Friday, April 1, 2016

ကုန်တင်ယာဉ်အမိုးကိုင်းနှင့် လျှပ်စစ်မီးကြိုးပွတ်တိုက်မိ၍ ကားမီးလောင်မှုဖြစ်ပွား




The Mirror Daily's photo.


မင်းဘူး မတ် ၃၁

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်တွင် မတ် ၃ဝရက် ညနေ ၄ နာရီ မိနစ် ၂ဝ ခန့်က ကုန်တင်ယာဉ်တစ်စီး ရပ်ကွက် အတွင်းသွယ်တန်းထားသည့် လျှပ်စစ် မီးကြိုးနှင့် ပွတ်တိုက်မိရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မင်းဘူးမြို့ အမှတ်(၄)နယ်မြေ မကျီးချောင်းရပ်ကွက်နေ ကိုအောင်(ခ)ဖိုးအောင် (၃၇)နှစ် မောင်းနှင်သော ယာဉ်အမှတ် 3B./------- ကုန်တင်ယာဉ်သည် မတ် ၃ဝ ရက် ညနေ ၄ နာရီခန့်က မင်းဘူး မြို့ မကျီးချောင်းရပ်ကွက်နေအိမ်မှ မောင်းနှင်လာရာ ရပ်ကွက်အတွင်း သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးနှင့် ကားအမိုးကိုင်း ပွတ်တိုက်မိသဖြင့် ယာဉ်ပေါ်ရှိ ကုန်ပစ္စည်းများပေါ် မီးပွားများလွင့်စင်ကာ ညနေ ၄ နာရီ မိနစ် ၂ဝ ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့သည်။

မီးလောင်ရာနေရာသို့ မင်းဘူး မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ် ယာဉ်လေးစီး၊ ရေသယ်ယာဉ်တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂ဝ၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၃ဝ တို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်မှုတွင် ပလတ်စတစ်ကြိုးခွေအိတ် ရှစ်အိတ်၊ ဂဏန်းထည့် ဖော့ဖာများ၊ ထော်လာဂျီယာဉ် တစ်စီး၊ တရုတ်(၁၂၅) ဆိုင်ကယ် လေးစီး၊ ကြက်ဥသေတ္တာ အလုံး ၃ဝ၊ လက်ဖက်ရည်အချိုခြောက်အိတ်ကြီး သုံးအိတ် မီးလောင်ဆုံးရှုံးပြီး ယာဉ်မောင်း ကိုအောင်(ခ)ဖိုးအောင် အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်ထွန်းဦး(မင်းဘူး)

No comments:

Post a Comment