Saturday, May 28, 2016

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကာကွယ်မြှင့်တင်မှုနှင့် နိုင်ငံသားဟောင်းများ၏ စွမ်းအားများပါဝင်လာစေရေး ဦးတည်ဆောင်ရွက်မည့် ရက် ၁ဝဝ

The Mirror Daily's photo.

သတင်းဆောင်းပါး - ဟန်နီဝင်း၊ ဓာတ်ပုံ - ကိုကိုလေး
လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းမှစတင်ကာ ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်အထိ အစဉ်အဆက် နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ကြသော နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ စီရရီချိတ်ဆွဲထားသည် ကို နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ရှိရသည်မှာ သမိုင်းစာမျက်နှာတစ်ခုကို လှစ်ဟပြသနေသကဲ့သို့ပင်။
ကမ္ဘာကြီးနှင့်ချိတ်ဆက်ကာ နိုင်ငံအတွက်အကျိုးဆောင်ပေးရသည့် နိုင်ငံခြားရေးဝန်ကြီးတာဝန်ကိုထမ်းဆောင်သော ဝန်ကြီးများတွင် လက်ရှိတာဝန်ယူနေသည့် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။
ပြည်ပရောက်နိုင်ငံသားများအတွက် သံရုံး များသည် အားကိုးအားထားရာ မိဘအိမ်ရိပ် သဖွယ် ပြောင်းလဲဖြစ်ပေါ်လာစေရန်နှင့် ပြည်ပ ရောက် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေးကို တွန်းအားပေးဆောင် ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန် မှာကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ သိရသည်။
သံရုံးများသည် မိဘအိမ်ရိပ်သဖွယ် ပြည်ပ ရောက် မြန်မာနိုင်ငံသားများ အားကိုးအားထား ရာအဖြစ် ကြိုးပမ်းဖော်ဆောင်သွားမှုနှင့်အတူ ပြည်ပရောက်နိုင်ငံသားများသည် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ၏ ဥပဒေနှင့်အညီ အခွင့်အရေး များ အပြည့်အဝရရှိရန်အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရက် ၁ဝဝ အတွင်း ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အတူ ပြည်ပရောက်မြန်မာနိုင်ငံသား များအနက် ရာဇဝတ်မှုကင်းရှင်းပြီး ယုံကြည် ချက်ကြောင့် သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှု ကြောင့် အမည်မည်းစာရင်း(Black List) ထည့်သွင်းခံထားရသူများကို အမည်မည်း စာရင်းမှ ထုတ်ပယ်နိုင်ရေး၊ မြန်မာနိုင်ငံသား ဟောင်းများ၏ စွမ်းအားအရင်းအမြစ်များကို နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်လာစေရန် ပြည်ဝင်ဗီဇာလွယ်ကူစွာရရှိရေး၊ ပြည်တွင်း နေထိုင်ခွင့်ပိုမိုရရှိရေးတို့ကို ရက် ၁ဝဝ အတွင်း ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
ထိုအကြောင်းကို ဒုတိယဝန်ကြီး ဦးကျော်တင်က ''ပြည်ပရောက် မြန်မာ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ကာကွယ် မြှင့်‌တင်ဖို့အတွက် ကျွန်တော်တို့ဝန်ကြီးဌာန ရဲ့ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ် ရုံးတွေက ပိုပြီးတော့ လျင်လျင်မြန်မြန် လွယ်လွယ်ကူကူနဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ပြည်ပမှာ လက်ရှိတာဝန်ထမ်းဆောင်နေ ကြတဲ့ မြန်မာသံအမတ်ကြီးတွေ၊ သံရုံးအကြီး အကဲတွေကိုလည်း နေပြည်တော်မှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် မကြာခင် စုပေါင်းခေါ်ယူ တွေ့ဆုံပြီးတော့ ပြည်ပရောက်မြန်မာနိုင်ငံသား တွေရဲ့ တရားဝင်အကျိုးစီးပွားတွေ ကာကွယ် ပေးဖို့၊ အစိုးရသစ်ရဲ့ ပြောင်းလဲလာတဲ့မူဝါဒ တွေ အသိပေးပြောကြားဖို့နဲ့ အမြင်ချင်း ဖလှယ်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံသားဟောင်းတွေရဲ့ အတွေ့ အကြုံနဲ့ နည်းပညာစွမ်းအားစုတွေကိုလည်း မြန်မာနိုင်ငံရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ မှာ တိုးမြှင့်ပါဝင်လာကြစေဖို့၊ ပြည်ဝင်ဗီဇာ ပိုမိုလွယ်ကူစွာရရှိဖို့နဲ့ ပြည်တွင်းနေထိုင်ခွင့် ပိုပြီးရရှိဖို့ လုပ်ထုံးလုပ်နည်းတွေကို သိသိ သာသာ ဖြေလျှော့ဆောင်ရွက်မှာပါ။ ကိုယ်ရေး ရာဇဝင် အရှည်ကြီးတွေ ဖြည့်ရတာမျိုးတွေ ကို တစ်မျက်နှာလောက် လွယ်လွယ်ကူကူ ဖြည့်စွက်နိုင်ဖို့၊ လူမှုရေးဗီဇာနဲ့ ပြည်ဝင်ခွင့် ၂၈ ရက်သာခွင့်ပြုတာမျိုးကို သုံးလကနေ ခြောက်လအထိ တိုးမြှင့်နေထိုင်ခွင့်ရဖို့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ မြငေညိမငေည ကနေ မြငေညါငေည အသွင်ပြောင်းနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်ပါတယ်။
ပြစ်မှုကျူးလွန်ခြင်းမရှိဘဲနဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အမည်မည်းစာရင်း တင်သွင်းခံရပြီးတော့ ပြည်ပြန်ခွင့် ပိတ်ပင် တားမြစ်ခံထားရတဲ့ကိစ္စတွေ ဖယ်ရှားပေးနိုင် ဖို့ ရက် ၁ဝဝ အတွင်း ထိရောက်တဲ့ ပြုပြင် ပြောင်းလဲမှုကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားသံအမတ်ကြီး တွေ၊ ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းအကြီးအကဲတွေအနေနဲ့ ပြည်တွင်းခရီး သွားလာတဲ့ကိစ္စ၊ ပြည်ဝင်ဗီဇာ၊ ပြည်နေခွင့် ဒါတွေကိုလည်း ပြန်လည်သုံးသပ်ဖြေလျှော့ ပေးဖို့လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု ပြောကြားသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံနှင့် နိုင်ငံ ပေါင်း ၁၁၆ နိုင်ငံမှာ သံတမန်ဆက်ဆံရေး ထူထောင်ထားပြီး လာမည့် ရက် ၁ဝဝ အတွင်း အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒိုမီနီကန် သမ္မတနိုင်ငံ၊ လက်ဘနွန်နိုင်ငံ၊ ဂီနီနိုင်ငံ၊ ကုတ်ဒီဗွားသမ္မတနိုင်ငံ၊ အီကွေဒေါသမ္မတ နိုင်ငံနှင့် ဆေးရှဲလ်သမ္မတနိုင်ငံတို့နှင့် သံတမန် ဆက်ဆံရေးတိုးချဲ့ထူထောင်နိုင်ရန် ညှိနှိုင်း လျက်ရှိကြောင်း သိရသည်။
ထိုသို့ သံတမန်ဆက်သွယ်မှု တိုးတက် များပြားလာချိန်တွင် အရည်အချင်းနှင့် ကျွမ်း ကျင်မှု ပြည့်ဝသည့် သံတမန်ကောင်းများ ပေါ်ထွန်းလာစေရန် လေ့ကျင့်ပျိုးထောင်ပေး မည့်Diplomatic Academy တည်ထောင် ရေးကို ဆောင်ရွက်သွားမည်ဖြစ်သည်။ Diplo- matic Academy တည်ဆောက်ရေးအတွက် ပြည်ပမှ ကျွမ်းကျင်သူများဖိတ်ခေါ်၍ အလုပ်ရုံ ဆွေးနွေးပွဲကို ရက် ၁ဝဝ အတွင်း ဆောင်ရွက် သွားမည်ဖြစ်သည်။
အမျိုးသားအကျိုးစီးပွားအတွက် ကမ္ဘာ့ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးသည် နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းစဉ်များ တွင် ပါဝင်နေပြီး ''အိမ်နီးချင်းနိုင်ငံတွေနဲ့ သာမက ကမ္ဘာ့နိုင်ငံတွေအားလုံးနဲ့ ချစ်ကြည် ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင် ဖို့အတွက် နိုင်ငံခေါင်းဆောင်တွေ အပြန် အလှန် ချစ်ကြည်ရေးခရီးသွားရောက်တာဟာ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရသစ်တာဝန်ယူပြီး ရက်ပိုင်းအတွင်းမှာပဲ ရပ်ဝေးရပ်နီးနိုင်ငံတွေက ချစ်ကြည်ရေးခရီးစဉ် တွေကို စတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီး နောက်ထပ်ခရီးစဉ်တွေကို ဆက်လက်ညှိနှိုင်း စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတရဲ့ ပထမဆုံးပြည်ပခရီး စဉ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံကို ပြီးခဲ့တဲ့ မေ ၆ ရက်က သွား ရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ လာအိုနဲ့ ချစ်ကြည်ရေးမြှင့်တင်ရုံသာမက အာဆီယံနဲ့ ဆက်ဆံရေးကို အလေးထားတဲ့ ကျွန်တော်တို့ မူဝါဒကိုလည်း ထင်ဟပ်ပြသနိုင်ခဲ့ပါတယ်။
