Friday, April 1, 2016

ရေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ



The Mirror Daily's photo.


ရေး မတ် ၃၁

မွန်ပြည်နယ် ရေးမြို့ လူစည်ကားရာအချက်အချာနေရာများအနက် မြသီတာဈေးရှေ့တွင် မတ်လ ၂၆ ရက်မှ မတ်လ ၃ဝရက်ထိ မော်တော်ယာဉ်များအရေးယူမှု ဥပဒေသစ်များပါသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက် ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ပြည်သူများမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာလာနိုင်ရန်နှင့် န္တရာယ်ကင်းစွာမောင်းနှင်နိုင် ရေးအတွက် ဥပဒေနှင့်အညီ စည်းကမ်းတကျမောင်းနှင်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင် ၅ဝဝဝ ခန့်အား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ ရဲတပ်ကြပ် အောင်ဇေယျက ပြောသည်။

အဆိုပါအသိပညာပေးလက်ကမ်းစာစောင်တွင် ယာဉ်မောင်းသူ ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လုပ်ငန်းရှင်များသိရှိလိုက်နာရန် စည်းကမ်းချက်များအပြင် မော်တော်ယာဉ်များအရေးယူမှုဥပဒေသစ်တွင် ဒဏ်ငွေငါးသောင်းနှင့် ထောင်ဒဏ်တစ်လ ထိုက်သင့်သည့်ပြစ်မှုများကနေ အမြင့်ဆုံးဒဏ်ငွေကျပ်သိန်း ၅ဝ ထိုက်သင့်သည့်ပြစ်မှုများကို ဖော်ပြထားကြောင်းသိရသည်။

ဖော်ပြပါ မော်တော်ယာဉ်များအရေးယူမှု ဥပဒေသစ်တွင် အချက် ၇ ချက်ပါရှိသည့်အနက် အထက်ပါပုဒ်မတစ်ခုခုကို ထပ်မံကျူးလွန်လျှင် ထောင်သုံးလဖြစ်စေ ငွေကျပ် တစ်သိန်းဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကို ကျခံရမည်ဖြစ်သည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရန် ပညာပေးခြင်းများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအလိုက် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များအားဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွဋ်ထွဋ်(ရေး)

No comments:

Post a Comment