Tuesday, March 1, 2016

တန်းစီဇယားကို ဆက်လက်ဦးဆောင်မယ့် လက်စတာ၊ အိမ်ကွင်းမှာ နိုင်ပွဲရှာဖွေမယ့် မန်ယူ


မိုးမြင့်လင်းလက်

ဒီတစ်ပတ်ကြားရက်ဖြစ်တဲ့ မတ် ၂ ရက်နဲ့ ၃ ရက်တွေမှာ ပရီမီယာလိဂ် ပွဲစဉ်(၂၈)ကို ကစားဖို့ရှိနေပါတယ်။ ဒီပွဲစဉ်မှာ အသင်းကြီးတွေဖြစ်တဲ့ မန်ယူ နဲ့ အာဆင်နယ်တို့က အိမ်ကွင်းတွေမှာ လက်ခံကစားရမှာဖြစ်ပြီး လီဗာပူးနဲ့ မန်စီးတီးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပရိသတ်ရင်ကို လှုပ်ခတ်စေဦးမှာ ဖြစ်ပါတယ်။ လက်စတာတို့က အိမ်ကွင်းမှာ ဝက်စ်ဘရွန်းကို ဧည့်ခံရမှာမို့ အမှတ်ပြည့်ယူပြီး တန်းစီဇယားကို ဆက်လက်ဦးဆောင်ဦးမှာ သေချာနေ ပြန်ပါတယ်။ 

မန်ယူနှင့် ဝက်ဖို့ဒ်
နိုင်ပွဲ ပြန်ရနေတဲ့ မန်ယူတို့လည်း ပရီမီယာလိဂ်မှာ ရလဒ်ကောင်းအောင် ပြန်လည်ရှာဖွေတော့မှာဖြစ်ပါတယ်။ မန်ယူရဲ့ နောက်ဆုံးကစားခဲ့တဲ့ လေးပွဲ ရလဒ်ကိုကြည့်ရင် နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးထားပြီးယူရိုပါလိဂ်မှာ မစ်ဂျယ်လန်အသင်း ကို ငါးဂိုးအထိ သွင်းယူခဲ့တဲ့ မန်ယူရဲ့ အားထုတ်မှုတွေက ပြန်လည်ရုန်းထနိုင် မယ့် အနေအထားပါပဲ။ မန်ယူတို့က ဒဏ်ရာရ ကစားသမားတွေ များနေပေ မယ့် လူငယ်တိုက်စစ်မှူး ရက်ဖို့ဒ်က ခြေစွမ်းပြ ဂိုးသွင်းနိုင်နေတာမို့ အိုးထရက်ဖို့ဒ်ကွင်းမှာတော့ နိုင်ပွဲရလဒ်ကို မန်ယူတို့ပဲ ဆုပ်ကိုင်အောင်ပွဲ ခံသွားမှာပါ။

လီဗာပူးနှင့် မန်စီးတီး
ဒီနှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲရလဒ်ကိုကြည့်ရင်တော့ မန်စီးတီး ကွင်းမှာ လီဗာပူးက လေးဂိုး-တစ်ဂိုးနဲ့ ပြတ်ပြတ်သားသား နိုင်ပွဲရထားပါ တယ်။ လီဗာပူးရဲ့ လက်ရှိကစားအားကိုကြည့်ရင် အတက်အကျရှိနေပေမယ့် ပုံစံကောင်းတော့ပြန်ရနေပါတယ်။ မန်စီးတီးတို့က ချယ်လ်ဆီးကို ငါးဂိုး-တစ် ဂိုးနဲ့ ရှုံးပြီး စပါးကိုလည်း နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးထားတာမို့ ဒီပွဲမှာ အဝေးကွင်း ဆိုပေမယ့် နိုင်ပွဲပြန်ရှာဖွေပါလိမ့်မယ်။ ဒါပေမယ့် အိမ်ကွင်းဖြစ်တဲ့ လီဗာပူး ကို ကျော်ဖြတ်ဖို့ဆိုတာ မန်စီးတီးတို့ လွယ်ကူမှာတော့ မဟုတ်ပါဘူး။

နော့ဝှစ်ခ်ျနှင့် ချယ်လ်ဆီး
ရလဒ်တွေ ဆိုးရွားနေတဲ့ကြားက ပြန်လည်နိုးထလာတဲ့ ချယ်လ်ဆီးက အခု တလော ရလဒ်ကောင်းတွေကို ပြန်လည်ဆောင်ကြဉ်းနေပါတယ်။ မန်စီးတီး ကို ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူခဲ့တဲ့အတွက် ချယ်လ်ဆီးတို့ စိတ်ဓာတ်အမြင့်ဆုံး ရောက်ရှိနေတာမို့ ဒီပွဲမှာလည်း နော့ဝှစ်ခ်ျကို ဂိုးပြတ်သွင်းပြီး နိုင်ပွဲရအောင် ဖော်ဆောင်ပါလိမ့်မယ်။ နော့ဝှစ်ခ်ျတို့ကတော့
လောလောဆယ် သုံးပွဲ ကစားခဲ့တဲ့ရလဒ်ကိုကြည့်ရင် နိုင်ပွဲတစ်ပွဲမှ မရခဲ့ပါဘူး။ ချယ်လ်ဆီးရဲ့ လိုအပ် နေတဲ့ အမှတ်တွေကို ဒီပွဲမှာ သုံးမှတ်အပြည့် စုဆောင်းနိုင်ပါလိမ့်မယ်။

အာဆင်နယ်နှင့် ဆွမ်ဆီး
ဆွမ်ဆီးတို့က အာဆင်နယ်ကို ကောင်းကောင်းအခက်တွေ့စေနိုင်တဲ့ အသင်းဖြစ်ပြီး အဝေးကွင်းမှာလည်း ခြေစွမ်းပြနိုင်တဲ့ စွမ်းဆောင်ရည်ရှိပါ တယ်။ ပွဲကျပ်တွေ ဆက်တိုက်ဆင်နွှဲနေရတဲ့ အာဆင်နယ်တို့ကတော့ အခုပွဲ အိမ်ကွင်းဖြစ်တဲ့အပြင် တန်းစီဇယား ထိပ်ဆုံးကို ပြန်လည်စိုးမိုးရေးအတွက် အမှတ်လိုအပ်နေတာမို့ ဒီပွဲကို အနိုင်ကစားပါလိမ့်မယ်။ အာဆင်နယ်တို့က နောက်ဆုံးသုံးပွဲ ကစားခဲ့တဲ့ရလဒ်ကိုကြည့်ရင် ရှုံးပွဲမရှိခဲ့တာမို့ အခုပွဲမှာလည်း အောင်ပွဲခံဦးမှာပါ။

လက်စတာနှင့် ဝက်စ်ဘရွန်း
ဒီနှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ရလဒ်ကိုကြည့်ရင် လက်စတာတို့က အဝေးကွင်းမှာ နိုင်ပွဲရထားပါတယ်။ အာဆင်နယ်နဲ့ လီဗာပူးအသင်းတွေကို ရှုံးခဲ့လို့ တန်းစီဇယားကို ဆက်လက်ဦးဆောင်ရေး အမှတ်လိုအပ်နေတဲ့ လက် စတာတို့ဟာ အိမ်ကွင်းလည်းဖြစ်တာမို့ တိုက်စစ်ဖွင့်ကစားပါလိမ့်မယ်။ ဝက်စ် ဘရွန်းတို့အတွက်တော့ ဒီပွဲဟာ အမှတ်ဗလာနဲ့ အိမ်ပြန်ရမယ့် ကိန်းပါပဲ။

ဝက်စ်ဟမ်းနှင့် စပါး
ခရစ္စတယ်ပဲလေ့စ်၊ ဖီအိုရင်းတီးနားနဲ့ မန်စီးတီးအသင်းတွေကို ဆက်တိုက် နိုင်ပွဲရယူထားတဲ့ စပါးအသင်းဟာ အခုပွဲ အဝေးကွင်းဆိုပေမယ့် ဝက်စ်ဟမ်း ကို အနိုင်ရအောင် ကစားပါလိမ့်မယ်။ ဒါပေမယ့် ဝက်စ်ဟမ်းရဲ့ အားသာ ချက်က အသင်းကြီးတွေနဲ့ကစားတိုင်း ရလဒ်ကောင်းကို ရအောင်ယူနိုင်တဲ့ စွမ်းဆောင်ရည်ရှိတာမို့ စပါးတို့ သတိထားရပါလိမ့်မယ်။ ဒီပွဲက လန်ဒန်ဒါဘီ ဖြစ်လို့ အိမ်ရှင်ဝက်စ်ဟမ်းရဲ့ အားထုတ်မှုဟာ အနိမ့်ဆုံးတစ်မှတ်တော့ ရပါ လိမ့်မယ်။

ဘုန်းမောက်နှင့် ဆောက်သမ်တန်
ပုံမှန်ခြေစွမ်းပြန်ရနေပြီဖြစ်တဲ့ ဆောက်သမ်တန်တို့လည်း ဒီပွဲမှာ အမှတ် ပြည့်ရယူရေး ကြိုးစားပါလိမ့်မယ်။ ခြေစွမ်းကျဆင်းနေတဲ့ ဘုန်းမောက်ကို အဝေးကွင်းဆိုပေမယ့် ဆောက်သမ်တန်တို့ ဂိုးပြတ်သွင်းပြီး အောင်ပွဲခံဖို့ ရှိ နေပါတယ်။ ဘုန်းမောက်တို့ မျှော်လင့်ချက်ထားလို့ မရတဲ့ပွဲဖြစ်ပါတယ်။ ။

No comments:

Post a Comment