Tuesday, March 29, 2016

မှော်ဘီ အောက်ဝါးနက်ချောင်းလူမှုစောင့်ရှောက်ရေးဂေဟာတွင် အဘိုးအဘွားများသေဆုံးသည့် သတင်းမှာ ကောလာဟလသာဖြစ်



The Mirror Daily's photo.


သတင်း-သီသီမင်း
ဓာတ်ပုံ-စိမ်းခက်

ရန်ကုန် မတ် ၂၈
ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာရှိ လူမှုစောင့်ရှောက်ရေးဂေဟာတွင် ကျန်းမာရေး စောင့်ရှောက်မှုအားနည်းခြင်းကြောင့် တစ်နေ့လျှင် အဘိုးအဘွားများ လေးဦး၊ ငါးဦးခန့် သေဆုံးနေပြီး အာဟာရပြည့်မီစွာစားသုံးရခြင်း မရှိကြောင်း မတ် ၂၇ ရက်က လူမှုကွန်ရက် စာမျက်နှာများတွင် ထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလသတင်းများ သာဖြစ်ကြောင်း၊ ဘိုးဘွားရိပ်သာမဟုတ်ဘဲ လူမှုစောင့်ရှောက်ရေးဂေဟာသာဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုးက ပြောသည်။

''ဒီစခန်းက လူမှုဝန်ထမ်းဌာနရဲ့ သင်တန်းကျောင်းလည်းမဟုတ်သလို ပစ်ထားတဲ့စခန်းတော့ မဟုတ်ပါဘူး။ ဘိုးဘွားရိပ်သာ လည်းမဟုတ်ပါဘူး။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးဌာနကနေ ရန်ကုန်မြို့ပေါ်မှာ တောင်းရမ်းစားသောက်နေတဲ့ အခြေအနေမဲ့တွေကို ထိန်းသိမ်းပြီး ဒီစခန်းကို ပို့တာပါ။ ကျန်းမာရေးအတွက်လည်း တိုက်နယ်ဆရာဝန်ကို တစ်ပတ်တစ်ခါလောက်လာကြည့်ပေးဖို့ ညှိနှိုင်းထားပါတယ်။ အရေးပေါ်အခြေအနေ ဆိုရင်တော့ ဆေးရုံတင်ဖို့ မှာကြားပြီးသားပါ။ ဒီဂေဟာမှာ တစ်နေ့တည်း လေးငါးဦး သေတယ်ဆိုတာမဟုတ်ပါဘူး။ ကောလာဟလ သာဖြစ်ပါတယ်။ အသက်ကြီးလို့သေတာတွေ ရှိသလို၊ ခေါ်လာကတည်းက သေမယ့်ဆဲဆဲ လူနာတွေလည်း ပါလာတာရှိပါတယ်။ သေခဲ့ရင်လည်း ကောင်းကောင်းမွန်မွန်သင်္ဂြိုဟ်တာပါ။ တချို့ပြောတာတွေက ပစ်ထားတဲ့ပုံစံမျိုး၊ လိုတာထက် ပိုနေတာတွေရှိပါတယ်'' ဟု ၎င်းက ပြောသည်။

အဆိုပါ လှုမှုစောင့်ရှောက်ရေးဂေဟာကို ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာနှစ်တွင် ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း အခြေအနေမဲ့ တောင်းရမ်းစားသောက်သူများနှင့် ခိုကိုးရာမဲ့သွားလာနေသူများအား ထိန်းသိမ်းစောင့်ရှောက် ရန်အတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ အရင်းမပျောက်မတည်ငွေ သိန်း ၁ဝဝဝ မတည် ပေးထားကြောင်း အဆိုပါဂေဟာမှ သိရသည်။

ဂေဟာ တာဝန်ခံ ဦးအောင်ငွေက ''လစဉ်ရရှိတဲ့ ဘဏ်တိုးနဲ့ တစ်ရက်ကို တစ်သောင်းနှစ်ထောင်ဖိုး ချက်ပြုတ်ကျွေးမွေးနေပါတယ်။ အလှူရှင်ရှိတဲ့ ရက်တွေမှာ ဒီငွေကို စနစ်တကျ ထိန်းသိမ်းထားပြီး အလှူရှင်မရှိတဲ့ရက် တွေမှာ ကျွေးလို့ရအောင်ဆောင်ရွက်ထားတယ်။လမ်းဘေးမှာ လူတစ်ယောက် ဖြစ်သလိုနေထိုင်ရမယ့်အစား ဒီမှာ က လုံလုံခြုံခြုံနဲ့ စားချိန်တန် စားမယ်။အိပ်ချိန်တန်အိပ်မယ်၊ မသေခင်စပ်ကြားလေးမှာ လူသားချင်းစာနာတဲ့စိတ်နဲ့ တတ်နိုင်သမျှလေးလုပ်ပေးနေတာပါ။ ဖြစ်ကတတ်ဆန်း တော့ မဟုတ်ပါဘူး။ ငတ်တလှည့် ပြတ်တလှည့်လည်းမဟုတ် ပါဘူး။ အရင်းမပျောက် မတည်ငွေအပြင် စည်ပင်ကလည်း လစဉ် နှစ်သောင်း ထောက်ပံ့ပေးထားတာရှိပါတယ်။ အထူး သဖြင့် စေတနာရှင်တွေကလည်း ပံ့ပိုးကူညီကြပါတယ်'' ဟုပြောသည်။

ရန်ကုန်မြို့ပေါ်ရှိ အခြေအနေမဲ့ နေထိုင်သူများ၊ တောင်းရမ်းစားသောက်သူများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထိန်းသိမ်းခေါ်ဆောင်ခဲ့ပြီး ဂေဟာသို့ပို့ဆောင်ကာ လူမှုဝန်ထမ်းဌာန၊စည်ပင်ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့ ပူးပေါင်းပြီးထိန်းသိမ်း စောင့်ရှောက်ပေးထားကြောင်း၊ ခေါ်ဆောင်လာသူများထဲ တွင် စိတ်ရောဂါသည်များလည်းပါကြောင်း ဂေဟာမှူး ထံမှသိရသည်။

''ဒီစခန်းကို ရောက်လာတဲ့သူတွေထဲမှာ စိတ်မနှံ့ သူတွေလည်းပါတယ်။ အဲ့လိုလူတွေထဲကမှ အလွန်အခြေ အနေဆိုးတဲ့သူတွေကို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံကို ပို့တယ်။ တချို့ ယဉ်တဲ့သူတွေကိုတော့ ဒီမှာဆက်ပြီး ကျွေးမွေးစောင့်ရှောက်ထားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြီးနိုင်ငယ်ညှဉ်းပုံစံမျိုးတော့ မဟုတ်ပါဘူး။ အဲဒီအခြေအနေထိလည်း ကျွန်တော်တို့က လက်မခံပါဘူး''ဟု ဦးအောင်ငွေကပြောသည်။

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေတဲ့ အိမ်သာများ မသန့်ရှင်းမှု၊ ယင်ကောင်များပေါများမှုနှင့် ပတ်သက် ပြီး ဦးအောင်ငွေက ''ဒီဟာက အမျိုးသမီးအဆောင်မှာ ဖြစ်တာပါ။ သန့်ရှင်းမှုမရှိတာမှန်ပါတယ်။အမျိုးသမီးဆောင်ကို ဒီနေ့ပဲ အဆောင်ပြောင်းပေးလိုက်ပါပြီ။ ယင်ကောင်တွေကလည်း ဟုတ်ပါတယ်။ ကြက်ခြံတွေကလည်း ဘေးပတ်လည်နားမှာရှိတော့ အဲ့ဒီကနေလာတယ်။နောက် သရက်ပင်က သရက်သီးမှည့်တွေကြောင့်လည်း လာတာပါ။ဆေးတွေဖျန်းထားပါတယ်။ ယင်လုံဆန်ခါတွေတပ်နေ တာပြီးသလောက်ရှိသွားပါပြီ''ဟု ပြောသည်။

အဆိုပါ လူမှုစောင့်ရှောက်ရေးဂေဟာကို စတင်တည်ဆောက်စဉ်က ရေချိုးခန်း၊ အိမ်သာပါ လူ ၅ဝ ဆံ့ ပေ ၂ဝ x ပေ ၁၂ဝ ရှိ အမျိုးသား တစ်ဆောင်၊အမျိုးသမီး တစ်ဆောင်သာရှိခဲ့ရာမှ ယခုအခါ အမျိုးသားနှစ်ဆောင်၊ အမျိုးသမီးနှစ်ဆောင်၊ ထမင်းစားဆောင် နှစ်စောင်နှင့် စားဖိုဆောင် တစ်ဆောင်တို့ တိုးချဲ့ဆောက်လုပ်ထားကြောင်း လစဉ် လူဦးရေ ၈ဝ မှ ၉ဝ ကြားရှိကြောင်း သိရသည်။

