Friday, April 29, 2016

သဘာဝကို ထိန်းသိမ်းခြင်းဖြင့်လောကကို စောင့်ရှောက်စို့

29.4.2016...ကြေးမုံ စာတည်းရှုထောင့်
==========================





သဘာဝတရားကြီးက လူတို့ကို အမျိုးမျိုးသတိပေးနေသည်။

ပူသည့်နေရာများတွင် အလွန်အမင်းပူပြင်းနေပြီး အေးသည့် ဒေသတို့တွင် ခိုက်ခိုက်တုန်။ ရေရှားပါးသည့် ဒေသများတွင် သောက်သုံးရေပင် ခက်ခက်ခဲခဲ စုဆောင်းရယူနေရပြီး အချို့သော နေရာများတွင် ရေကြီးရေလျှံသည့်ဒဏ်ကို လူးလိမ့်နေအောင် ခံနေကြရသည်။

ငလျင်ဒဏ်၊ ဆူနာမီဒဏ်၊ မြေပြိုသည့်ဒဏ်၊ မိုးခေါင်သည့်ဒဏ်၊ မိုးကြီးသည့်ဒဏ်...။
အမှန်တော့ ဤသည်ကိုပဲ သဘာဝတရားကြီးက လူတို့ကို သတိပေးနေပြီဟု တင်စားဖွဲ့နွဲ့ပြောဆိုနေကြခြင်းဖြစ်သည်။ ယင်း ဖော်ပြပါ သဘာဝဘေးအန္တရာယ်ဆိုသည်တို့ အားလုံး ဖြစ်ပေါ်လာ ရခြင်းမှာ သဘာဝက ရင်းမြစ်များကို လူတို့ မဆင်မခြင်သုံးစွဲမှုကြောင့် ဖြစ်ရသည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ က ပြောဆိုရှင်းပြနေကြပြီ။ မြေပေါ်မြေအောက် သဘာဝသယံ ဇာတများကို လူတို့ ထုတ်ချင်သလိုထုတ်၊ သုံးချင်သလိုသုံးခဲ့ကြ ခြင်း၏နောက်မှာ သဘာဝပျက်စီးမှုများနှင့် သဘာဝဘေးအန္တရာယ်များက လိုက်လာခြင်းဖြစ်သည်။

ယခုတလော မြန်မာနိုင်ငံတွင်းရှိ နေရာဒေသ အများအပြားတွင် ရာသီဥတုပူပြင်းခြင်းကို ညည်းတွားပြောဆိုနေကြသည်။ အခါလွန်လာသည်အထိ သင်္ကြန်လက်ဆေးမိုးလည်း မရွာ၊ အခါလွန် မိုးလည်း မလာ။ ပိတောက်ပန်းတို့ပင် မပွင့်နိုင်။ အဖူးဘဝနှင့် ကြွေခဲ့ရသည့် ပိတောက်ပင်တို့က နေရာတော်တော်များများမှာ ရှိနေသည်။
သည်လိုအချိန်မှာ မိုးသီးများကြွေ၍ အထိတ်တလန့်ဖြစ်ရသည့် သတင်းများ၊ ပြိုပျက်ဆုံးရှုံးမှုသတင်းများ ထွက်ပေါ်လာပြန်ပါသည်။ သီးနှံစိုက်ခင်းအချို့လည်း ပျက်စီးကြသည်ဟု သိရသည်။သဘာဝအနေအထားများ ပျက်ယွင်းလာသည့်အခါ သဘာဝ၏ တုံ့ပြန်မှုများကလည်း မူမှန်မဟုတ်။
ယင်းတို့နှင့်အတူ သတိတရရှိဖို့ကောင်းသည်က-
မြန်မာနိုင်ငံ တစ်နံတစ်လျားက စိမ်းညို့အုံ့ဆိုင်းနေသော သစ်ပင်သစ်တောကြီးတို့ ပျောက်ဆုံးသွားခဲ့သည်များ...။
တိုင်းပြည်၏ ပင်မအသက်သွေးကြောများသဖွယ် ဖြစ်သည့် မြစ်ကြီးများ ကောကုန်ခြင်း၊ တိမ်ကုန်ခြင်း၊ သောင်များထွန်း၍ လမ်းကြောင်းပြောင်းကုန်ခြင်းများ...။

မျိုးစေ့ကြဲချလိုက်ရုံနှင့် အပြိုင်းအရိုင်း ကြီးထွားစည်ဝေလာသော သီးပင်စိုက်ပင်တို့ ပေါ်ထွန်းရာ မြေဆီမြေလွှာတို့မှာ ဓာတုစွန့် ပစ်ပစ္စည်းတို့ ဖုံးလွှမ်းလာမှုကြောင့် ခြောက်သယောင်းလာခြင်း၊ သိမ်လှီသည့် အပင်များကိုသာ မွေးဖွားနိုင်တော့ခြင်းများ...။

သဘာဝကို အတတ်နိုင်ဆုံး ထိန်းသိမ်းကြဖို့လိုပြီ။
နိုင်ငံသားတစ်ဦးချင်းစီ၌ သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့လိုသည်ဟူသည့် အသိရှိကြဖို့လိုပြီ။

အတိတ်က ဆင်ခြင်ဥာဏ်ကင်းမဲ့သူတို့၏ လုပ်ရပ်တို့ကို ခါးသီးသော သင်ခန်းစာများအဖြစ် မှတ်ယူကာ-
သစ်ပင်သစ်တောများ ပြန်လည်စိုက်ပျိုးကြပါစို့။

မြစ်ချောင်းအင်းအိုင်တို့ကို ထိန်းသိမ်းကာကွယ်ကြပါစို့။
သဘာဝတောကောင် ကျေးငှက်တိရစ္ဆာန်များကို ဝိုင်းဝန်းစောင့်ရှောက်ကြပါစို့။
မိမိတစ်ကိုယ်ကောင်း စည်းစိမ်ချမ်းသာအတွက် သဘာဝတရားကြီးနှင့် လူသားအားလုံးကို စတေးရမည့် အကုသိုလ်ကို ရှောင်ရှားကာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်သည့် နည်းဖြင့် ကုသိုလ်ပွားများနိုင်ကြပါစေ။ ။

No comments:

Post a Comment