာသည်နှင့်အမျှ အလုပ်ဌာန/စက်ရုံများတွင် ကျွမ်းကျင်လုပ်သားများနှင့် အင်ဂျင်နီယာများ အချိုးကျကျ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်

 

 
 
နေပြည်တော် မေ ၂၇

နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အခွင့် အလမ်းများ ပေါ်ပေါက်လာနိုင်သကဲ့သို့ ပေါ်ပေါက်လာသော အခွင့်အလမ်းများကို အမိအရ မဆုပ်ကိုင်နိုင်ပါက မိမိတို့ လက်ရှိ အခွင့်အရေးများကို လက်လွှတ်ဆုံးရှုံးရ သည့်အနေအထားနှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် ကျွမ်းကျင်မှုနှင့် ပတ်သက်၍ စိန်ခေါ်မှုများ တွေ့ကြုံလာ နိုင်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြောင်းလဲလာသော စီးပွားရေးဈေးကွက်နှင့်အညီ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ  တိုးတက်လာသည်နှင့်အမျှ အလုပ်ဌာန/ စက်ရုံများတွင် ကျွမ်းကျင်လုပ်သားများ နှင့် အင်ဂျင်နီယာများ အချိုးကျကျ ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်နေကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောသည်။
အမျိုးသားအဆင့် လုပ်သားထု ဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ (National Skills Development
Forum) ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ (MICC – 2) ၌ ကျင်းပစဉ် (အပေါ်ယာပုံ) ဒုတိယသမ္မတ ဦးမြင့်ဆွေ က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-
AEC) တွင် အာဆီယံနိုင်ငံများ အနေဖြင့် စီးပွားရေးပေါင်းစပ်မှုနှင့်အတူ ''ဘုံ''” အလုပ်သမားဈေးကွက်ဖြစ်ပေါ် စေရန် ဦးတည်ပြီး ဝန်ဆောင်မှုနှင့် စက်မှု လက်မှုလုပ်ငန်းများတွင် အရည်အသွေး ပြည့်ဝသည့် ပညာရေးစနစ်ဖြင့် ယှဉ်ပြိုင် နိုင်မှုများ တိုးတက်ကောင်းမွန်ရန် အဓိပ္ပာယ်နှင့် စည်းမျဉ်းသတ်မှတ်မှု အစီအစဉ်များ တစ်ပြေးညီဖြစ်လာစေရန် အတွက် မူဝါဒများ ချမှတ်ဆောင်ရွက်နေ သည်။ ယင်းတို့မှာ ဘဝတစ်သက်တာ ပညာသင်ယူမှု (Lifelong Learning) ချောမွေ့စေခြင်း၊ အရည်အသွေး အသိ အမှတ်ပြုမှု (Recognition of
Qualification) တိုးတက်လာစေခြင်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ပြောင်းရွှေ့ပညာ သင်ကြားနိုင်သောCredit Transferစနစ်ကို အားပေးရန်နှင့် တိုးမြှင့်ခြင်း၊ လုပ်သားများ ခေတ္တရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု (Worker Mobility) တိုးမြှင့်ခြင်းနှင့် အမျိုးသားအဆင့်အရည် အသွေးမူဘောင် (National Qualification
Framework- NQF)ထူထောင်ခြင်း စသည့် မူဝါဒများ ချမှတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေက အလုပ် ရှင်များအား မေတ္တာရပ်ခံလိုသည်မှာ အလုပ်သမားများ လုပ်ငန်းခွင်ကျွမ်းကျင်မှု ရှိလာသည်နှင့်အမျှ မိမိတို့၏ လုပ်ငန်း တိုးတက်လာမည် ဖြစ်သည့်အတွက် အလုပ်သမားများကို လုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်မှုသင်တန်းများ တက် ရောက်နိုင်ရေး အလေးထားဆောင်ရွက် ပေးစေလိုပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံလူဦးရေ (၅၁ ဒသမ ၄)သန်းခန့်အနက် အလုပ်လုပ် နိုင်သောလူဦးရေ ၃၂ သန်းခန့်ရှိသည့် အတွက် အလုပ်လုပ်နိုင်သော လုပ်သား အင်အားပါဝင်မှုနှုန်း ၆၇ ရာခိုင်နှုန်းခန့်ရှိ ပါကြောင်း၊ ၂ဝ၁၅ ခုနှစ်အကုန်မှစ၍ ဝင်ရောက်လာသော ASEAN
Economic Community-AEC တွင် အာဆီယံဒေသတွင်း ကျွမ်းကျင် လုပ်သားများ လွတ်လပ်စွာရွှေ့ပြောင်း လုပ်ကိုင်သည့်အခါ မိမိတို့နိုင်ငံသားများSkilled worker များဖြစ်ရန်အတွက် Vocational Training Centre အပြင်Testing Centre များလည်း တည်ထောင်ပြီး အမျိုးသားအဆင့် ကျွမ်းကျင်မှုအဆင့်အတန်းများ စိစစ် အကဲဖြတ်ပေး၍ မြန်မာလုပ်သားများအား အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ် ထုတ်ပေးထားရန် အထူးလိုအပ်ပါကြောင်း ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလုပ်သမားရေးရာဝန်ကြီးများ၊ လွှတ် တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဗဟိုအဖွဲ့ဝင်များ၊ အသင်း ချုပ်၊ အသင်းအဖွဲ့များမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု ''စံ'' သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့မှ အဖွဲ့ဝင် များ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့ အစည်းများ၊NGO ၊ INGO များမှ ကိုယ်စားလှယ် များ၊ ပြည်တွင်း ပြည်ပမှ ဘာသာရပ်ဆိုင် ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက် ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနား အပြီးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ အမြဲ တမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် တာဝန် ရှိသူများက အမျိုးသားအဆင့်လုပ်သား ထုဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက် ရေးဆွေးနွေးပွဲကျင်းပရသည့် အကြောင်း ရင်းနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာ များ၏ အလုပ်သမားရေးရာကိစ္စရပ်များ နှင့်ပတ်သက်၍ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် အမျိုးသားအဆင့် လုပ်သားထုဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အလုပ်အကိုင်အခွင့်အလမ်းများ၊ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ကျွမ်းကျင်မှု ''စံ'' သတ်မှတ်ခြင်း၊ သင်ရိုး ညွှန်းတမ်းရေးဆွဲနိုင်ရေးတို့ကို တင်ပြ ဆွေးနွေးပြီး နိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများက ကျွမ်းကျင် မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လက်ကူညီ ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
(သတင်းစဉ်)





No comments:

Post a Comment