မြန်မာနိုင်ငံသည် မြောက်ဘက်တွင် တည်ရှိသော ဟိမဝန္တာတောင်တန်းများ၊ တောင်ဘက်တွင် တည်ရှိသော သန္တာကျောက်တန်းများ၊ အနိမ့်ပိုင်း သစ်တောများနှင့် ပေါများကျယ်ပြန့်သော မြစ်၊ ချောင်းများကြောင့် အမျိုး စုံလင်လှသော ဂေဟစနစ်များနှင့် မြောက်မြားလှစွာသော ဇီဝမျိုးစုံမျိုးကွဲများဖြင့် ကြွယ်ဝသောနိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သဘာဝနယ်မြေများ (Protected Areas) အား သတ်မှတ်ဖွဲ့စည်းတည် ထောင်လျက်ရှိသည်။ လက်ရှိတွင် နိုင်ငံဧရိယာ၏ ၅ ဒသမ ၇၅ ရာခိုင် နှုန်းရှိပြီး နိုင်ငံ၏ဂေဟစနစ်များကို ကိုယ်စားပြုသည့် သဘာဝနယ်မြေ ၃၉ခု (၁၅ဝ၁၁ ဒသမ ၆၆ စတုရန်း မိုင်၊ ၉၆ဝ၇၄၄၅ ဒသမ ၃၅ဧက)အား တည်ထောင်ပြီးဖြစ်သည်။
၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ရေတိမ်ဒေသနေ့ (World Wetland Day) တွင် အင်းတော်ကြီးကန်ဒေသအား ရမ်ဆာရေတိမ်ဒေသအဖြစ် သတ်မှတ်ခဲ့သည်။ ရေတိမ်ဒေသများကို ထိန်းသိမ်းကာကွယ်ခြင်းတွင် အရေးပါသည့် လုပ်ငန်းတစ်ခုမှာ ကမ္ဘာ့အဆင့်ထူးခြားသည့် ရေတိမ်ဒေသများကို ရမ်ဆာရေတိမ်ဒေသ (Ramsar Site) များအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရမ်ဆာရေတိမ်ဒေသ (Ramsar Site)များအဖြစ် သတ်မှတ်နိုင်သည့် ကမ္ဘာ့အဆင့် ထူးခြားသည့် ရေတိမ်ဒေသအများ အပြားတည်ရှိပြီး အင်းတော်ကြီးကန် ဒေသသည် မိုးယွန်းကြီး ရမ်ဆာရေတိမ်ဒေသပြီးလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ရမ်ဆာရေတိမ်ဒေသ ဖြစ်လာသည်။ သစ်တောဦးစီးဌာနသည် ရမ်ဆာရေတိမ်ဒေသများအဖြစ် သတ်မှတ်ခြင်းကို ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ သတ်မှတ်ခြင်းကို စီမံအုပ်ချုပ်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဒေသခံပြည်သူဖွံ့ဖြိုးရေး အထောက်အကူပြု လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အုပ်ချုပ်ရေးမှူးရုံးများကို ဖွင့်လှစ်ထားပြီး ဝန်ထမ်းများဖြင့် စီမံအုပ်ချုပ်လျက်ရှိသည့် တည်ထောင်ပြီး သဘာဝနယ်မြေများကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်သည်။
အင်းတော်ကြီးရေတိမ်ဒေသတွင် ဆောင်းခိုငှက်နှင့် ဌာနေငှက် အနည်းဆုံးကောင်ရေ (၂ဝဝဝဝ) ပုံမှန်တွေ့ရှိရသည်။ အဓိကအားဖြင့် ရေကြက်ဒုံ (ကောင်ရေ ၃ဝဝဝ အထက်)၊ မယ်ညို(ကောင်ရေ ၅ဝဝဝ အထက်)၊ Tufted and Ferruginous Ducks (ကောင်ရေ ၃ဝဝဝ ကျော်)၊ စစ္စလီငှက်(ကောင်ရေ ၂ဝဝဝ ကျော်)ခန့်ကျက်စားပြီး ခရုစုပ်ငှက်များ၊ ငန်းများ၊ ရေဘဲများ၊ ကမ်းခြေပျော် ခြေတံရှည်ငှက်များ၊ ကြိုးကြာခေါင်းနီ၊ လင်းတ၊ လင်းယုန်နှင့် စင်ရော် အစရှိသည့် ငှက်မျိုးစိတ် ၂၂ဝခန့် ကျက်စား လျက်ရှိသည်။ ငါးများနှင့် လိပ်များ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အရေးပါသော ရေချိုမျိုးစိတ်များ ကျက်စားလျက်ရှိကာ နိုင်ငံတကာတွင် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နေသော လိပ်မျိုးစိတ် ငါးမျိုးဖြစ်သည့် လေးကွက်လိပ်၊ လိပ်ဝါ၊ ခြေခြောက် ချောင်းလိပ်၊ လိပ်ရင်ကျိုးတို့ကို တွေ့ရှိရသည်။ ငါးမျိုးစိတ်များမှာ စုံလင်ကွဲပြားကာ မျိုးစိတ်အရေအတွက် (၉၃)မျိုးအထိ တွေ့ရှိမှတ်တမ်းတင်ထားပြီး မျိုးစိတ်သစ်ဟုယူဆရသော ငါးမျိုးစိတ် (၇)မျိုးကို မကြာသေးမီကမှ ဤရေတိမ်ဒေသအတွင်း ရှာဖွေတွေ့ရှိခဲ့သည်။
