Thursday, March 31, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
နှစ် ၅၀ ကျော်ရုန်းကန်လှုပ်ရှားမှု၏ အသီးအပွင့်

ပြည်ထောင်စုလွှတ်တော်နှင့် နိုင်ငံတော်သမ္မတ အိမ်တော် တို့တွင် ယနေ့ကျင်းပခဲ့သည့် ကျက်သရေမင်္ဂလာပြည့်ဝသော အခမ်းအနားများကား  ဒီမိုကရေစီလိုလားသော  ပြည်သူတို့ နှစ်ပေါင်းများစွာ သက်စွန့်ကြိုးပမ်း အားထုတ်ခဲ့မှု၏ ရလဒ်များ ပင်ဖြစ်၏။
လွတ်လပ်ခြင်း၊  တန်းတူညီခြင်း၊  တရားမျှတခြင်း တည်း ဟူသော လောကပါလတရားများ ထွန်းကားသော လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်ရေးကို လိုလားတောင့်တခဲ့ကြသည့် ပြည်သူ လူထု၏ ပထမအောင်ပွဲကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲ တွင် မြင်တွေ့ခဲ့ရ၏။ ပြည်သူတစ်ရပ်လုံးသည် ဒီမိုကရေစီ အင်အားစုများကို တစ်ခဲနက် ဆန္ဒမဲပေးခဲ့ကြသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှမ်းမိုးသည့် လွှတ်တော်များ ပေါ်ပေါက် ခဲ့သည်။ ထို့နောက် ယင်း၏အကျိုးဆက်အဖြစ် အဖွဲ့ချုပ်၏ မူဝါဒများနှင့် ညီညွတ်စွာ ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့သစ်တစ်ရပ် ယနေ့ပေါ်ပေါက်လာခြင်းဖြစ်သည်။ သမ္မတ၊  ဒုသမ္မတများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်သစ်များ ပြည်ထောင်စု လွှတ်တော်၌ ကတိသစ္စာပြုကြသည်ကိုလည်းကောင်း၊ သမ္မတ ဟောင်းက သမ္မတသစ်သို့ လုပ်ငန်းတာဝန်များနှင့်အတူ နိုင်ငံတော် သမ္မတ အထိမ်းအမှတ်  အဆောင်အယောင်   ရွှေစလွယ်အား လွှဲပြောင်းပေးအပ်သည်ကိုလည်းကောင်း ပြည်သူတို့မြင်တွေ့ကြ ရသည်။
ဤသည်ကား ပြောင်းလဲချိန်တန်ပြီဟူသော ကြွေးကြော်သံကို လက်တွေ့ဖြစ်အောင် အကောင်အထည်ဖော်ခဲ့ကြသည့် ပြည်သူ တို့၏ အောင်ပွဲအသီးအပွင့်များပင် ဖြစ်သည်။
သို့သော် ဤသည်မှာ ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ အပြီး သတ်အောင်ပွဲကား မဟုတ်သေး။ ရှေ့သို့ ခရီးဆက်စရာများစွာ ရှိသေးသည်။
ဆိုပါစို့၊
ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်မည်ဟု မြန်မာ့နိုင်ငံရေးအင်အားစု တို့ အစဉ်တစိုက် ပြောဆိုခဲ့ကြသည်။  အပြောလွယ်သလောက် အလုပ်ခက်သည့် အဆိုပါအရေးကိစ္စကို အစိုးရသစ် လက်ထက်တွင် အောင်မြင်အောင် ကြိုးပမ်းကြရလိမ့်မည်။
တစ်ချိန်တည်းတွင် သူတစ်ပါးတိုင်းပြည်တို့ထက် အဘက် ဘက်က အောက်ကျနောက်ကျနေခဲ့သည့် ဤတိုင်းပြည်ကို ဆင်းရဲ နွံတွင်းမှ လွတ်မြောက်၍ ဖွံ့ဖြိုးတိုးတက်လာအောင် ထူထောင်ဖို့ လိုသေးသည်။
အဲသည်နောက်တွင်၊
တိုင်းရင်းသားပြည်သူတို့၏ တူညီသော ရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု  ဖြစ်ပေါ်ရေးအတွက်လည်း ကောင်း၊
အဆိုပါ ပြည်ထောင်စုမျိုး တည်ဆောက်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ဒီမိုကရေစီစံချိန်စံညွှန်းပြည့်ဝသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်   ပေါ်ပေါက်ရေးအတွက်လည်းကောင်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရလိမ့်ဦးမည်။
ထို့ကြောင့် ခရီးဆက်စရာများစွာရှိသေးသည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လွှတ်တော်နှင့် သမ္မတအိမ်တော်တို့၌ ယနေ့မြင်တွေ့ရသည့် အခြင်းအရာများကား ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်လိုသော ပြည်သူတို့အတွက် အားတက်စရာ၊ ခွန်အားပေးသော ရှုခင်းများဖြစ်သည်ဟု တင်ပြချင်ပါသည်။

No comments:

Post a Comment