Thursday, April 28, 2016

ဒီမိုကရေစီနိုင်ငံတော်အတွက် အားလုံးတက်ညီလက်ညီပူးပေါင်း မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲဆောင်ရွက်ရမည်ဖြစ်


Myanmaalinn's photo.
 နေပြည်တော် ဧပြီ ၂၇

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ယနေ့ နံနက် ၁ဝ နာရီတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ အစည်းအဝေးခန်းမ ၌ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ဒီမိုကရေစီ နိုင်ငံတော်တွင် ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာတို့ကို အညီအမျှ ခွဲဝေ ပိုင်းခြားသုံးစွဲပါကြောင်း၊ နိုင်ငံတော် ၏ အချုပ်အခြာအာဏာသည် ပြည်သူ များထံမှဆင်းသက်ပြီး ပြည်သူလူထု ထံတွင်သာ ရှိပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များသည် ဥပဒေပြုရေး တာဝန်ကို အဓိကထား ထမ်းဆောင် ရသည် ဖြစ်ပါကြောင်း၊ ဥပဒေပြုရေး လုပ်ငန်းများ အဆင်ပြေချောမွေ့ပါမှ အခြားမဏ္ဍိုင်၏လုပ်ငန်းများ ဆောင် ရွက်ရာတွင်လည်း အဆင်ပြေစွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ တာဝန်၊ လုပ်ပိုင် ခွင့်၊ ရပိုင်ခွင့်များကို အလေးထား၍ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ရိုးရိုးသားသား သန့်သန့်ရှင်းရှင်း အလုပ်လုပ်ကြရမည် ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ကို ရွေးချယ်ပေးလိုက်သည့် ပြည်သူများ ထံ အရောက်သွားပြီး ပြည်သူများ၏ဆန္ဒ၊ လိုအပ်ချက်များကို ဖော်ဆောင် သည့် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုနှင့် ဥပဒေကြမ်းများ တင်သွင်း ခြင်းတို့ကို ဆောင်ရွက်နိုင်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ခြင်းက ပို၍အောင်မြင်မှု ရရှိနိုင်ပါကြောင်း။
ဥပဒေပြုရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ညီရန်လိုအပ်ပြီး တိုင်းပြည်နှင့် လူမျိုး အတွက် အကျိုးဖြစ်ထွန်းစေသည့် ကိစ္စရပ်များကို အဓိကထား ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော် များက ပြဋ္ဌာန်းသည့် ဥပဒေများသည် ဒီမိုကရေစီ စံချိန်စံညွှန်းများ၊ လူ့အခွင့် အရေးစံနှုန်းများနှင့် ညီရမည်ဖြစ်ပြီး နိုင်ငံတကာနှင့် ချုပ်ဆိုထားသော စာချုပ်၊ ပဋိညာဉ်သဘောတူညီချက် များနှင့်လည်း ညီညွတ်မှု ရှိ/မရှိ သေချာစွာ စိစစ်ကြရန် လိုအပ် ကြောင်း၊ ဒီမိုကရေစီကျင့်စဉ်တွင် လူနည်းစု၏တင်ပြချက်ကို အလေး အနက်ထားရမည်ဖြစ်ပြီး လူအများစု ၏ဆုံးဖြတ်ချက်ကို လိုက်နာရမည် ဖြစ်ပါကြောင်း။
အစိုးရအနေဖြင့် အဂတိတရား ကင်းစင်သည့် လူမှုအသိုင်းအဝိုင်း ဖြစ်အောင် ဖော်ဆောင်နေပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လာဘ်ပေးလာဘ်ယူ ကင်းကင်း ရှင်းရှင်းဖြင့် ဆောင်ရွက်စေလို ကြောင်း၊ ထို့အပြင် တရားမျှတမှု ရှိရမည်ဖြစ်ပါကြောင်း၊ တရားမျှတမှု ခိုင်မာအောင် တည်ဆောက်နိုင်မှ တရားမျှတသည့် လူ့အသိုင်းအဝိုင်း နှင့် ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်း ပေါ်ပေါက်လာပြီး ဒီမိုကရေစီနိုင်ငံ တော်ကို တည်ဆောက်နိုင်မည် ဖြစ်ပါ ကြောင်း၊ ဒီမိုကရေစီနိုင်ငံတော် အတွက် အားလုံးတက်ညီလက်ညီ ပူးပေါင်းပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ မထားဘဲ မည်သည့်အဖွဲ့အစည်း၊ ပါတီ၊ ပုဂ္ဂိုလ်များနှင့်မဆို လက်တွဲ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး က လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေးမြှင့်တင်ရေးအတွက် သင်တန်းများပို့ချနိုင်ရန် ဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြပြီး လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းခြင်း၊ အဆိုနှင့် ဥပဒေကြမ်းများ တင်သွင်းခြင်းဆိုင်ရာ အချက်အလက်များနှင့် ပညာရေး၊ လူမှုရေးစသည့် ဒေသဖွံ့ဖြိုးရေး အခြေခံလိုအပ်ချက်များကို မေးမြန်း ဆွေးနွေးကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆွေးနွေးတင်ပြမှုများအပေါ် လွှတ်တော်အပိုင်းမှ ဆောင်ရွက် ရမည့် နည်းလမ်းအဆင့်ဆင့်နှင့် လုပ်ထုံးလုပ်နည်းများကို အသေးစိတ် ပြန်လည်ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၌ တည်ဆောက် လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံသစ် ဆောက်လုပ်နေမှုကို သွားရောက် ကြည့်ရှုသည်။

(သတင်းစဉ်)

No comments:

Post a Comment