Sunday, May 1, 2016

မိမိကိုယ်ကို ကောင်းအောင်ပြောင်းလဲခြင်း



ယခုအခါတွင် အရာရာ၌ အပြောင်းအလဲများဖြစ်လာသည်။ အစိုးရအဖွဲ့အစည်းအတွင်းတွင် ရက်ပေါင်း ၁ဝဝ ပြောင်းလဲမှုများကို ဖော်ဆောင်နေသလို လူ့ဘောင်လောက ပတ်ဝန်းကျင်တွင်လည်း အပြောင်းအလဲများကို ဝိုင်းဝန်းဖော်ဆောင်နေကြသည်။

လောကသဘာဝအရ မည်သည့်အရာမှ ထာဝရမရှိချေ။ အချိန် ကာလရွေ့လျားတိုက်စားမှုအောက်တွင် ပြောင်းလဲလာရစမြဲ ဖြစ်သည်။ နေ့နှင့်ည၊ လကွယ်၊ လပြည့်စသည်ဖြင့် လင်းတစ်ခါ၊ မှောင်တစ်လှည့်နှင့် ပြောင်းလဲခြင်းဖြစ်စဉ်သည် လောကနိယာမ ပင်ဖြစ်သည်။ ဤသို့ဖြင့် အဟောင်းအဟောင်းတို့ ချုပ်ငြိမ်းပြီး ယင်းနေရာတွင် အသစ်အသစ်တို့က နေရာယူလာရစမြဲ။ ခေတ် စနစ်နှင့်အညီ ပြောင်းလဲခြင်းတို့ကို မိမိတို့ ကြိုဆိုကြရမည်သာ။
ပြောင်းလဲခြင်းကို လောကဦးသျှောင် ရှင်တော်ဗုဒ္ဓကိုယ်တိုင် လည်း လက်ခံတော်မူခဲ့သည်။ အိန္ဒိယနိုင်ငံမှ နဂိုရှိရင်းစွဲ ''နိစ္စ'' ဝါဒကို ''အနိစ္စ'' ဟူ၍လည်းကောင်း၊ ''အတ္တ''ကို ''အနတ္တ''ဟူ၍လည်းကောင်း လောကနိယာမအတိုင်း ကျိုးကြောင်းဆက်နွှယ် ပြောင်းလဲလက်ခံတော်မူခဲ့သည်။
တစ်ခါက သူငယ်ချင်းနှစ်ဦး လျှော်စည်းကိုယ်စီထမ်း၍ အိမ်ပြန်ကြသည်။ လမ်းခရီးတွင် လျှော်စည်းထက် ပိုကောင်းသည့် အရာနှင့်တွေ့သည်။ တစ်ယောက်သောသူက အသစ်ကိုပြောင်းယူ သည်။ နောက်တစ်ယောက်မှာ မပြောင်းလဲ။ အစကထမ်းလာသည့် လျှော်စည်းကိုသာ မက်မက်မောမောနှင့်။ ခရီးတစ်လျှောက်တွင် ပစ္စည်းကောင်းများတွေ့တိုင်း ပြောင်းလဲသူက ပြောင်းယူလည်း ဒုတိယလျှော်စည်းထမ်းသူကား မပြောင်းလဲ။ ခရီးလမ်းမှာ ကောင်းနိုး ရာရာ ပြောင်းလဲသယ်ပိုးလာသူအား ရှင်တော်ဗုဒ္ဓက ချီးမွမ်းပြီး မပြောင်းမလဲ လျှော်စည်းထမ်းသမားအား အလကားအချည်းနှီးလူဟု မိန့်ဆိုခဲ့ကြောင်း မှတ်သားဖူးသည်။
ယခုကြေးမုံအသွင်ပြောင်းလဲမှုကို ပြည်သူများ လက်ခံလာ ကြသည်မှာ မင်္ဂလာအတိဟုဆိုရမည်ဖြစ်သည်။ သို့သော် ထိုထိုသော သစ်လွင်ပြောင်းလဲမှုသည် ကောက်ရိုးမီးပမာဖြစ်မသွားစေဖို့ အရေး ကြီးသည်။ အချိန်ကာလ တရွေ့ရွေ့ကုန်ဆုံးပြီးနောက် အားအင်ကုန်ခမ်း ယိုင်နဲ့မသွားအောင် မိမိတို့ဝိုင်းဝန်းကြရတော့မည်ဖြစ်သည်။
အပြောင်းအလဲအစတွင် အားကောင်းမောင်းသန် ရှိငြားသော် လည်း လူပြိန်းကြိုက်ဖြစ်မသွားဖို့ မိမိတို့သတိထားကြရမည်ဖြစ်သည်။ တစ်ခါတစ်ရံ အသစ်ဆိုတိုင်းလည်း အဟောင်းလောက် မကောင်း သည်များလည်း ရှိကောင်းရှိနိုင်ပါသည်။ ''ရှေးထုံးကိုလည်း မပယ် နှင့်'' ဆိုစကားသည် ရှေးလူကြီးများ ချင့်ချင့်ချိန်ချိန် သတိပေးထား ခဲ့ခြင်း ဖြစ်ဟန်တူသည်။
တစ်ခါတစ်ရံ အပြောင်းအလဲတွင် ဆွမ်းဆန်စိမ်းထဲ ကြွက်ချေး ရောသကဲ့သို့ လုပ်ရပ်မျိုးလည်းရှိတတ်သည်။ လူကြိုက်များလာ သည်ကို အခွင့်ကောင်းယူ၍ မမှန်မကန်ပြုလာသူလည်း ရှိလာနိုင် သည်။ အပြောင်းအလဲကို အသုံးချ၍ အခွင့်အရေးယူမှုများကို ရှောင်ရှားရမည်ဖြစ်သလို ဝိုင်းဝန်းသတိပြုရမည်ဖြစ်သည်။
လူ့အခွင့်အရေးကို တန်ဖိုးထားသောနိုင်ငံတိုင်းတွင် ပြည်သူ့ ဆန္ဒကို အလေးထားကာ ပြောင်းလဲမှုဖြစ်စဉ်ရှိသည့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးကြသည်။ မိမိတို့နိုင်ငံတွင်လည်း ထိုစနစ်ကိုကျင့်သုံး နေပြီဖြစ်ရာ အနာဂတ်အတွက် ရင်အေးရပြီဟု ဆိုနိုင်သည်။
သို့သော် ဂျပန်ခေတ်ကကဲ့သို့ လွတ်လပ်ရေးရပြီဆိုသည်နှင့် လမ်းပေါ်တက် ဆေးရိုးလှန်းသလို ပရမ်းပတာလုပ်ရပ်မျိုး ဖြစ်မသွားဖို့ အရေးကြီးသည်။ စည်းကမ်းမဲ့ကာ စည်းလွတ်ဝါးလွတ် ပြောင်းလဲခြင်း မျိုးဆိုလျှင် ထိန်းမနိုင် သိမ်းမရနှင့် ဝါးအစည်းပြေသလိုအဖြစ်မျိုး မိမိတို့နိုင်ငံသမိုင်းကြောင်းတွင် ရှိခဲ့ပြီးပါပြီ။
ဦးစွာ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားရင်း ပြုပြင် ပြောင်းလဲခြင်းကို စိတ်ရင်းစေတနာမှန်နှင့် ကြိုဆိုအားထုတ်ကြရ မည်ဖြစ်သည်။ ။

No comments:

Post a Comment