Sunday, May 1, 2016

ဒလမြို့နယ် ပြည်သူများ သောက်သုံးရေအခက်အခဲမရှိစေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်ပေး




The Mirror Daily's photo.


ရန်ကုန် ဧပြီ ၃ဝ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်နှင့် တာဝန်ရှိသူများသည် ဧပြီ ၂၉ရက် နံနက်ပိုင်းတွင် ဒလမြို့နယ်အတွင်း ပူပြင်းသော နွေရာသီ၌ ပြည်သူများ သောက်သုံးရေအခက်အခဲမရှိစေရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြို့နယ်ရေပေးဝေရေးလုပ်ငန်းနှင့် ခန်းခြောက်သော သဘာဝသောက်သုံးရေကန် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုပြီး သောက်သုံးရေ အခက်အခဲရှိနေသော ရပ်ကွက်များသို့ သောက်သုံးရေများအား ရေသယ်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးကြပြီး သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြသည်။

ဒလမြို့နယ်နေပြည်သူများ ပူပြင်းသော နွေရာသီတွင် သောက်သုံးရေများ အခက်အခဲမရှိစေရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဒုတိယဌာနမှူး ဦးမျိုးသိန်းနှင့်အဖွဲ့သည် ရန်ကုန်ပေါက်ကျေးရွာမှပေးပို့သော ရေတွန်းစက် ကြံ့ခိုင်မှုအခြေ အနေများ၊ ခန်းခြောက်သွားသော သောက်သုံးရေကန်များ ပြန်လည်ပြုပြင် ထိန်းသိမ်းနေမှုအခြေအနေများသာမက ကမ်းခြေရပ်ကွက် ရွှေညောင်ပင်ကန်အား စက်ယန္တရားများဖြင့် ပြန်လည်တူးဖော်ဆောင်ရွက်နေမှုများ၊ ဒလ- တွံတေးကားလမ်းဘေးရှိ တာကြီးရပ်ကွက်အတွင်း ရပ်ကွက်နေပြည်သူများသို့ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေနေမှုများနှင့် ဂျပန်နိုင်ငံ JFE Company က ဒလနေပြည်သူများအတွက် လှူဒါန်းပေးပို့သော သောက်ရေသန့်ဘူးများ ဖြန့်ဝေနေမှုတို့ကို တာဝန်ရှိသူများနှင့်အတူလိုက်ပါ ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ကြသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများသည် ဒလမြို့နယ် သောက်သုံးရေ အခက်အခဲမရှိစေရန်အတွက် တွံတေးမြို့နယ် ရန်ကုန်ပေါက်ကျေးရွာရှိ ရေပေးဝေရေးလုပ်ငန်းများကိုလည်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(စောသိန်းဝင်း)

No comments:

Post a Comment