Sunday, May 1, 2016

ဦးစားပေးရမည့် ငြိမ်းချမ်းရေး

မြန်မာ့အလင်း

ဧပြီ ၁ ရက်တွင် စတင်တာဝန်ယူခဲ့သည့် အစိုးရသစ်အနေဖြင့် ဆယ်စုနှစ်ပေါင်းများစွာ အဘက်ဘက်မှနိမ့်ကျနေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည်ဖြင့် ဖွံ့ဖြိုး တိုးတက်အောင်လုပ်ဆောင်ရမည့် အရေးပေါင်းများစွာရှိသည်။ ထို့ပြင် မြစ်ဆုံစီမံကိန်းကဲ့သို့သော အကဲဆတ်သည့် ပြဿနာများ ကိုလည်း   ကိုင်တွယ်ဖြေရှင်းရဦးမည်။ ယင်းကဲ့သို့ ဖြေရှင်း ရမည့်ပြဿနာများနှင့် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အများအပြားရှိသည့်အနက်  ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်း စဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်ပြုပြင်ရေးဆွဲရေးတို့ သည်  အဓိကဦးစားပေးဆောင်ရွက်ရမည့်   လုပ်ငန်းစဉ်များ ဖြစ်သည်ဟု ရှုမြင်သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို   မဖြစ်မနေပြန်လည် ပြင်ဆင်ရေးဆွဲရမည်ဖြစ်သကဲ့သို့     လက်ရှိအာဏာရပါတီဖြစ်သည့် အင်န်အယ်လ်ဒီပါတီသည်လည်း အခြေခံဥပဒေကို ပြန်လည်ပြုပြင် မည်ဟုကြွေးကြော်၍    ရွေးကောက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။ လက်တွေ့အားဖြင့်မူ   ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးသည် အခက်အခဲများနှင့် ကြန့်ကြာမှုများရှိနိုင်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကိစ္စကို တာဝန်ယူဆောင်ရွက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်၏  ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းကို  ဦးစားပေးဆောင်ရွက်မည့်ခြေလှမ်း များကို  မြင်တွေ့နေရပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC )နှင့် ဧပြီ ၂၇ ရက်တွင်  တွေ့ဆုံခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟုဆိုရာတွင် ယခုလောလောဆယ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် လက်မှတ်ထိုးထားသည့် အဖွဲ့များအပြင် လက်မှတ် မထိုးရသေးသောအဖွဲ့များပါ ပထမအဆင့်အနေဖြင့် အပစ်အခတ် လုံးဝမရှိရေးကို ဦးစားပေးဆောင်ရွက်သင့်ဟု ယူဆမိသည်။ သေနတ်သံများ၊ အမြောက်သံများ   တိတ်ဆိတ်ပြီး   အပစ် အခတ်လုံးဝရပ်စဲမှသာ     ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ဝက် အောင်မြင်သည်ဟု ဆိုနိုင်မည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာခဏကျင်းပနေသော်လည်း ပစ်ခတ်တိုက်ခိုက်မှုဆက်လက်ဖြစ်ပေါ်နေမည်ဆိုလျှင် ပြည်သူတို့ အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ် အယုံအကြည်ကင်းမဲ့ သွားနိုင်သည်။  အပစ်အခတ်ရပ်စဲပြီးနောက်မှသာ စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင်တွေ့ဆုံညှိနှိုင်း   ဆွေးနွေးကြရမည်ဖြစ်သည်။ ယင်းသို့တွေ့ဆုံဆွေးနွေးကြသည့်      ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟု ခေါ်သည်ဖြစ်စေ၊ ၂၁ ရာစု ပင်လုံညီလာခံဟုပဲ  ခေါ်သည်ဖြစ်စေ ထာဝရငြိမ်းချမ်းရေး ရရှိရေးသည်သာ အဓိကဖြစ်သည်။ ပြည်သူတို့ မျှော်လင့်တောင့်တ နေသည်မှာလည်း ထာဝရငြိမ်းချမ်းရေးပင်ဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို    အကောင်အထည်ဖော် ဆောင်ရွက်သကဲ့သို့  ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်မှာ  ဖွဲ့စည်းပုံအခြေခံဥပဒေ  ပြင်ဆင်ရေးဆွဲရေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများက တောင်းဆိုနေသည်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပင်ဖြစ်သည်။  
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးသည် အရေးပါသကဲ့သို့ ပြည်တွင်းငြိမ်း ချမ်းရေးရရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံ နှင့်ပြည်သူတို့၏အကျိုးစီးပွားကိုအလေးထားကာ သံသယများကို လျှော့ချပြီး အပြန်အလှန်ယုံကြည်လေးစားမှုများဖြင့် ဦးစားပေး လုပ်ငန်းစဉ်များကို  အောင်မြင်စွာ   အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေဟု မျှော်လင့်ပါသည်။

No comments:

Post a Comment