Thursday, May 26, 2016

ဧဝရက်တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သော တောင်တက်သမားနှစ်ဦးအား ကြိုဆို

သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)

ရန်ကုန် မေ ၂၅

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်သို့ တက်ရောက်ကာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ သော တောင်တက်သမားနှစ်ဦးဖြစ်သည့် ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့ သည် ယနေ့နံနက် ၉ နာရီက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ လာရာ ပြည်သူများနှင့် မိသားစုဝင်များ အပါအဝင် တောင်တက်အသင်း မိသားစု ဝင်များက တစ်ခဲနက် သောင်းသောင်း ဖြဖြ ကြိုဆိုခဲ့ကြသည်။ 

အဆိုပါ တောင်တက်သမားနှစ်ဦး နှင့်အဖွဲ့ဝင်များအား ထူးဖောင်ဒေးရှင်း ၏ အကူအညီဖြင့် ယခုကဲ့သို့ က္ဘာ့ အမြင့်ဆုံး တောင်ထိပ်ဖြစ်သည့် ပေ ၂၉ဝဝဝ ကျော်မြင့်သော ဧဝရက်တောင် ထိပ်သို့ မြန်မာနိုင်ငံအလံကို ပထမဆုံး အကြိမ် မေ ၁၉ ရက်က အောင်မြင်စွာ တက်ရောက်၍ စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ တောင်တက်အဖွဲ့အနေဖြင့် ယခင်နှစ်က တစ်ကြိမ်နိုင်ငံကိုယ်စားပြုအလံစိုက်ထူနိုင်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။ ယခုဒုတိယအကြိမ်တွင်လည်း တောင်တက်သမားသုံးဦးဖြစ် သည့် ကိုပြည့်ဖြိုးအောင်၊ ကိုဝင်းကိုကိုနှင့် ကိုညီညီအောင်တို့ သုံးဦး တက်ရောက် ရန် ကြိုးစားခဲ့သော်လည်း ကိုညီညီအောင်မှာ ဆရာဝန်များ၏ ဆေးစစ်ချက်အရ ကျန်းမာရေးအခြေအနေကြောင့် တောင်ထိပ်သို့ တက်ရောက်အလံစိုက်ထူနိုင်မှုမှ ကျန်ရစ်ခဲ့ရသည်။ ယင်းတောင်တက်အဖွဲ့သို့ ထူးကုမ္ပဏီအနေဖြင့် အမေရိကန် ဒေါ်လာ ၂ဝဝဝဝဝ ဝန်းကျင် အကုန်အကျခံကာ အားပေးကူညီထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် အောင်မြင်စွာဖြင့် ရောက်ရှိလာသော တောင်တက်သမားနှစ်ဦးနှင့်အဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ ယင်းကြိုဆိုမှုတွင် ဝမ်းသာမဆုံးဖြစ်နေသည့် မိသားစုဝင်များ၏ ရင်တွင်းပီတိစကားသံများနှင့် တောင်တက်အသင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများအား မြန်မာ့အလင်းသတင်းအဖွဲ့အနေဖြင့် တွေ့ဆုံမေးမြန်းမှုများကို ရေးသားဖော်ပြ လိုက်ပါသည်။ 

ဒေါ်အက်စတာကြည်ဝင်း (ကိုပြည့်ဖြိုးအောင်၏ မိခင် )
''ဘယ်သူမှ မရောက်နိုင်တဲ့နေရာကို သားအနေနဲ့ ခြေချနိုင်ခဲ့တယ်ဆိုတော့ မြန်မာ နိုင်ငံအတွက်လည်း ဂုဏ်ယူသလို မိသားစုအတွက်လည်း အလွန်ပဲဂုဏ်ယူပါတယ်။ ၁ဝ တန်းအောင်ကတည်းက ပျော့ညံ့တဲ့ယောက်ျားမဖြစ်အောင် ဒီခြေလျင်နှင့် တောင် တက်အသင်းကို အန်တီကိုယ်တိုင်ပဲ ဝင်ခိုင်းခဲ့တာပါ။ သူက အငယ်ဆုံးသားဖြစ်ပါ တယ်။ အစ်မတွေကြားမှာ သူတစ်ယောက်ပဲကျန်ခဲ့တာပါ။ အခုလို သားရဲ့အောင်မြင် မှုကို ပြည်သူတွေကလည်း ဝမ်းပန်းတသာကြိုဆိုကြတာမြင်တော့ တော်တော်လေးကို ပျော်ပါတယ်။ ဒီသားအတွက်လည်း ဝမ်းသာမဆုံးဖြစ်မိပါတယ်''ဟုပြောသည်။
ဒေါ်တင်စုနိုင် (ကိုဝင်းကိုကို၏ မိခင်)
''တောင်တက်အားကစားနည်းက မြန်မာနိုင်ငံမှာ သိပ်မဖွံ့ဖြိုးသေးပေမယ့် နိုင်ငံ တော်နဲ့ယှဉ်ပြီးတော့ အခုလိုတက်ရောက်အောင်မြင်မှုကို ပြည်သူတွေအနေနဲ့ အားပေး ကြိုဆိုတာတွေ့ရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ 

