Friday, April 1, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း အဆိုတင်သွင်း ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ကျင်းပ




The Mirror Daily's photo.


နေပြည်တော် မတ် ၃၁

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အဆိုတင်သွင်းခြင်းနှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ကတိသစ္စာပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ရှေ့မှောက်၌ ကတိသစ္စာမပြုရသေးသည့် တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဗိုလ်ကြီးမင်းမင်းသိန်းက ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရာတွင် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌနှင့် ဥပဒေကြမ်းကော်မတီတို့၏ တာဝန်ပေးချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို အဆိုတင်သွင်းသွားမည်ဖြစ်ပါကြောင်း၊ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များကို ဝေငှထားပြီးဖြစ်သည့်အတွက် အကျဉ်းချုံးတင်ပြသွားမည် ဖြစ်ပါကြောင်း။

ယခုဥပဒေကြမ်းကို နိဒါန်းအပါအဝင် အခန်း(၅)ခန်းဖြင့် ဖွဲ့စည်းထားကြောင်း၊ အခန်း(၁)တွင် အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း(၂)တွင် ဥပဒေ၏ ရည်ရွယ်ချက်(၄)ရပ်ဖြစ်သော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ်ပီပြင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းထားပါကြောင်း။

အခန်း(၃) တာဝန်ပေးအပ်ခြင်းတွင် ၂ဝ၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်ဟု ပြဋ္ဌာန်းတာဝန်ပေးထားပါကြောင်း၊ အခန်း(၄)တွင် အတိုင်ပင်ခံပုဂ္ဂိုလ်၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို ပြဋ္ဌာန်းထားပါကြောင်း။

ဤနေရာတွင် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အကြံပြုချက်များပေးခြင်း၊ အကြံပြုချက်များ၊ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရခြင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း။

ထို့ပြင် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရာထူးအလျောက် လစဉ်ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်နှင့် အခွင့်အရေးတို့ကို ခံစားခွင့်ရှိပါကြောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များအတွက် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေတွင် ခွဲဝေသတ်မှတ်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။

အခန်း(၅)အထွေထွေတွင် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်၊ ဤဥပဒေသည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလတွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံတော်သမ္မတ၏ သက်တမ်းကာလအတွက်သာ ဖြစ်စေရမည်၊ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ လိုအပ်သော နည်းဥပဒေများကို ထုတ်ပြန်နိုင်သည်ဟု ဖော်ပြထားပါကြောင်း။

ထို့ကြောင့် ယခုဥပဒေကို အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီမှ တင်ပြရသည့် ရည်ရွယ်ချက်မှာ နိုင်ငံသူနိုင်ငံသားတို့၏ မျှော်မှန်းချက်များနှင့် အကျိုးစီးပွားများကို အတိုင်ပင်ခံပုဂ္ဂိုလ်က ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် ဥပဒေကြမ်းကော်မတီက အဆိုတင်သွင်းရခြင်းဖြစ်ပါကြောင်း၊ ယခုဥပဒေသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၁၇)တွင် ဖော်ပြသတ်မှတ်ထားသော ပြည်ထောင်စုလွှတ်တော်၏ လုပ်ပိုင်ခွင့်ဘောင်အတွင်းက ဖော်ပြခဲ့သည့်အတွက် အမျိုးသားလွှတ်တော်က လက်ခံကြားနာ ဆွေးနွေးရန်အဆိုကို တင်ပြခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်ကျိန်ငိုင်မန်က အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့် တင်သွင်းသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို ထောက်ခံပါကြောင်းဆွေးနွေးသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းကို လွှတ်တော်၌ လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏သဘောထားရယူပြီး ဦးအောင်ကြည်ညွန့် တင်သွင်းသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်ကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့ပြင် လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းသည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ ဆောလျင်စွာ ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ၂ဝ၁၆ ခုနှစ် ဧပြီ ၁ ရက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက် နေ့တွင် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားခြင်း၊ ပြင်ဆင်ချက် အဆိုတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းတို့ကို တစ်ပါတည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ရက်မြောက်နေ့ ပထမပုံမှန် အစည်းအဝေးကို ဧပြီ ၁ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရန်လျာထားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဖတ်ကြားရှင်းလင်း၍ လွှတ်တော် ကိုယ်စားလှယ်(၄)ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၃)ဦးတို့က ဆွေးနွေးကြမည်ဖြစ်ပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment