Friday, April 1, 2016

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တွင် ခုံးကျော်တံတားတစ်စင်းပြိုကျ၊ လူ ၂ဝ ထက်မနည်းသေဆုံး

The Mirror Daily's photo.
နယူးဒေလီ မတ် ၃၁
အိန္ဒိယနိုင်ငံအရှေ့ဘက် ကိုလ်ကတ္တားမြို့တွင် မတ် ၃၁ ရက်က တည်ဆောက်ဆဲခုံးကျော် တံတားတစ်စင်းပြိုကျခဲ့ရာ လူ ၂ဝ ထက် မနည်းသေဆုံးပြီး ၁၅ဝ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ကိုလ်ကတ္တားမြို့လယ်ရှိ လူစည် ကားသော စီးပွားရေးအချက်အချာကျသည့် နေရာတွင် လွန်ခဲ့သောခြောက်နှစ်ကတည်းက စတင်တည်ဆောက်နေသော ယင်းခုံးကျော် တံတားသည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲခန့်က ပြိုကျခဲ့သည်။ တံတား အကျိုးအပဲ့အပျက်အစီးများအောက်မှ လူသေ အလောင်း ၂ဝ ကို ဆွဲထုတ်ယူနိုင်ခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။
ကယ်ဆယ်ရေးလုပ်သားများက တံတား အကျိုးအပဲ့များအောက်မှ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူများကို အနီးဝန်းကျင်ရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများ၏ အခြေ အနေမှာ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် သေဆုံးသူဦးရေ နောက်ထပ်တိုးလာနိုင်ဖွယ်ရှိကြောင်း အဆိုပါရဲအရာရှိက ထပ်လောင်း ပြောကြားသည်။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ထမ်းများအပြင် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံပြည်သူများက ကယ်ဆယ်ရေးလုပ်ငန်း များ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အနောက်ဘင်္ဂလားပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လာမည့် လွှတ်တော်ရွေးကောက်ပွဲအတွက် ၄င်း၏မဲဆွယ်စည်းရုံးရေးအစီအစဉ်ကို ဖျက်သိမ်းပြီး အခင်းဖြစ်ရာနေရာသို့ အလျင်အမြန် သွားရောက်ခဲ့ပြီး သေဆုံးသူများ၏ မိသားစု များနှင့် ဒဏ်ရာရရှိသူများအား ထောက်ပံ့ကြေး ငွေများပေးအပ်မည်ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ်က ဆိုသည်။
ထို့အတူ အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေသည့် အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာမိုဒီကလည်း အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာ။

No comments:

Post a Comment