ဒါဟာ နိုင်ငံတကာလို တောင်တက်အားကစားနည်းဟာ မြန်မာနိုင်ငံမှာ ပြန့်ပွားပြီးတော့ တိုးတက်ထွန်း ကားလာမယ့် လမ်းစပါ။ အဲဒီအတွက်လည်း အတိုင်းမသိဝမ်းသာပါတယ်။ အန်တီ အနေနဲ့ကတော့ သားဝါသနာကို အမြဲအားပေးတယ်။ သူက ဘယ်အလုပ်ပဲဖြစ်ဖြစ် အောင်မြင်အောင် နှစ်မြှုပ်ပြီးတော့လုပ်တာ။ အန်တီကလည်း တစိုက်မတ်မတ် အားပေးခဲ့တယ်။ အဲဒါကြောင့် မိခင်တစ်ယောက်အနေနဲ့ ဝမ်းသာတယ်။ ဂုဏ်ယူ တယ်။ တိုင်းပြည်နဲ့လူမျိုးအတွက် မှတ်တိုင်တစ်ခုကို စိုက်ထူခဲ့ပြီဆိုပြီးတော့ နိုင်ငံ ဂုဏ်ကိုဆောင်နိုင်တဲ့အတွက် ပြောမပြတတ်အောင်ပါပဲ''ဟု ပြောကြားသည်။
ဦးပေါ်မြင့်ဦး (ထူးဖောင်ဒေးရှင်း အမှုဆောင်အရာရှိ)
''အခုလို နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့ တောင်တက်သမားနှစ်ဦးကို ဒီနေ့လာကြိုပြီး တော့ သန်ဘက်ခါမှာ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ မီဒီယာရှင်းလင်းပွဲ ၁ နာရီ လုပ်မယ်။ ညနေ၆နာရီမှာ ဂုဏ်ပြုညစာစားပွဲလုပ်မယ်။ညနေပိုင်းမှာလည်း နိုင်ငံတော် အကြီးအကဲတွေက ဖိတ်ထားပါတယ်။ ဂုဏ်ပြုပွဲလေး လုပ်ပေးမှာပါ။ နိုင်ငံ့ဂုဏ်ဆောင် နိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ နောင်လည်း ကျွန်တော်တို့အနေနဲ့ အခုလို နိုင်ငံဂုဏ်ဆောင်နိုင်မယ့် တောင်တက်သမားတွေကို အားပေးကူညီမှုတွေ ဆက်လက်လုပ်ဆောင်ပေးနေဦးမှာပါ''ဟု ပြောကြားသည်။ 

ဦးနေစိုးမောင် (မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်ဥက္ကဋ္ဌ )
''ကျွန်တော်တို့ မြန်မာနိုင်ငံတောင်တက်သမားတွေအနေနဲ့ ဒီကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါ ဘူး။ ဒီနှစ်မှာတော့ တောင်တက်အဖွဲ့ဝင်တွေရဲ့ ကြိုးစားမှု၊ ကြံ့ခိုင်မှု၊ ထူးဖောင်းဒေး ရှင်းရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ရာသီဥတုရဲ့အခြေအနေပေးမှုကြောင့် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့အနေနဲ့ အခုလို တောင်တက်အားကစားကို စိတ် ဝင်စားသူအများစုပါဝင်ပြီးတော့ လုပ်ဆောင်နိုင်ဖို့ တောင်တက်အဖွဲ့ချုပ်က နောက် ထပ်လည်းကြိုးစားနေတယ်။ တောင်တက်တဲ့သူက သာမန်အားဖြင့်တော့ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ဖို့ပဲ လိုမယ်ထင်ကြတယ်။ ဒါတွေအပြင် အများကြီးလိုပါတယ်။တောင်တက်အဖွဲ့ချုပ်အနေနဲ့က အခုလိုအောင်မြင်တဲ့တောင်တက်သမားတွေကို အားပေးမယ်။ ဆက်လက်လည်း အားပေးသွားမှာပါ။ ခုဆိုရင် တကယ်လုပ်နိုင်တဲ့သူ တွေကို ပြန်စုစည်းနေပါတယ်။ တောင်တက်မျိုးဆက်သစ်လူငယ်တွေ အဖွဲ့ချုပ်ကို ဆက်သွယ်ပါ။ စိတ်ဓာတ်ကြံ့ခိုင်အောင်၊ သွားရေးလာရေးကအစ ကူညီပေးပါမယ်။ နိုင်ငံတကာကဲ့သို့ ကျွန်တော်တို့က ကူညီပေးနေပါတယ်''ဟု ပြောသည်။ 

ယနေ့အောင်မြင်စွာ ရောက်ရှိလာသော ခြေလျင်နှင့်တောင်တက်အဖွဲ့ဝင်များအား ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် အနားယူစေပြီး မေ ၂၇ ရက် မွန်းလွဲ ၁နာရီတွင် မီဒီယာရှင်းလင်းပွဲပြုလုပ်ကာ ယင်းနေ့ညနေ ၆နာရီတွင်လည်း နိုင်ငံတော် အကြီးအကဲများက ဂုဏ်ပြုညစာစားပွဲများဖြင့် ဂုဏ်ပြုဧည့်ခံမည်ဖြစ်သည်။ မြန်မာ နိုင်ငံခြေလျင်နှင့်တောင်တက်အသင်းအဖွဲ့ချုပ်နာယက ဦးတေဇကလည်း အောင်မြင် ခဲ့သော တောင်တက်အဖွဲ့ကို ထူးထူးခြားခြားဂုဏ်ပြုမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment