Sunday, May 1, 2016

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရက် (၁ဝဝ) စီမံချက်ကာလအတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးမှ လမ်းမိုင် ၂ဝ ကို အဆင့်မြှင့်တင်ပြုပြင်တည်ဆောက်သွားမည်




The Mirror Daily's photo.


နေပြည်တော် ဧပြီ ၃ဝ

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရက် (၁ဝဝ) စီမံချက်ကာလအတွင်း ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင် (၁၅/ဝ )မှ မိုင်တိုင်(၂၅/ဝ)ထိ လမ်းပိုင်းနှင့် မိုင်တိုင် (၁၆၃/ဝ) မှ မိုင်တိုင် (၁၇၃/ဝ) ထိ လမ်းပိုင်း စုစုပေါင်း လမ်းမိုင် ၂ဝ ကို အဆင့်မြှင့်တင်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းအရည်အသွေးနှင့် ပတ်သက်ပြီး မိမိအနေဖြင့် ရဲရဲဝံ့ဝံ့အာမခံကြောင်း၊ အစိုးရသစ်တက်ပြီး နောက်ပိုင်း လမ်းတစ်လမ်းသည် ငါးနှစ် မခံပါက တာဝန်ခံအင်ဂျင်နီယာကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ရန်ကုန် - မန္တလေး အမြန်လမ်း ယာဉ်မတော်တဆဖြစ်ပွားမှုလျှော့ချရေး ရက် (၁ဝဝ) စီမံချက် စတင်ဆောင်ရွက်သည့် အခမ်းအနားတွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများအား ပြောကြားသည်။

အဆိုပါ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်(၁၇၃/၁)၌ ကျင်းပရာ ရှေးဦးစွာ လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးကြည်ဇော်မြင့်က အမြန်လမ်းမကြီး၏ ရက်(၁ဝဝ)စီမံချက်ဆောင်ရွက်ရသည့်ရည်ရွယ်ချက်နှင့် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရက်(၁ဝဝ)စီမံချက်အရဆောင်ရွက်မည့်လမ်း အဆင့်မြှင့်တင်ပြုပြင်တည်ဆောက်ခြင်းစီမံကိန်းအား အလံငယ်ဝှေ့ယမ်း၍ စတင်ဆောင်ရွက်ခွင့်ပြုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းတစ်ခု ဆောင်ရွက်မည်ဆိုလျှင် ပြည်သူလူထုစိတ်ဝင်စားရန်လိုအပ်ကြောင်း၊ ပြည်သူလူထုစိတ်ပါဝင်စားမှုရှိရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၌ အစိုးရအဖွဲ့သစ် တစ်ရပ်တက်လာလျှင် အစိုးရသစ်၏ စွမ်းဆောင်မှုတစ်ရပ် အဖြစ် ရက်(၁ဝဝ) လုပ်ငန်းစဉ်ဆောင်ရွက်ခြင်းဟူ၍ ရှိကြောင်း၊ ရက်(၁ဝဝ)အတွင်း ဖြစ်မြောက်နိုင်မည့် မျှော်လင့်ချက်ဖြစ်ရန်လိုအပ်ကြောင်း၊ ယခုရက်(၁ဝဝ) အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ (၁၅/ဝ) မိုင် မှ (၂၅/ဝ) မိုင် ထိလမ်းပိုင်းနှင့် (၁၆၃/ဝ) မိုင်မှ (၁၇၃/ဝ) ထိ လမ်းပိုင်း စုစုပေါင်းလမ်းမိုင် ၂ဝ ကို အဆင့်မြှင့်တင်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အခြေခံစံနှုန်း တစ်ခုရရှိရန် ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း၊ ထိုစံနှုန်းကို ရယူပြီး ဆက်လက်လုပ်ဆောင်ရမည့် အမြန်လမ်းမကြီး ၃၆၆ မိုင် ၃ ဖာလုံတွင် ကုန်ကျမည့် ကုန်ကျစရိတ်ကို နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ အစီရင်ခံတင်ပြမည်ဖြစ်ကြောင်း။

၎င်းအပြင် ဝန်ကြီးဌာန၏ ရက်(၁ဝဝ)စီမံချက်၌ အထပ်ငါးထပ်တွင် အခန်း ၄ဝ ပါဝင်သည့် စံနမူနာတန်ဖိုးနည်း အိမ်ရာတစ်ခုတည်ဆောက်ခြင်းအပါအဝင် ပြည်သူများ အိမ်ဂရန်လျှောက်ထားခြင်းကို ဆောလျင်စွာဆောင်ရွက်ပေးရေးအစီအစဉ်လည်း ပါဝင်ကြောင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြေကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဖောက်လုပ်ရေးနှင့် စပ်လျဉ်း၍ ၁၉၅၉ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံအစိုးရနှင့်အမေရိကန်အစိုးရတို့၏ သဘောတူစာတမ်းအရ နိုင်ငံခြားအတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့တစ်ခုဖြစ်သည့် လူဝီဘာဂျာနှင့်အဖွဲ့(Louis Ber Ger & Associates) သည်ရန်ကုန်နှင့်မန္တလေးမြို့အကြား ခေတ်မီလမ်းတစ်လမ်း ဖောက်လုပ်ရေးအတွက် ''ရင်းနှီးမြှုပ်နှံမှုအကြိုလေ့လာ ရေးလုပ်ငန်း''ကို ဆောင်ရွက်ခဲ့သည်။

၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း အဆိုပါအတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့သည် ''ရန်ကုန်-မန္တလေး လမ်းစီမံကိန်း ပဏာမအင်ဂျင်နီယာ အစီရင်ခံစာ''ကို မြန်မာအစိုးရသို့ တင်ပြခဲ့သည်။ ထိုစဉ်ကအဆိုပြုထားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းသည် (၂)လမ်းသွား အဆင့်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။

၁၉၇၇ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ရိုးမတောင်ခြေ လမ်းအူကြောင်းသစ်အရ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တည်ဆောက်ရေးအတွက် ယခင် ပြည်ထဲရေး၊ သာသနာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူပေါင်းအကောင် ထည်ဖော်သွားရန်ဖြစ်ပြီး ၁၉၇၈ ခုနှစ်တွင် ရန်ကုန်- မန္တလေး အမြန်လမ်းဖောက်လုပ်ရေးလုပ်ငန်းအတွက် လမ်းအူကြောင်း ရှာဖွေတိုင်းတာခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။

အဆိုပါအမြန်လမ်းသည် လှေလှော်အင်းမှမိတ္ထီလာအထိ ခန့်မှန်းအလျားမိုင် ၃ဝဝ ခန့်ရှိပြီး ၁၉၇၉ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ ၁၉၈၉ ခုနှစ် မတ် ၃၁ ရက်ထိ (၁ဝ)နှစ်တာကာလအတွင်း အပြီးသတ်ဆောင်ရွက်ရန် လျာထားဆောင်ရွက်ခဲ့ရာတွင် လှေလှော်အင်းအနီးလမ်း အစပိုင်း ၃ မိုင်၁ဖာလုံခန့်ကို လေးလမ်းသွား ကွန်ကရစ် လမ်းပိုင်းနှင့် ၎င်းလမ်းပေါ်ရှိ ကွန်ကရစ်တံတား သုံးစင်းသာ တည်ဆောက်ပြီးစီးခဲ့ပြီး စီမံကိန်းရပ်ဆိုင်းသွားခဲ့သည်။

ယင်းနောက် ၂ဝဝ၂ ခုနှစ်တွင် ယခု ရန်ကုန်-မန္တလေး အမြန်လမ်းစီမံကိန်းပဏာမလုပ်ငန်းများဖြစ်သည့် လမ်းအူကြောင်းရှာဖွေခြင်းနှင့် အသေးစိတ်တိုင်းတာ ပုံထုတ်ခြင်း စသည့် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ၂ဝဝ၄ ခုနှစ် မတ် ၃ဝ ရက်တွင် ကျင်းပသည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရေးအဖွဲ့၏ အစည်းဝေးအမှတ်စဉ်(၁/၂ဝဝ၄)က လေးလမ်းသွား ကတ္တရာလမ်းမကြီးအဖြစ် တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ရာ အဆိုပါဆုံးဖြတ်ချက်အရ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ရေးစီမံကိန်းကို စတင်ဆောင်ရွက်ခဲ့ရာ အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေစဉ်မှာပင် ကွန်ကရစ်လမ်းမကြီးအဖြစ် ဆက်လက်တည်ဆောက်ခဲ့သည်။

ရန်ကုန်-နေပြည်တော်လမ်းပိုင်းဖြစ်သည့် အမှတ်(၃)လမ်းဆုံမိုင်တိုင်(ဝ/ဝ)မှ မိုင်တိုင် (၈၃/၆)ထိနှင့် မိုင်တိုင် (၁၇၃/၁) မှမိုင်တိုင် (၂၂၁/၁) ထိကို ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်းက လည်းကောင်း၊ မိုင်တိုင်(၈၃/၆)မှ မိုင်တိုင် (၁၇၃/၁)ထိကို စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးက လည်းကောင်း တည်ဆောက်ခဲ့သည်။

နေပြည်တော်-မန္တလေးပိုင်းဖြစ်သည့် မိုင်တိုင်(၂၂၁/ ၁) မှ မိုင်တိုင်(၃ဝ၄/ဝ)ထိကို စစ်အင်ဂျင်နီယာညွှန်ကြား ရေးမှူရုံးကလည်းကောင်း၊ မိုင်တိုင်(၃ဝ၄/ဝ)မှ မိုင်တိုင် (၃၆၆/၃)ထိကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက လည်းကောင်း တည်ဆောက်ခဲ့ကြသည်။

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးသည် မိုင်ပေါင်း(၃၆၆)မိုင် (၃)ဖာလုံ ရှည်လျားပြီး ရန်ကုန်-ပဲခူး-နေပြည်တော်-မန္တလေး စသည့် တိုင်းဒေသကြီး လေးခုကို ဆက်စပ်လျက်ရှိကာ မြို့နယ်ပေါင်း ၁၅ ခု၊ ကျေးရွာပေါင်း ၁၅၆ ရွာနှင့် ဆက်စပ်နေသောမြို့နယ်/ ခရိုင်ခွဲများသို့ သွားလာနိုင်သည့်လမ်းမကြီးတစ်ခုဖြစ်သည်။

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးကို စတင်တည်ဆောက်စဉ်က ရှစ်လမ်းသွားဟုသတ်မှတ်ခဲ့သော်လည်း ၂ဝဝ၉ ခုနှစ်တွင် လေးလမ်းသွားအဖြစ် အသုံးပြုခဲ့ပြီး ရှစ်လမ်းသွားအဖြစ်အသုံးပြုနိုင်ရန် မြေသားလမ်းကို ဆောင်ရွက်ပြီးဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment