Friday, May 27, 2016

ရပ်ရွာအခြေပြုခြင်းဖြင့် လူမှုစီးပွားဘဝများမြင့်မားလာမည့် ခရီးသွားကဏ္ဍ၏ ရက်ပေါင်း ၁ဝဝ


ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရက် ၁ဝဝ စီမံချက်

သတင်းဆောင်းပါး-ခင်ရတနာ၊ ဓာတ်ပုံ- မေဦးမိုး၊ ဟိုတယ်/ခရီး

ရန်ကုန်နှင့် အလှမ်းမဝေးလှသည့် မထင်မရှား တောင်ပေါ် မြို့ငယ်လေးတစ်မြို့သည် ပြည်တွင်းပြည်ပ ခရီးသွားများကို အချိန်တိုအတွင်း ဆွဲဆောင်ထားနိုင်ခဲ့ပြီဖြစ်သည်။ ထိုနေရာသည် သံတောင်ကြီး တောင်ပေါ်စခန်းမြို့ပင်ဖြစ်ပြီး တောင်ငူမြို့မှတစ်ဆင့် နှစ်နာရီခန့် တစ်တောင်ပေါ် တစ်တောင်ဆင့် ခရီးဆန့်ပြီးပါက အလွန်ပင် သာယာလှပသည့် ကျောက်တုံး ကျောက်ဖျာများ၊ စိမ်းလန်းသည့် သစ်တောများအကြားတွင် မြင်တွေ့ရမည်ဖြစ်သည်။

သာယာလွမ်းမောဖွယ်ကောင်းသည့် ကရင်ပြည်နယ်မှ နော်ဘူ ဘောတောင်နှင့် သံတောင်ကြီးပတ်ဝန်းကျင် ကျေးရွာများသည် သဘာဝကပေးအပ်သည့် အလှတရားတို့နှင် အလွန်ပင်ပြည့်စုံ သည်ဟု ဆိုရမည်။ ယင်းဒေသသည် တစ်ချိန်က မငြိမ်းချမ်း သည့်ဒေသတစ်ခုအဖြစ် ဒေသခံများမှအပ အသွားအလာမရှိ သလောက် နည်းပါးသော်လည်း ယခုအခါ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန၊ ရပ်ရွာအခြေပြုခရီးစဉ်များ ဖော်ထုတ်မြှင့်တင် ပေးနေသည့် အစီအစဉ်များကြောင့် များစွာဖွံ့ဖြိုးတိုးတက်ခဲ့ပြီ ဖြစ်ရာ ခရီးသည်များ တစ်နှစ်ပတ်လုံး မပြတ်တမ်းလာရောက်နေ ကြပြီဖြစ်သည်။
''ရက်ပေါင်း ၁ဝဝ စီမံကိန်းဟာ တာစထွက်သလို အချက်ပေး သံနဲ့အတူ တွန်းအားပေးမှုတစ်ရပ်ဖြစ်ပါတယ်။ အချိန်တိုအတွင်း ခရီးသွားကဏ္ဍ ဘာတွေမြှင့်တင်မလဲ၊ ပြည်သူလူထုကို ဘယ် လောက်အကျိုးရှိစေမလဲဆိုပြီး စဉ်းစားတဲ့အခါ အဓိကကျတဲ့ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကိုအရှိန်မြှင့်စေခြင်းက ပြည်သူကို တိုက်ရိုက်အကျိုးကျေးဇူးရရှိစေတယ်လို့ ယူဆမိပါတယ်။ ရပ်ရွာ လူထုနဲ့ ခရီးသွားတွေအကြား တိုက်ရိုက်ထိတွေ့တဲ့ ခံစားချက်ကို ရရှိစေပြီး ဒေသဖွံ့ဖြိုးရေးနဲ့ သဘာဝအလှတရားကို ထိန်းသိမ်း တတ်ဖို့၊ အကျိုးရှိစွာ အသုံးချတတ်ဖို့ တစ်ဦးချင်းရဲ့ လူနေမှု အဆင့်အတန်း မြင့်မားလာဖို့အတွက် ရက်ပေါင်း ၁ဝဝ အတွင်း အဓိကလုပ်ဆောင်သွားမှာဖြစ်ပါတယ်'' ဟု ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က ပြောကြားသည်။

ကရင်ပြည်နယ် သံတောင်ကြီးဒေသအပြင် ကချင်ပြည်နယ် အင်းတော်ကြီးကန် ပတ်ဝန်းကျင်ဒေသများ၊ ကယားပြည်နယ် လွိုင်ကော်မြို့အနီး ပန်ပက်၊ တနီးလာလဲနှင့် ဟွေအော၊ စွပ်ပိုင် စသည့် ကျေးရွာများ၊ ရှမ်းပြည်နယ် ပအိုဝ်းဒေသရှိ လွယ်ခေါ်၊ အင်းနီ၊ ထိနဲ့နှင့် ကက္ကူကျေးရွာများ၊ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ ကန်ကြီးတော်၊ ဆူးလီပန်းနှင့် အင်းရောင်းကျေးရွာများ၊ မန္တလေးတိုင်းဒေသကြီး မင်းကွန်းနှင့် ကျောက်မြောင်းကျေးရွာအကြား ဆင်ကျွန်း၊ မြေစွန်းကျွန်းစသည့် ကျေးရွာများတွင် ရက်ပေါင်း ၁ဝဝ အတွင်း ကနဦးစီမံကိန်းများ အဖြစ် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရှိရသည်။
''နာမည်ကြီးတဲ့ ပုဂံဒေသလိုနေရာတွေဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါပေမယ့် သဘာဝတရားကြီးကိုအားကိုးပြီး မိရိုးဖလာလုပ်ကိုင်နေကြတဲ့ ပကတိအနေအထားကို လေ့လာလိုသူ တွေအတွက် ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံလိုမျိုး တိမ်မြုပ်နေတဲ့ အလှတရားတွေ အများကြီးက မြန်မာနိုင်ငံမှာ ပိုလို့တောင်များ ဦးမယ်ထင်ပါတယ်။ ဒါတွေကို လမ်းပန်းဆက်သွယ်မှုကောင်း ကောင်းနဲ့ထိုက်သင့်တဲ့ ဝန်ဆောင်မှုတွေပေးလိုက်မယ်ဆိုရင် လေ့လာလိုသူတွေအတွက်ရော ဒေသခံတွေအတွက် အများကြီး အကျိုးရှိစေမယ်လို့ အကြံပြုလိုတယ်''ဟု သံတောင်ကြီးဒေသ သို့ သွားရောက်လေ့လာခဲ့သူ နော်ဝေနိုင်ငံသူ ဝင်ဒီမာဒီရယ်က ပြောပြသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် ရက်ပေါင်း ၁ဝဝ အတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်းကို မြှင့်တင် သွားရန်အတွက် ဦးစားပေးအစီအစဉ်အဖြစ် ဆောင်ရွက် သွားမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း ခရီးသွားလုပ်ငန်းအတွက် အလွန်အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ခရီးစဉ်ဒေသသစ်များဖော်ထုတ်မြှင့်တင် ခြင်းကိုလည်း တစ်ပါတည်းလုပ်ဆောင်သွားရန် ရည်ရွယ်ထား ကြောင်း သိရသည်။

''ခရီးသွားလုပ်ငန်းနယ်ပယ်မှာ တာဝန်ယူနေတဲ့ ဝန်ထမ်း တွေအနေနဲ့ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်မှုရှိဖို့နဲ့ အရည်အချင်းပြည့် ဝန်ဆောင်နိုင်ဖို့ ရက်ပေါင်း ၁ဝဝ အတွင်း စတင်ကြိုးပမ်းသွားမှာပါ။ ဒီအတွက် ဘာသာရပ်ဆိုင်ရာ သင်တန်းကျောင်းတွေ အများကြီးလိုအပ်လာပါတယ်။ အဲဒီ အခါ ကျွန်တော့်ရဲ့ နှစ်ပေါင်း ၄ဝ ကျော်လုပ်ငန်း အတွေ့အကြုံ တွေနဲ့ ဝန်ကြီးဌာနက ဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေ၊ ဟိုတယ်/ ခရီးကဏ္ဍအတွင်းက တတ်သိပညာရှင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးအကြံဉာဏ်ရယူပြီး ချို့ယွင်းချက်တွေ၊ အားနည်း ချက်တွေကို အဓိကထားဖော်ထုတ်ပြီး ဖြည့်စွက်ပြင်ဆင် သွားဖို့ရှိပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီးက ရက် ၁ဝဝ အတွင်း ဆောင်ရွက်ရန်ရှိသည့် လူ့စွမ်းအားမြှင့်တင်မှုအစီ အစဉ်များကို ရှင်းပြသည်။
ရခိုင်ပြည်နယ် မြောက်ဦးနှင့် ကျောက်တော်ဒေသများ တွင် ဒေသခံ ကျောင်းသား ကျောင်းသူများအတွက် ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းများကို လည်းကောင်း၊ ရှမ်းပြည်နယ် ပင်းတယ၊ ရွာငံနှင့် ညောင်ရွှေမြို့များတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းများကို လည်း ကောင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ရက် ၁ဝဝ စီမံချက်အဖြစ် ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း
(ရန်ကုန်)ကို ပိုမိုစနစ်တကျ ဖြစ်လာစေရန် ဆောင်ရွက်လျက်ရှိပြီး အခြားသောပုဂ္ဂလိကသင်တန်းများနှင့် သင်ရိုးညွှန်းတမ်းများ ညှိနှိုင်းရေးဆွဲနိုင်စေရေးအတွက် ပြင်ဆင်ဖွဲ့စည်းသွားရန်ရှိပြီး ဧည့်လမ်းညွှန်အခြေခံသင်တန်းများနှင့် ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့ သင်ရိုးညွှန်းတမ်းများကို အာဆီယံအသိအမှတ်ပြုစံနှုန်းများ ဖြစ်ပေါ်လာစေရန် ရက်ပေါင်း ၁ဝဝ အတွင်း ဆောင်ရွက်သွားရန် ရှိကြောင်း ဝန်ကြီးဌာနမှ သိရှိရသည်။

ထို့အပြင် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍအတွင်း ရက်ပေါင်း ၁ဝဝ စီမံချက်ကာလတွင် လုပ်ငန်းများပိုမိုလွယ်ကူ လျင်မြန်ရန်အတွက် ရည်ရွယ်ကာ ဝန်ကြီးဌာန ကိုးခုမှ အဆင့်မြင့် အရာရှိများပါဝင်သည့် နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေး ကော်မတီကို နိုင်ငံတော်မှ ဖွဲ့စည်းပေး ခဲ့ခြင်းကြောင့် ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှု လွယ်ကူစေလာမည်ဖြစ်ကြောင်း သိရသည်။
''ရက်ပေါင်း ၁ဝဝ အတွင်းမှာ ဖော်ထုတ်ပြီးသားခရီးစဉ် တွေကိုလည်း နိုင်ငံတကာကသိရှိအောင် မြှင့်တင်ကြော်ငြာဖို့ အတွက် စီစဉ်နေပါတယ်။ ဒါမှလည်း လာမယ့်ခရီးသွားရာသီ အတွက် အများကြီးအထောက်အကူဖြစ်လာမယ်လို့ ယုံကြည် တယ်။ ခရီးသွားကဏ္ဍကနေ ပြည်သူတွေအတွက် တိုက်ရိုက် အကျိုးအမြတ်ကို ရနိုင်တယ်ဆိုတာကို ဖော်ထုတ်ပြသသွား မှာပါ။ အကျိုးအမြတ်ကိုသိလာရင် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်လာမှာဖြစ်သလို တစ်ဖက်မှာလည်း မှန်ကန် တဲ့ အတွေးအခေါ်တွေ၊ ထိန်းသိမ်းစောင့်ရှောက်မှုတွေကို ပြည်သူက သိရှိဖို့အတွက် ဒီကာလမှာ ကျွန်တော်တို့ ဆောင်ရွက်နေရပါတယ်။ ရက် ၁ဝဝ အတွင်းမှာ ရပ်ရွာလူထုကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းကို အများကြီးတိုးတက်အောင် ပြောင်းလဲပေးမယ်လို့ ယုံကြည်တယ်''ဟု ပြည်ထောင်စုဝန်ကြီးက ဖြေကြားသည်။