မေလအတွင်း အာဆီယံ-ရုရှား ထိပ်သီး အစည်းအ‌ဝေးတက်ရောက်ဖို့ ရုရှားနိုင်ငံကို နိုင်ငံတော်သမ္မတ မေ ၁၈ ရက်ကနေ ၂၂ ရက်ထိ သွားရောက်ခဲ့ပြီး ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးကလည်း မြန်မာနိုင်ငံအစိုးရသစ်ကို ထောက်ခံအားပေးမှုကို ပြသတဲ့အနေနဲ့ မြန်မာ နိုင်ငံကို မေ ၂၂ ရက်က လာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စိန်ခေါ်မှုများစွာကျန်ရှိနေသေး ပေမယ့် အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ကန့်သတ်မှုတွေအနက် စီးပွားရေးတိုးတက်မှုအပေါ်အဟန့်အတားဖြစ် နေတဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေး လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ပထမတစ်လအတွင်းမှာ တရုတ်၊ အီတလီ၊ ကနေဒါ၊ ဂျပန်၊ ထိုင်း စတဲ့နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွီဒင်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးတို့ရဲ့ ခရီးစဉ်တွေကို စီစဉ်ပေး နိုင်ခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့နိုင်ငံ အတွက် ဘက်ပေါင်းစုံက ကူညီပံ့ပိုးမှုတွေ၊ ငွေကြေးအကူအညီနဲ့ နည်းပညာအကူအညီ တွေ ကူညီပံ့ပိုးပေးဖို့ ကတိပြုပြောကြားသွား ကြတာတွေရှိပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသားတွေအကျိုး၊ အထူးသဖြင့် ပြည်ပရောက် မြန်မာနိုင်ငံက အလုပ်သမားတွေ၊ ရွှေ့ပြောင်းနေထိုင်ကြသူ တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်မြှင့်တင် ပေးနိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများတဲ့ စင်ကာပူလို အာဆီယံ နိုင်ငံတွေနဲ့ ချစ်ကြည်ရေးခရီး အပြန်အလှန် လည်ပတ်မှုတွေဖြစ်မြောက်ဖို့ ညှိနှိုင်းဆောင် ရွက်နေပါတယ်။
လုံခြုံရေးအရ ခရီးစဉ်တွေအားလုံးကို ကြိုတင်ပြောကြားလို့မရပေမယ့် ဒီလိုခရီးစဉ်တွေ ကနေတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေမြှင့်တင်ဖို့ ရက် ၁ဝဝ အတွင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဒုတိယ ဝန်ကြီးက ပြောကြားသည်။
ယခုအစိုးရသစ်လက်ထက် အသွင်ကူး ပြောင်းရေးလုပ်ငန်းများတွင် နိုင်ငံတကာ အသိုက်အဝန်းက ကူညီပံ့ပိုးမှုများပေးအပ်ရန် အထူးစိတ်အားထက်သန်လျက်ရှိကြပြီး နိုင်ငံ အတွင်း အမှန်တကယ်လိုအပ်သည့် နေရာများ တွင် ကူညီပံ့ပိုးပေးနိုင်ရေးအတွက် အမျိုးသား အလှူရှင်များညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ ကမ္ဘာ့ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက် ဆံရေး၊ အိမ်နီးချင်းနိုင်ငံများနှင့်လည်း မိတ်ဝတ် မပျက်သည့် နှစ်နိုင်ငံအကြားဆက်ဆံရေးကို ဖော်ဆောင်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် လူ့အခွင့်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာမျက်နှာစာတွင် ဝေဖန် ဖိအားပေးမှုများကို ယခုအထိ ရင်ဆိုင်နေခဲ့ရပြီး လူ့အခွင့်အရေးနှင့်ပတ်သက်သည့် နိုင်ငံတကာ ချဉ်းကပ်ဆောင်ရွက်မှုကို ထိပ်တိုက်ရင်ဆိုင်မှု အစား ထိတွေ့ပူးပေါင်းမှုပုံစံဖြင့် ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လူ့အခွင့်အရေးဘက်တွင် မိမိတို့အားနည်း ချက်များအပေါ် ဝေဖန်‌ပြောကြားလာမှုများကို အလေးပေးနားထောင်ရန်၊ မိမိတို့ပြည်သူများ ကို လူ့အခွင့်အရေးမြှင့်တင်ရေးအတွက် ကြိုးပမ်းပေးလိုသူအဖြစ် လက်ကမ်းကြိုဆိုကြ ရန်၊ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများအား မိမိတို့ဖြေရှင်းရာတွင် ရင်ဆိုင်နေရသည့် အခက် အခဲများ၊ အကဲဆတ်မှုများကို နိုင်ငံတကာမှ နားလည်မှုရရှိလာစေရေးအတွက် မိတ်ဆွေ နိုင်ငံများကို စည်းရုံးခြင်း၊ အမြင်မကြည်လင် သူများကို မိတ်ဆွေများဖြစ်လာစေရန်နှင့် မိမိ အတွက် အင်အားတစ်ရပ်ဖြစ်လာစေရန် ဆွဲဆောင်စည်းရုံးခြင်းများ ပြုလုပ်သွားမည့် ချဉ်းကပ်မှုပုံစံသစ်ဖြင့် ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းမှာကြားထားသည်။
