သတင်းဓာတ်ပုံ - ကိုလတ်(သတင်းစဉ်)
ရန်ကုန် ဖေဖော်ဝါရီ ၂၉
မြန်မာနိုင်ငံအား ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်နိုင်ရေး လာရောက်လေ့လာ အကဲဖြတ်ရန်ရောက်ရှိနေသော ကမ္ဘာ့ကင်းထောက်အဖွဲ့နှင့် အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏သဘောထား တင်ပြချက်များ ဖြစ်ပါသည်။
Mr. Goran Hagerdal
(Global Director Scouting Development )
ကမ္ဘာ့နိုင်ငံလုံးဆိုင်ရာ ကင်းထောက်လှုပ်ရှားမှုမှာ ဂလိုဘယ် ဒါရိုက်တာအနေနဲ့ အလုပ်လုပ်ပါတယ်။ ရုံးက မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာဖြစ်ပြီး နိုင်ငံတကာကို လှည့်လည်ဆွေးနွေးရာမှ မြန်မာနိုင်ငံကိုရောက်လာရတဲ့ အဓိကအကြောင်းရင်းက မြန်မာနိုင်ငံကနေ ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်အနေနဲ့ ပြန်ဖြစ်လာဖို့အတွက် ကျွန်တော်တို့ ဘယ်လိုပူးပေါင်းခွင့်ရမလဲ။ ကူညီလို့ရ မလဲဆိုတာ ဆွေးနွေးဖို့ရောက်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ အတွက်ဆိုရင် ကျွန်တော်တို့တတ်နိုင်တဲ့ဘက်က အစွမ်းကုန်ကူညီမှာ ဖြစ်ပါတယ်။ ဥပမာပြောရရင် အခု မြန်မာကင်းထောက်အဖွဲ့အနေနဲ့ ပြန်လည်ကြိုးစားပြီးလုပ်တာတွေက အလွန်ကို အံ့သြဖို့ကောင်းပါတယ်။ တကယ်ကို သဘောကျဖို့ ကောင်းပါတယ်။ နောက်ထပ်တစ်ဆင့် ကျွန်တော့်အနေနဲ့ အကြံပေးရရင် မြန်မာ့ကင်းထောက် အဖွဲ့ရဲ့အစီအစဉ်တိုင်းမှာ လူငယ်တွေ အင်အားနဲ့ပူးပေါင်းပြီး လူငယ်တွေရဲ့အသံကို နားထောင်ပြီး မြန်မာကင်းထောက်ရဲ့ လှုပ်ရှားမှုတွေ ရှေ့ဆက်သွားဖို့ ကျွန်တော်တို့အနေနဲ့ ပူးပေါင်းကူညီသွားမှာ ဖြစ်ပါတယ်။
Mr. Paul. D. Parkinson
(Chairman Asia-Pacific Regional Scout Committee)
ကျွန်တော်က အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်ကော်မတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေပြီး မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ကို ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်အသိအမှတ်ပြုနိုင်ဖို့နဲ့ အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်လုပ်ငန်းတွေသိရှိနိုင်ဖို့ လာရောက်တာဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးမှာရှိတဲ့ ကင်းထောက် အဖွဲ့ဝင်တွေဟာ ရည်မှန်းချက်တူညီတဲ့ အရည်အသွေးနဲ့၊ ရည်ရွယ်ချက်တွေနဲ့ သွားနေတာဖြစ်ပါတယ်။ ဒီလိုသွားရာမှာ မြန်မာနိုင်ငံက ကင်းထောက် အဖွဲ့တွေရဲ့လှုပ်ရှားမှုဟာ ယခင်ကနည်းတူ ကမ္ဘာ့ကင်းထောက်အဖွဲ့ လှုပ်ရှားမှုကို ဆက်လက်တန်ဖိုးထားမယ်လို့ မျှော်လင့်ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ နိုင်ငံတစ်နိုင်ငံ၊ ဥပမာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို မြန်မာကင်းထောက်အဖွဲ့ လူငယ်များရဲ့လှုပ်ရှားမှုအင်အားနဲ့ တစ်ထောင့်တစ်နေရာက ပါဝင်နိုင်သူများဖြစ်ဖို့၊ လူငယ်တွေကလည်း ဗလငါးတန် ဖွံ့ဖြိုးတိုးတက်တဲ့ လူငယ်များအဖြစ် ဦးဆောင်ပြီး မြန်မာ့ကင်းထောက်အဖွဲ့ ရဲ့လုပ်ငန်းများတိုးတက်ဖို့ တစ်ထောင့်တစ်နေရာက ပါဝင်နိုင်တဲ့အဖွဲ့အစည်းဖြစ်ဖို့ ကြိုးစားဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ကင်းထောက်ရဲ့ မွန်မြတ်တဲ့လုပ်ငန်းတွေကို လူငယ်တွေက မိမိကိုယ်ကို တာဝန်ယူနိုင်ရုံသာမက လူထုရဲ့ ပတ်ဝန်းကျင်နဲ့ နိုင်ငံအတွက် တာဝန်ယူနိုင်မယ့် လူငယ်တွေမွေးထုတ်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ကင်းထောက်လှုပ်ရှားမှု၊ ကင်းထောက်လုပ်ငန်းတွေကို အားတက်သရော ပါဝင်ပြီး မြန်မာနိုင်ငံရဲ့အပြောင်းအလဲ တစ်စုံတစ်ရာကို စွမ်းဆောင်နိုင်တဲ့ လူငယ်တွေ၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအတွက် အလုပ်အကျွေးပြုနိုင်မယ့် လူငယ်တွေဖြစ်အောင် မြန်မာကင်းထောက်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ဖို့ တိုက်တွန်းလိုပါတယ်။