လှုမှုစောင့်ရှောက်ရေးဂေဟာတွင် သန့်ရှင်းရေး လုပ်အားပေးနေသည့် မှော်ဘီမြို့နေ ဒေသခံအဖြူရောင် လှိုင်းပရဟိတအဖွဲ့မှ ကိုသက်က '' ဒီမှာဝန်ထမ်းအင်အားက နည်းတယ်။ ပြီးတော့ ဒီမှာက လေလွင့်နေတဲ့ အခြေ အနေမဲ့တွေ ကယ်ဆယ်တဲ့စခန်းဆိုတော့ နဂို အဲ့ဒီလူတွေ ကိုယ်တိုင်က သန့်ရှင်းရေးအားနည်းတာ။ ဝန်ထမ်းတွေရဲ့ အပြစ်တော့မဟုတ်ပါဘူး။ ဌာနဆိုင်ရာက တာဝန်ယူမှု အားနည်းတယ်လို့တော့မြင်မိတယ်။ကျန်းမာရေးရှုထောင့် ကကြည့်လည်း မကောင်းဘူး''ဟုပြောသည်။
ထို့အတူ(Myanmar Helper) ပရဟိတ အဖွဲ့မှ ကိုချမ်းမြေ့က''ကိုယ်ချင်းစာစိတ်နဲ့ ပြောတာပါ။ အကြောင်း အမျိုးမျိုးကြောင့် သားသမီးစွန့်ပစ်လို့ပဲဖြစ်စေ၊ နေစရာ မရှိလို့ အခြေအနေမဲ့ဖြစ်နေတဲ့သူတွေကို နိုင်ငံတကာ မှာကြည့်ရင်လည်း စနစ်တကျ စောင့်ရှောက်တဲ့ဂေဟာ တွေရှိပါတယ်။ ဒီဂေဟာကိုပဲအားကိုးနေရတဲ့သူတို့ အတွက် သန့်ရှင်းသပ်ရပ်တဲ့၊ ကျန်းမာရေးစောင့်ရှောက် မှုကောင်းတဲ့ ဂေဟာမျိုးတော့ဖြစ်စေချင်ပါတယ်။ အဲ့ဒီလို မဟုတ်ရင် သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေး ကတော့ စိုးရိမ်နေရမှာပါပဲ'' ဟု ပြောသည်။

ခိုလှုံရာ ပရဟိတအဖွဲ့မှ မသင်းရွှေစင်လှိုင်က ''ဒီမှာ က ကျန်းမာရေးပြုစုစောင့်ရှောက်မှု လုပ်ဖို့ဝန်ထမ်း အားနည်းတယ်လို့သိရတယ်။ဒီအတွက် ကျွန်မတို့ ပရဟိတအဖွဲ့အနေနဲ့က ဝန်ထမ်းခန့်ပေးချင်တယ်။ ဘယ်ဌာနလက်အောက်ကလို့ တိတိကျကျမရှိဘူး။ မြို့နယ်အုပ် ချုပ်ရေးမှူးရုံး၊ရန်ကုန်မြို့တော်စည်ပင်နဲ့ လူမှုဝန်ထမ်း ဒီဌာန (၃)ခုပေါင်းပြီး ထိန်းသိမ်းထားတာလို့ပြောပါတယ်။ တာဝန်ယူပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးတာမျိုးလည်း မရှိဘူး။ တိုက်နယ်ဆေးရုံက ဆရာဝန်တွေက စေတနာနဲ့ လာစောင့်ရှောက်တာပဲရှိတယ်။ ဒီဂေဟာကို ဝန်ကြီးဌာန တစ်ခုခုက စနစ်တကျကိုင်တွယ်ပြီး သူ့ဘတ်ဂျက်နဲ့၊ သူ့ဝန်ထမ်းနဲ့ တာဝန်ယူပေးလိုက်ရင် အခုထက်ပိုကောင်း မယ်လို့ထင်ပါတယ်''ဟု သူမ၏ အမြင်ကိုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ဖွင့်လှစ်ထားသည့် အဆိုပါ ဂေဟာတွင် အသက် (၁ဝ) နှစ်မှ (၉ဝ) ကြား အမျိုးသား၊ အမျိုးသမီးအရွယ်စုံပါဝင်ပြီး လက်ရှိအချိန်အထိ ခိုကိုးရာမဲ့၊ အခြေအနေမဲ့ အမျိုးသား၊ အမျိုးသမီး ၈၈ ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ဂေဟာတာဝန်ခံထံမှ သိရသည်။

No comments:

Post a Comment