ထို့ပြင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား စုဆောင်းအသုံးပြုမှု၊ အဓမ္မခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အပါအဝင် တိုင်းရင်းသားလူနည်းစုများအပေါ် ကျူးလွန်သည့်ကိစ္စများနှင့် ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်းများအကြား တင်းမာမှုများ ဖြစ်ပွားနေသည့်ကိစ္စတို့နှင့် ပတ်သက်သည့် လူ့အခွင့်အရေးအခြေအနေဆိုင်ရာ စိန်ခေါ် မှုများကို မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ကလေးသူငယ်များ စုဆောင်းအသုံးပြုမှု နှင့်ပတ်သက်၍ မြန်မာ့တပ်မတော်အား ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် ထည့်သွင်းခံထားရမှုမှ ပယ်ဖျက်ပေးရန် ရည် မှန်းချက်ထားလျက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရပြီး အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
ထို့ပြင် ကတိကဝတ်ပြုပါဝင်ဆောင်ရွက် ရန်ရှိသည့် လူ့အခွင့်အရေးနှင့် လက်နက်ဖျက် သိမ်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစာချုပ်များအား လက်မှတ်ရေးထိုး သွားမည်ဖြစ်ပြီး မကြာမီကာလအတွင်း နျူ ကလီးယားစမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီး ပိတ်ပင်ရေးစာချုပ်(CTBT) သို့လည်းကောင်း၊ လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေး သူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက် ဆက်တွဲအခြေပြစာချုပ်(Optional Protocol to the Convention on the Rights of the Child on the Involvement of Children in Armed Conflict)သို့လည်းကောင်း အတည်ပြုပါဝင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို စတင်ဆောင်ရွက် သွားရန် ရည်မှန်းထားသည်။
အချုပ်အားဖြင့်ဆိုရသော် ''လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒ''နှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင် ရေး မူကြီး ၅ ရပ်အပေါ်အခြေခံ၍ နိုင်ငံခြား ရေးဝန်ကြီးဌာနအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့်သာမက ကမ္ဘာ့နိုင်ငံများ အားလုံးနှင့် ပိုမိုပွင့်လင်းစွာဖြင့် ချစ်ကြည် ရင်းနှီးစွာဆက်ဆံသွားရန်၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအခန်းကဏ္ဍကို အလေးထားပြီး ကမ္ဘာ့လူသားအားလုံးအတွက် အေးချမ်း သာယာသည့် လူမှုဘဝတည်ဆောက်ရန်၊ ပုဂ္ဂိုလ်ရေးရင်းနှီးသည့် ဆက်ဆံရေးနှင့် ပြည်သူများအချင်းချင်းဆက်ဆံရေး (people to people relations)ကို အခြေပြုဆောင် ရွက်ရန်၊ နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့်အကူအညီ များရရှိရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်၊ မတူကွဲပြားခြားနားမှုများ အတွင်း ညီညွတ်မှု(unity in diversity)ရရှိရေး ထက် သဟဇာတရှိရှိ သင့်မြတ်စွာနေထိုင်ခြင်း ဖြင့် မတူကွဲပြားမှုမှ အကျိုးစီးပွားဖြစ်ထွန်းမှု (harmony and interests from diversity) ရရှိအောင်ဆောင်ရွက်ရန်အတွက် ကုသလမဂ္ဂ ပဋိညာဉ်စာတမ်းပါ အခြေခံမူကြီးများ လေးစား လိုက်နာပြီး နိုင်ငံတကာပြဿနာရပ်များကို ဖြေရှင်းရာတွင် အပြန်အလှန်နားလည်ညှိနှိုင်းမှု များဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

No comments:

Post a Comment