အင်းတော်ကြီးရေတိမ်ဒေသတွင် သဘာဝတန်ဖိုးများသာမက ယဉ်ကျေးမှုတန်ဖိုးများလည်း ထူးခြားကြွယ်ဝလှသည်။ အထူးသဖြင့် အင်းတော်ကြီးကန်အတွင်းရှိ ရွှေမဉ္ဇူရေလယ်ဘုရားမှာ ထင်ရှားသောယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ဖြစ်သည်။ ထိုသို့ထူးခြားသည့် သဘာဝနှင့်ယဉ်ကျေးမှု အမွေအနှစ်များရှိခြင်းကြောင့် အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၂ဝဝ၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းဝင်နေရာလျာထား စာရင်းတွင် ထည့်သွင်းထားသည်။
အင်းတော်ကြီး ရမ်ဆာဒေသ သတ်မှတ်ခြင်းနှင့်အတူ အင်းတော်ကြီးလူသားနှင့် ဇီဝအဝန်းနယ်မြေ သတ်မှတ်ခြင်းခံရရေး၊ အင်းတော်ကြီး ကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ရေးဆွဲရေးတို့ကို သစ်တောဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (Fauna&Flora International-FFI)၊ အာဆီယံဇီဝမျိုးစုံမျိုးကွဲ ဗဟိုဌာန (ASEAN Centre for Biodiversity-ACB) တို့နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
အင်းတော်ကြီး ရမ်ဆာရေတိမ်ဒေသ သတ်မှတ်နိုင်ခဲ့ခြင်းဖြင့် ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းရေးတို့အပေါ် နိုင်ငံတကာနည်းပညာ၊ ရန်ပုံငွေ အထောက်အပံ့တိုးတက်ရရှိခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးရေးကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ အခြားသောဒေသများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မည့် စံနမူနာ (Model) အဖြစ် အသုံးပြုနိုင်ခြင်း၊ သဘာဝအရင်းအမြစ်များအပေါ် ထိခိုက်မှုနည်းပါးပြီး ဒေသခံများ ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်း များရရှိနိုင်သည့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။
သဘာဝ နယ်မြေများသည် ရေရှည် တည်မြဲစေရေးအတွက် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှု သည် အလွန်အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ပူးပေါင်းပါဝင် ခြင်းဖြင့် အပြန်အလှန်နားလည်မှုများ တိုးပွားလာမည်ဖြစ်ပြီး ဒေသခံပြည်သူနှင့် သဘာဝပတ်ဝန်းကျင် ယှဉ်တွဲနေထိုင်ခြင်း (Human-Nature coexistence) အားရရှိမည်ဖြစ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးရေးနှင့်ထိန်းသိမ်းရေးကို အတူယှဉ်တွဲဆောင်ရွက်နိုင် မည့် ရမ်ဆာရေတိမ်ဒေသ သတ်မှတ်၍ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းသည် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှု ဖြင့် ဂေဟစနစ်စီမံအုပ်ချုပ်ခြင်းနှင့် ဇီဝမျိုးစုံ မျိုးကွဲများအား ထိန်းသိမ်းခြင်း၊ သယံဇာတများကို ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ခြင်းတို့အတွက် နည်းလမ်းတစ်ခုဖြစ်ပြီး ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေးနှင့် နိုင်ငံသားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ ။
No comments:
Post a Comment