Friday, April 1, 2016

ဂယ်ရီနဗီးလ် အား ဗလင်စီယာအသင်း နည်းပြအဖြစ်မှ ထုတ်ပယ် လက်ကျန်ပွဲစဉ်များကို လီဗာပူးလက်ထောက်နည်းပြ ကိုင်တွယ်မည်

The Mirror Daily's photo.
မန်ယူအသင်းနှင့် အင်္ဂလန်အသင်း တို့၏ နောက်တန်းကစားသမားဟောင်း ဂယ်ရီနဗီးလ်သည် စပိန်ကလပ် ဗလင်စီယာ အသင်းနည်းပြအဖြစ် လေးလနီးပါးတာဝန် ထမ်းဆောင်ခဲ့ပြီးနောက် လက်ရှိတွင် နည်းပြ အဖြစ်မှ ထုတ်ပယ်ခံလိုက်ရပြီဖြစ်သည်။
အင်္ဂလန်နည်းပြ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက်(၄၁)နှစ်အရွယ် ဂယ်ရီနဗီးလ်သည် ဒီဇင်ဘာလအတွင်းက ဗလင်စီယာ အသင်းနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခွင့် ရရှိခဲ့ပြီး ယင်းမှာ ဂယ်ရီနဗီးလ်အတွက် ပထမ ဆုံးနည်းပြတာဝန်ထမ်းဆောင်ခြင်းလည်း ဖြစ်သည်။
ဗလင်စီယာအသင်းသည် နည်းပြဂယ်ရီ နဗီးလ်လက်ထက်တွင် ပွဲပေါင်း ၂၈ ပွဲကစား ခဲ့ပြီး ၁ဝ ပွဲအနိုင်ရရှိခဲ့သည်။ လာလီဂါပြိုင်ပွဲ တွင်မူ ၁၆ ပွဲကစားအပြီးတွင် သုံးပွဲသာ အနိုင်ရရှိခဲ့သည်။ အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဂယ်ရီနဗီးလ်က ''ဗလင်စီယာအသင်းနည်းပြအဖြစ် ဆက်ရှိ နေချင်ပါသေးတယ်။ ဒါပေမယ့် ထွက်ပေါ် လာတဲ့ရလဒ်ပိုင်းကြောင့်သာ နည်းပြအဖြစ်မှ ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်''ဟု ပြောကြားခဲ့သည်။
ဂယ်ရီနဗီးလ်၏ ညီဖြစ်သူ ဖီးလ်နဗီးလ် သည်လည်း ဗလင်စီယာအသင်းနည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖီးလ်နဗီးလ်မှာမူ လက်ရှိကလပ် ဗလင်စီယာအသင်းတွင် ဆက်ရှိနေ မည်ဖြစ်သည်။ ဂယ်ရီနဗီးလ်သည် ဖေဖော်ဝါရီ လအတွင်းက ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဘာစီလိုနာအသင်းအား ခုနစ်ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြအဖြစ်မှ နုတ်ထွက် ပေးရန်ခေါ်ယူမှုကို ပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
ဂယ်ရီနဗီးလ်၏ ဗလင်စီယာအသင်းအား နောက်ဆုံးကိုင်တွယ်ခဲ့သည့် ပွဲစဉ်မှာ ဆယ်လ်တာဗီဂိုအသင်းအား အိမ်ကွင်း၌ နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်ဖြစ်သည်။ ဂယ်ရီနဗီးလ်သည် အင်္ဂလန်အသင်း နှင့်အတူ ဂျာမနီ၊ နယ်သာလန်တို့နှင့် ကစားခဲ့သည့် ချစ်ကြည်ရေးပွဲစဉ်များတွင် နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။
ဗလင်စီယာအသင်းသည် နည်းပြ ဂယ်ရီ နဗီးလ်အား ထုတ်ပယ်ခဲ့ပြီးနောက် ယခုနှစ် ဘောလုံးရာသီ၏ ကျန်ရှိသည့်ပွဲစဉ်များကို လီဗာပူးအသင်း၏ လက်ထောက်နည်းပြ ဖြစ်သူ ပါကိုအေစတာရန်က တာဝန်ယူ ကိုင်တွယ်သွားမည်ဖြစ်သည်။ ပါကိုအေစတာရန်သည် လီဗာပူးအသင်း၏ လက်ထောက်နည်းပြ အဖြစ် ဖေဖော်ဝါရီလအတွင်းက စတင် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။
ဗလင်စီယာအသင်းသည် မန်စီးတီး အသင်းနည်းပြ ပယ်လီဂရီနီအား ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပြီး မန်စီးတီးအသင်း ကလည်း ဘောလုံးရာသီကုန်တွင် ပယ်လီဂရီနီ နေရာတွင် လက်ရှိဘိုင်ယန်မြူးနစ်အသင်း နည်းပြ ဂွါဒီယိုလာနှင့် အစားထိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဂယ်ရီနဗီးလ်သည် မန်ယူအသင်းနှင့် အတူ ပွဲပေါင်း ၆ဝ၂ ပွဲနှင့် အင်္ဂလန်အသင်း နှင့်အတူ ပွဲပေါင်း ၈၅ ပွဲ ပါဝင်ကစားပေးခဲ့ပြီး နောက် ၂ဝ၁၁ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ခြင်းဖြစ်သည်။ ဂယ်ရီနဗီးလ်သည် မန်ယူကိုယ်စားပြု ကစားသမားဘဝနှင့် ဆုဖလား (၁၆) ကြိမ်နှင့် အင်္ဂလန် ကိုယ်စားပြု ကစားသမားဘဝနှင့် ဆုဖလား ငါးကြိမ်တို့ ဆွတ်ခူးပေးနိုင်ခဲ့သည်။
စပိန်ချန်ပီယံအဖြစ် ခြောက်ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့သည့် ဗလင်စီယာအသင်းသည် လက်ရှိတွင် ကစားရန်ရှစ်ပွဲကျန်ရှိ သေးသည့်အချိန်တွင် တန်းဆင်းဇုန်အထက် ခြောက်မှတ်အကွာ အမှတ်ပေးဇယား၏ အဆင့်(၁၄)နေရာတွင် ရပ်တည်လျက်ရှိသည်။ ဗလင်စီယာအသင်းသည် ဧပြီ ၂ ရက်တွင် လက်စ်ပဲလ်မက်အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်ပြီး ရာသီမကုန်မီတွင် ဘာစီလိုနာ အသင်း၊ ရီးယဲလ်မက်ဒရစ်အသင်းတို့အပါ အဝင် ထိပ်တန်းအဆင့်ရှိ အမှတ်ပေးဇယားထိပ်မှ အသင်းခြောက်သင်းအနက် လေးသင်းနှင့် ယှဉ်ပြိုင်ကစားရမည်လည်း ဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment