Saturday, April 30, 2016

(30.4.2016) ကြေးမုံစာတည်းရှုထောင့်

ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် ပြည်သူ့အစိုးရ၏ လေးလံသောတာဝန်များ

မြန်မာနိုင်ငံ၏ အဓိကရင်ဆိုင်နေရသော ပြဿနာများထဲတွင် ဆင်းရဲမွဲတေမှု ပြဿနာကလည်း တစ်ခုဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ သည်နိုင်ငံက အရှေ့တောင် အာရှမှာ ထိပ်သီးနိုင်ငံတစ်ခုဖြစ်ခဲ့သည်ဆိုတာက အိပ်မက်မဟုတ်။ ထိုစဉ်ကာလက ဆန်စပါး အရည်အသွေးနှင့် ထုတ်လုပ်ရောင်းချနိုင် မှုဆိုသည်က ကမ္ဘာမှာ ထိပ်တန်းစာရင်းဝင်။ အခြားသော ကုန်ထုတ်လုပ်မှု လုပ်ငန်းများကလည်း အာရှတစ်လွှားမှာ ရှေ့ဆုံးကပြေး နေခဲ့တာ ဖြစ်သည်။ သဘာဝသယံဇာတများကို ထုတ်ရောင်းပြီး စီးပွားရေးမှာ ရှေ့တန်းရောက်ခဲ့တာမဟုတ်။

ယနေ့ကာလနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ ကွာခြားချက်က နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်နှင့် ပညာရေးစနစ်တို့ကို တွေ့ရပါမည်။ ထိုခေတ်ထိုအခါက ပညာတတ်များ၏ အခန်းကဏ္ဍက သိသိသာသာ မြင့်မားတာလည်းတွေ့ရပါမည်။ ပညာရှင်များ၊ ပညာတတ်များ နေရာရကြ။ သူနှင့်ထိုက်သင့်ရာမှာ နေရာရကြသည်။ သူ့နေရာ နှင့်သူ၊ သူ့တာဝန်နှင့်သူ။

အခြေခံအားဖြင့်မူ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုဟူသည် အုပ်ချုပ်သူ အစိုးရပေါ်မှာ အများကြီး တာဝန်ရှိသည်ဟု ယူဆပါသည်။ တိုင်းပြည်နှင့် ပြည်သူတို့၏ အကျိုးကို အမှန်တကယ် စေတနာထားသည့် အစိုးရဖြစ်ဖို့၊ ကိုယ်ကျိုးစီးပွား လောဘဖြင့် လာဘ်ပေးလာဘ် ယူမှုများနှင့် အဂတိလိုက်စားသည့် အစိုးရမဖြစ်ဖို့၊ အမြော်အမြင်ရှိရှိနှင့် စီမံခန့်ခွဲမှုပိုင်နိုင်သည့် အစိုးရဖြစ်ဖို့၊ မှားယွင်းသည့် စီမံခန့်ခွဲ မှု၊ အလွဲသုံးစီမံခန့်ခွဲမှုများနှင့်  မနိုင်မနင်း  အစိုးရမဖြစ်ဖို့တို့က အဓိကလိုအပ်ချက်များဖြစ်ပါလိမ့်မည်။

စီမံခန့်ခွဲမှုများဆိုရာ၌ သဘာဝအမွေအနှစ်များနှင့် ပတ်ဝန်းကျင်ကို မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်မှု၊ ထိန်းသိမ်းသင့်သည်တို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပြီး ရင်းမြစ်များကို စနစ်တကျ ခွဲဝေ သုံးစွဲနိုင်မှုတို့ ဖြစ်ပါမည်။ ပတ်ဝန်းကျင် ပြဿနာတို့ကြောင့် စိုက်ပျိုး မွေးမြူရေးကဏ္ဍများတွင် ဖြစ်ပေါ်ခဲ့သည့် ဆုံးရှုံးနစ်နာမှုများက မကြာလှသေးသော ကာလများအတွင်းက သမိုင်းသင်ခန်းစာများ ပါပေ။

ထို့အတူ လူသားရင်းမြစ်များကို ပြုစုပျိုးထောင်မှု၊ စီမံခန့်ခွဲ တတ်မှုတို့နှင့်အတူ ပညာရေးစနစ်၊ ကျန်းမာရေးစနစ်များကို ခိုင်မာ ကျနအောင် လုပ်နိုင်ဖို့လိုပါမည်။ ပညာတတ်တွေ ပေါများသည့် နိုင်ငံ၊ ကျန်းမာသန်စွမ်းသည့် နိုင်ငံသားများရှိသည့်နိုင်ငံတို့သာ အမှန်တကယ် တိုးတက်နိုင်ပါလိမ့်မည်။ ကုန်ထုတ်လုပ်အား အများဆုံး ထုတ်ပေးနိုင်စွမ်းရှိသည့် အရွယ်များက စစ်ပွဲတွေထဲမှာ၊ အကျဉ်း ထောင်များထဲမှာ၊ နိုင်ငံရပ်ခြားအသီးသီးမှာ အကြောင်းအမျိုးမျိုး ဖြင့် ရောက်ရှိနေသည့် နိုင်ငံအဖို့ မည်သို့တိုးတက်အောင်စွမ်းဆောင် နိုင်ပါအံ့နည်း။

လူသားရင်းမြစ်အကြောင်းပြောမည်ဆိုလျှင်တော့ ပညာရေး စနစ်က အဓိကဖြစ်ပါလိမ့်မည်။ စိတ်သဘောထားမှန်ကန် ရင့်ကျက်သော ပညာတတ်များ၊ ပညာရှင်များကို စနစ်တကျ မွေးထုတ်နိုင်ပါမှ နိုင်ငံတိုးတက်အောင် စွမ်းဆောင်နိုင်ပါမည်။

ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆောင်ရွက်မည်ဆိုလျှင် ယင်းသို့သော အခြေခံစဉ်းစားပြင်ဆင်ရမည့် ကိစ္စအဝဝကို တိုင်းပြည်နှင့် ပြည်သူတို့အကျိုးကို  စေတနာမှန်မှန်ဖြင့်  ဆောင်ရွက်လိုသော အစိုးရတစ်ရပ် လိုအပ်ပါသည်။ နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှုအလွဲများ၊ အဂတိလိုက်စားမှုများနှင့် ပြည့်နှက်နေသည့် အစိုးရနှင့် အုပ်ချုပ်ရေးစနစ်တို့ကြောင့် ဆင်းရဲတွင်းထဲ နစ်သည်ထက် နစ်ခဲ့ရသော တိုင်းပြည်ကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် ယနေ့ ပြည်သူ့အစိုးရ မှာ ကြီးမားလေးလံသောတာဝန်များ ကျရောက်နေခဲ့ပြီ ဖြစ်ပါသည်။

ပြည်သူလူထု၏ အားပေးကူညီမှု၊ ထောက်ခံဝန်းရံမှုတို့ဖြင့် မြန်မာနိုင်ငံတော် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ပါစေသတည်း။

No comments:

Post a Comment