Tuesday, May 31, 2016

ကျောင်းဆောက်ပြီးသော်လည်း ကျောင်းဖွင့်ခွင့်မရသေး၍ ကျောင်းသားကျောင်းသူများ ပညာရေးခက်ခဲနေ

ထင်သာမြင်သာပြုပြင်စရာ

မိတ္ထီလာ မေ ၃ဝ

မိတ္ထီလာမြို့အနောက်ဘက် ခုနစ်မိုင်အကွာ ညောင်ပင်သျှိုကျေးရွာအုပ်စုရှိ ကျီကုန်း ကျေးရွာမှာ အိမ်ခြေ ၉၈ အိမ်ရှိပြီး လူဦး ရေ ၇၄ဝ ရှိသည်။ ကျီကုန်းကျေးရွာသူ ကျေးရွာသားများမှာ ပညာရေးကို အထူး လိုလားနေကြသည်။
ထို့ကြောင့်၂ဝ၁ဝ ပြည့်နှစ်က ပညာရေး ဌာန၏ မူလတန်းကျောင်းပုံစံအတိုင်း အလျားပေ ၈ဝ၊ အနံပေ ၂ဝ၊ အမြင့် ၁၂ ပေရှိ နံကပ်ပတ်ကား မူလတန်းကျောင်း တစ်ကျောင်းကို ဆောက်လုပ်ခဲ့သည်။ သို့သော် ကျောင်းကော်မတီ၏ အားနည်းချက်ကြောင့် ပညာရေးဌာန သို့ ကျောင်းဖွင့်ခွင့်မတင်ဖြစ်ခဲ့ချေ။
ယခု ကျီကုန်းကျေးရွာတွင် မူလတန်း ကျောင်းသစ်ဆောက်လုပ်ပြီးသည်မှာ ခြောက်နှစ်ကြာသော်လည်း မူလတန်း ကျောင်းဖွင့်ခွင့်မရသေးသဖြင့် ကျီကုန်း ကျေးရွာမှ ကျောင်းသား ကျောင်းသူ ၆ဝ တို့မှာ ကျီကုန်းကျေးရွာနှင့် နှစ်မိုင်ခန့် ဝေးကွာသည့် ဖက်တောကျေးရွာ မူလတန်းကျောင်းသို့ သွားရောက်ပညာ သင်ကြားနေကြရသည်။

ကျီကုန်းကျေးရွာနှင့် ဖက်တော ကျေးရွာကြားတွင် ဖက်တောချောင်းကို ဖြတ်၍ ပညာသင်ကြားနေရသဖြင့် နွေရာသီတွင် အန္တရာယ်မရှိသော်လည်း မိုးရာသီတွင် ကျောင်းသား ကျောင်းသူ များ ချောင်းရေထဲပါသွားမည်ကို မိဘများက စိုးရိမ်ပူပန်နေကြ သည်။
ထို့ကြောင့် ကျီကုန်းကျေးရွာ၏ပညာရေး လိုအပ်ချက်အတွက် ကျီကုန်း ကျေးရွာ မူလတန်းကျောင်းအား ပညာရေးဌာနက အမြန်ဆုံး ဖွင့်လှစ်ပေး ရန် ကျောင်းသားမိဘများက လိုလားနေ ကြသည်။
တင်လှိုင် (မိတ္ထီလာ)

No comments:

Post a Comment