Friday, April 1, 2016

(1.4.2016) ကြေးမုံစာတည်းရှုထောင့်



အစိုးရသစ်နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး

အစိုးရသစ်ဖွဲ့စည်းပေါ်ထွက်လာသည့်အခါ     ပြည်သူတို့ ပျော်ရွှင်အားရ ကြိုဆိုကြသည်။   တစ်ပြိုင်နက်တည်းမှာ ဒီမိုကရေစီခရီးကြမ်း၏ လမ်းခုလတ်တွင် ကျန်ရစ်ခဲ့ကြသူတို့ကို လွမ်းကြ  တမ်းတကြရင်း မျက်ရည်စို့ကြရသည်။ သူတို့တစ်တွေ ဒီမိုကရေစီ အဖူးအညှောက်လေးများ၏ တစ်စွန်းတစ်စမျှကိုပင် မခံစားလိုက်ကြရ မမြင်တွေ့လိုက်ကြရ။

ဤသို့  ကျဆုံးခဲ့ကြသော အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီသမားများအတွက် မိသားစုများနှင့်အတူ ပြည်သူတို့ စိတ်ထိခိုက်ကြရသည်။ အချို့က ဒီမိုကရေစီရမှ  အမျှဝေပါဟု အံကြိတ်တင်းခံရင်း အသက်ကို စွန့်သွားခဲ့ကြသည်။ ယခုလို အစိုးရသစ်ပေါ်ပေါက်လာတော့ သည်လိုကျဆုံးသူတို့အတွက် အမျှဝေသူတို့ ဝေကြပြီ။

ဒီမိုကရေစီ အရသာလေးကို အမြည်းလေးမျှ မခံစားလိုက် ရသော အာဏာရှင်စနစ်ကိုဆန့်ကျင်ရင်း ဒီမိုကရေစီတော်လှန် ရေးအတွင်းမှာ ကျဆုံးကျန်ရစ်ခဲ့ကြသူ   အများအပြားရှိခဲ့သလို   ယနေ့ထက်တိုင် အကျဉ်းထောင် နံရံများကြားမှာ အစားခက်၊ အနေခက်နှင့် ဒုက္ခမျိုးစုံ ခံစားနေဆဲဖြစ်သည့် အာဏာရှင် ဆန့်ကျင်ရေးဒီမိုကရေစီသမားများကလည်း အမြောက်အမြား ရှိနေသေးသည်။

အမှန်တော့ သည်နေ့လို မင်္ဂလာရှိသည့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကြီးနှင့်   ကြုံကြိုက်နေရချိန်က   နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိသင့်တော့သည့်အချိန်။ ပြည်သူတို့ကလည်း မိမိတို့ ပြည်သူ့အစိုးရပေါ်ပေါက်သည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်လာတော့မည်ဟု မျှော်လင့် နေကြတာဖြစ်သည်။    နိုင်ငံတော်သမ္မတ၏   အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်    ကြေညာသည့်အသံကို      နားစွင့်နေ ကြသည်။

သူတို့ခမျာ အစိုးရသစ်တက်လာလို့ ဒီမိုကရေစီ လမ်းစပေါ်ပြီဆိုပြီး     ပျော်ရွှင်ကြိုဆိုနေကြရာမှာ မပါဝင်နိုင်ကြသူများ ဖြစ်သည်။

အထူးသဖြင့်တော့ ပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြ ကြရင်း အမှုပေါင်းများစွာနှင့် စွဲချက်တင် တရားစွဲဆိုခြင်းခံနေ ကြရသော ငယ်ရွယ်နုပျိုသည့်  ကျောင်းသားလူငယ်လေးများ၏ အမှုများကို  အမြန်ဆုံးရှင်းလင်းပြီး  လွတ်မြောက်ခွင့်ပေးဖို့ ကောင်းလှပြီ။ ကျောင်းသား ကျောင်းသူငယ်တို့၏ ပညာရေး လိုလားချက်တောင်းဆိုမှုများကို ရာဇဝတ်မှုကြီးများသဖွယ် စွပ်စွဲပြစ်တင်စရာအကြောင်းမရှိလှဟု  ယူဆပါသည်။

ဒီမိုကရေစီတံခါးများကို   ဖွင့်လှစ်လာနိုင်ပြီဖြစ်သော ယခုလို မင်္ဂလာရှိလှသည့်   အခါသမယမှာ   ယုံကြည်ချက် အမျိုးမျိုးတို့ကြောင့်       ထောင်သွင်းအကျဉ်းချခြင်းခံနေရသည့် နိုင်ငံရေးအကျဉ်းသားတို့ မိမိတို့၏ မိသားစုများနှင့် အမြန်ဆုံး ပြန်လည်ပေါင်းစည်းနိုင်ကြပါစေဟု  ဆုမွန်ခြွေလိုက် ရပါကြောင်း။     ။

No comments:

Post a Comment