ရက် ၁ဝဝ စီမံချက်များဖြင့် အချိန်တိုအတွင်း တိုက်ရိုက် အကျိုးရှိစေမည့် လုပ်ငန်းများကို လုပ်ဆောင်နေသည့်အပြင် တစ်ဖက်တွင်လည်း အစိုးရသက်တမ်းကာလ ငါးနှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးအတွက်လည်း စီမံကိန်းများ ဆက်တိုက်ချမှတ်သွား မည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။
''နေပြည်တော်ကMICEအတွက် ရည်ရွယ်ထားတဲ့ နေရာမှာ အစိုးရသက်တမ်းအတွင်း အစည်းအဝေးတွေ၊Conference တွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ပြပွဲအစီအစဉ်တွေကို ဖွံ့ဖြိုးလာဖို့ လုပ်ရမှာတွေရှိပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ ပုဂံ၊ အင်းလေးစတဲ့ လူအများ စိတ်ဝင်စားလည်ပတ်တဲ့နေရာတွေ မှာလည်း ရိုးရိုးခရီးစဉ်တွေကိုMICE နဲ့တွဲဖက်ပြီး လုပ်ဆောင် ပေးဖို့ ဆောင်ရွက်မှာပါ။ အထူးသဖြင့် နေပြည်တော်ကို လာရောက်လည်ပတ်ကြသူတွေနဲ့ အကြောင်းကြောင်းကြောင့် လာရောက်သူတွေ အဆင်ပြေအောင် travel naypyitaw.org ဝက်ဘ်ဆိုက်ကနေ အချက်အလက်တွေကို ပိုမိုပြည့်စုံ အောင် ဖော်ပြပေးဖို့လုပ်ဆောင်နေပါတယ်'' ဟု ပြည်ထောင်စု ဝန်ကြီးက ရှင်းပြသည်။

အစိုးရသစ်လက်ထက် ငါးနှစ်တာကာလအတွင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အနာဂတ်စီမံကိန်း ဆယ်ခုကို ရေးဆွဲထားပြီဖြစ်ပြီး ပထမဦးစွာ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေသစ်ပေါ်ထွက်လာရေး၊ ပြည်ပဧည့်သည် များ ပိုမိုဝင်ရောက်ရေး၊ ပြည်ပခရီးသည်များ လာရောက် နိုင်ရန်အတွက် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင် ရွက်ရေး၊ နယ်စပ်ဒေသ ဝင်ပေါက်သစ်များ ဖွင့်လှစ်နိုင်ရေး၊ ခရီးသည်များ အဆင်ပြေစွာဝင်ထွက်သွားလာနိုင်ရေး၊ အာဆီယံနှင့် ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ဟိုတယ်/ ခရီးကဏ္ဍ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်း ကျောင်းများ ဖွင့်လှစ်ရေး၊ ခရီးသွားလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုမရှိစေရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ကွယ်စေရေး၊ ခရီးသွားလုပ်ငန်းမှ ဆင်းရဲမှုလျှော့ချစေရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများရရှိရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေးတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ထားသည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များသည် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို ပိုမိုအားဖြည့်ပေးသည့် အလားအလာ ကောင်းများကို တွေ့ရပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် လာခြင်းအားဖြင့် နိုင်ငံအတွင်းရှိ လူထုလူတန်းစား အလွှာ အသီးသီးထံ တိုက်ရိုက်အားဖြင့် ဖြစ်စေ၊ သွယ်ဝိုက်၍ အားဖြင့် ဖြစ်စေ အမြန်ဆုံးအကျိုးခံစားခွင့်များ ရရှိစေနိုင် မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းမှတစ်ဆင့် မိမိတို့နိုင်ငံရှိ တိုင်းရင်းသား လူမျိုးအသီးသီး၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံများကိုလည်း သိရှိနားလည်ခံစားနိုင်မည်ဖြစ်ကာ နိုင်ငံခြားသားဧည့်သည်များ ပိုမိုဝင်ရောက်လာခြင်းဖြင့် မြန်မာနိုင်ငံ၏ အမှတ်တံဆိပ်သည်လည်း ထင်ရှားပေါ်လွင် လာတော့မည်ဖြစ်ပါကြောင်း။

No comments:

Post a Comment