Mr. J.Rizal C.Pangilinan
(Regional Director, Asia-Pacific Scout Committee)
ကျွန်တော်ကတော့ အာရှနှင့်ပစိ ဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ ဒေသဆိုင်ရာ ဒါရိုက်တာအနေနဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ရုံးထိုင်ပြီး ဖိလစ်ပိုင်နိုင်ငံသားဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုလာရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံကင်းထောက် အဖွဲ့က ကင်းထောက်လှုပ်ရှားမှုများ ပြန်လည် စတင်ပြီး ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင် နိုင်ငံဖြစ်လာဖို့ ကြိုးစားရာမှာ အဖွဲ့အစည်းပိုင်းဆိုင်ရာ လိုအပ်တဲ့စွမ်းရည်တွေ၊ စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုတွေ အတွက်နည်းပညာပိုင်းဆိုင်ရာ ကူညီဖို့ လာရောက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ အဖွဲ့အစည်း ပိုင်းဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေဖို့ အရင်းအမြစ်နဲ့ သင်တန်းဆရာတွေ ပူးပေါင်းပါဝင်ပြီး ရှေ့ဆက်အကူ အညီပေးသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၆၄ ခုနှစ်ကနေပြီး ပျောက်ကွယ်ခဲ့တဲ့ မြန်မာကင်းထောက် အဖွဲ့အနေနဲ့ ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့၊ နိုင်ငံတကာမှာ ကင်းထောက်အဖွဲ့ အစည်းအနေနဲ့ ရပ်တည်နိုင်ဖို့ အတွက်ဆိုရင် အာရှဒေသပစိဖိတ် ဒေသဆိုင်ရာရုံးနဲ့ ကမ္ဘာ့ကင်းထောက်အဖွဲ့ လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကူညီပေးဖို့ ရောက်ရှိ လာတာဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ မကြာမီက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသား ကင်းထောက်အဖွဲ့နဲ့ မိမိတို့ပူးပေါင်းပြီး မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် ရှေ့လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ဖွဲ့စည်းပုံများကို ထည့်သွင်းစဉ်းစားကူညီရန် လာရောက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကင်းထောက်လှုပ်ရှားမှုများ အခိုင်အမာရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ ကျော်ကင်းကွာခဲ့ရာမှ ယခုမှ အသစ်ပြန်လည်လုပ်ဆောင်ရလို့ ယခင်ကရှိပြီးသား စည်းမျဉ်းများ၊ လှုပ်ရှားမှုများ၊ ယခုခေတ်နှင့် လျော်ညီစွာ ဘယ်လိုလုပ်ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေကို မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့နဲ့ လက်တွဲဆောင်ရွက်မှာဖြစ်ပါတယ်။ နောက်ထပ် လိုအပ်တဲ့ နည်းပညာဆိုင်ရာလှုပ်ရှားမှုတွေ၊ နည်းပညာဆိုင်ရာထောက်ပံ့ မှုတွေကို အာရှပစိဖိတ်ကင်းထောက်အဖွဲ့နဲ့ ကမ္ဘာ့ကင်းထောက်အဖွဲ့တို့ ပူးပေါင်းကူညီပေးမှာ ဖြစ်ပါတယ်။ ဒါကလည်း ၂ဝ၁၇ ခုနှစ်တွင် အဇာဘိုင်ဂျန်၌ ကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ ကင်းထောက်အဖွဲ့ အစည်းတွေက မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ကို လက်ခံနိုင်ဖို့ မိမိတို့ကြိုးစားပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့အနေနဲ့ ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်ဖြစ်နိုင်ဖို့ ကျွန်တော်တို့ ကူညီပေးနေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ ကင်းထောက်အဖွဲ့ဝင် နိုင်ငံဖြစ်ရန် ယခုအခါ အလားအလာရှိကြောင်း ပြောလိုပါတယ်။
No comments:
Post a Comment